ခန္ဓါကိုယ်ကြံ့ခိုင်သန်စွမ်းဖို့က အားကစားသမားတွေအတွက် အရေးအကြီးဆုံးပါ။ဆေးသိပ္ပံပညာတွေတိုးတက်လာမှုနဲ့အတူ အားကစားသမားတွေရဲ့ ထိခိုက်ဒဏ်ရာတွေကို ပုံမှန်ထက်မြန်မြန်ပြန်ကောင်းလာစေမယ့် ကုထုံးတွေရှိလာခဲ့ပါပြီ။ ဒီကုထုံးကတော့ Platelet-rich plasma (PRP) လို့ခေါ်တဲ့ ကုထုံးပါ။ ဒီကုထုံးက ကစားသမားတွေမှာဖြစ်တတ်တဲ့ နာတာရှည် အရွတ်စုတ်ပြဲတာ နဲ့ ကြွက်သားထိခိုက်မှုဒဏ်ရာတွေကို ကုသရာမှာထိရောက်မှုရှိသလို ကစားသမားတွေကို အချိန်တိုအတွင်းမှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာစေပါတယ်။
PRP ဆိုတာကသွေးရည်ကြည်တစ်မျိုးဖြစ်ပြီး ပုံမှန်သွေးထက်သွေးကလာပ်စည်းပါဝင်မှုက ၅ ဆ ကနေ ၁၀ ဆလောက်အထိပိုများပါတယ်။ အဆိုပါသွေးကလာပ်စည်းတွေထဲမှာ အနာကျက်တဲ့ဖြစ်စဉ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်နေတဲ့growth factors လို့ခေါ်တဲ့ ပရိုတင်းတွေ ရာနဲ့ချီပါဝင်နေပါတယ်။ PRP ကုထုံးမှာ growth factors ပမာဏပါဝင်မှု သိသိသာသာများနေတာက အနာကျက်စေတဲ့နှုန်းကို ပုံမှန်ထက်ပိုမြန်စေနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
PRP ကုထုံးမှာ လူနာဆီကနေ သွေးကိုအရင်ဆုံးထုတ်ယူရပါတယ်။ အဲ့ဒီနောက်မှာတော့ အဆိုပါသွေးထဲကသွေးကလာပ်စည်းကို အခြားသွေးဆဲလ်တွေထဲကနေ ခွဲထုတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ centrifugation လို့ခေါ်တဲ့ လုပ်ငန်းစဉ်တစ်ရပ်နဲ့လုပ်ဆောင်လိုက်တဲ့အခါသွေးကလာပ်စည်းတွေပွားလာပါတယ်။ အဲ့နောက်မှာတော့ ပွားလာတဲ့သွေးကလာပ်စည်းတွေကို ကျန်နေတဲ့သွေးတွေနဲ့ရော လိုက်ရပါတယ်၊ လို့ စင်ကာပူမှာရှိတဲ့Mount Elizabethဆေးရုံက အရိုးခွဲစိတ်ကုဆရာဝန်ဒေါက်တာKevin Lee ကပြောပြပါတယ်။
PRP ကုထုံးကို အသုံးပြုပြီး ကုသတဲ့နေရာမှာ အနာကျက်မြန်အောင်လုပ်ဆောင်လို့ရတဲ့ နည်းလမ်း နှစ်ခုရှိနေပါတယ်။ ပထမနည်းလမ်းက ထိခိုက်ဒဏ်ရာရတဲ့နေရာကိုသေချာသိရှိနိုင်အောင်ultrasound စက်ကိုအသုံးပြုရပါမယ်။ ထိခိုက်မိတဲ့နေရာကိုသေချာသိပြီဆိုမှ PRP ကုထုံးမှာ အသုံးပြုတဲ့သွေးကို ထိခိုက်မိတဲ့နေရာကို တိုက်ရိုက်ထိုးထည့်တာမျိုးလုပ်ဆောင်တာပါ။ ဒုတိယနည်းကတော့ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာ အနာကျက်မြန်စေဖို့အတွက်ခွဲစိတ်ကုသမှုခံယူစဉ်အတွင်း ထိခိုက်မိတဲ့နေရာကို PRP ကုထုံးသုံးပြီး ကုသပေးတာပဲဖြစ်ပါတယ်၊ လို့ဒေါက်တာ Lee ကပြောပြပါတယ်။
အသက် ၃၉ နှစ်အရွယ် MMA fighter တစ်ဦးဟာ PRP ကုထုံးကြောင့်ပြိုင်ပွဲမဝင်ခင်မှာ ထိခိုက်ဒဏ်ရာကနေ အချိန်မီ သက်သာလာခဲ့ပါတယ်။ သူဟာ စင်ကာပူစစ်တပ် (SAF) ရဲ့ လက်နက်မဲ့တိုက်ခိုက်ရေးနည်းပြတစ်ဦးဖြစ်သလိုBrazilian Jiu-Jitsu (BJJ) ရမှာ ခါးပတ်အပြာရထားသူတစ်ဦးလည်းဖြစ်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ လက်ရွေးစင် MMA အားကစားသမားဖြစ်ပြီး ၂၀၀၃ ခုနှစ် မတ်လက ဂျာကာတာမှာ စင်ကာပူနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဘန်ကောက်မှာကျင်းပမယ့်ပြိုင်ပွဲမတိုင်ခင် ၂၀၁၂ ခုနှစ် မတ်လမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပါတယ်။ ဒီထိခိုက်ဒဏ်ရာရပြီးတဲ့နောက်မှာ ထိခိုက်ဒဏ်ရာကြောင့် အနည်းဆုံး ၆ လလောက်အနားယူရမှာကို စိုးရိမ်နေခဲ့ပါတယ်။ ဒီထိခိုက်ဒဏ်ရာကြောင့် သ့ူရဲ့အားကစားသမားဘဝကိုပါထိခိုက်မှာကို စိုးရိမ်နေခဲ့ပါတယ်။
သူငယ်ချင်းတစ်ယောက်ရဲ့ တိုက်တွန်းချက်နဲ့ အဆိုပါ အားကစားသမားက PRP ကုထုံးကိုခံယူခဲ့ပါတယ်။ အရင်ဆုံးultrasound scan ရိုက်ပြီး ထိခိုက်မိခဲ့တဲ့ တံကောက်ကြောနေရာကို PRP ကုထုံးသုံးသွေးကိုတိုက်ရိုက်ထိုးသွင်းခဲ့ပါတယ်။ ကုသမှုခံယူပြီးတဲ့နောက်မှာ ဒဏ်ရာကမြန်မြန်ပြန်ကောင်းလာခဲ့သလို ကုသမှုခံယူပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေကို စတင်လုပ်နိုင်လာခဲ့ပါတယ်။ ၃ လအတွင်းမှာတော့ ဒဏ်ရာက အပြည့်အဝပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ ဒဏ်ရာကနေပြန်လည်ကျန်းမာလာစေဖို့ ပုံမှန်ထက် အချိန်ထက်ဝက်လောက်သက်သာခဲ့ပါတယ်။
ကံကောင်းထောက်မစွာနဲ့ ၆ လလောက်ကြာတဲ့အခါmajor ONE FCပြိုင်ပွဲမှာ စင်ကာပူနိုင်ငံ ကိုယ်စားပြုအနေနဲ့ ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ PRP ကုထုံးကျေးဇူးကြောင့် ကစားသမားဘဝအိပ်မက်ကို တစ်ကြိမ်ပြန်မက်ခွင့်ရခဲ့ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Fighting to stay in the sports game
https://www.globalhealthandtravel.com/en/article/116/how-to-quickly-recover-from-sport-injury
ယခုပုံစံ
12/05/2020
Aye Thi Mon မှ ရေးသားသည်။
Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။