အသားပုပ်ခြင်းအကြောင်းကိုသေချာမသိရင် ကြောက်စရာကောင်းပါတယ်။ အသားပုပ်ခြင်းဟာကိုယ်ခန္ဓါ ဘယ်အစိတ်အပိုင်းကိုမဆိုထိခိုက်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အဲ့ဒီရောဂါအကြောင်းသိထားရင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ အကြောင်းရင်းများ၊ လက္ခဏာများ၊ ဖြစ်နိုင်ခြေကုသပုံများကိုလေ့လာကြည့်ပါစို့။
ဘယ်အရာတွေကအသားပုပ်ခြင်းဖြစ်သလဲ
သွေးဟာကိုယ်ခန္ဓါရဲ့ဆဲလ်တွေကလိုအပ်တဲ့ အောက်ဆီဂျင်၊ အာဟာရဓါတ်နဲ့ ကိုယ်ခံပစ္စည်းတွေကိုသယ်ပေးပါတယ်။ အဲဒီအခါ ဆဲလ်တွေဟာပုံမှန်ကြီးထွားနိုင်ပြီး ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးစီးဆင်းမှုမှာ ပြသနာရှိရင်တော့ ဆဲလ်တွေဟာမရှင်သန်နိုင်တော့ပါဘူး။
ရောဂါပိုးဝင်ခြင်းကြောင့် အသားစတွေပျက်စီးပြီးအသားပုပ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။
အသားပုပ်ခြင်းကို ဖြစ်နိုင်ခြေရှိတဲ့အရာတွေကဘာတွေလဲ
အောက်ပါအချက်တွေရှိရင် ဖြစ်လာနိုင်ပါတယ်။
• ဆီးချိုရှိတဲ့အခါ သကြားဓါတ်ကိုဖြိုခွဲမယ့် အင်ဆူလင်ကိုမထုတ်နိုင်တာ၊ လုံလောက်စွာမသုံးနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဆီးချိုကို ထိရောက်စွာမကုရင် သွေးတွင်းသကြားဓါတ်ဟာ မြင့်တက်လာပြီးသွေးကြောတွေကို ပျက်စီးစေတဲ့အခါ အဲဒီသွေးကြောတွေနဲ့ ထောက်ပံ့ပေးထားတဲ့ သက်ဆိုင်ရာ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေကို အကျိုးသက်ရောက်စေပါတယ်။
• သွေးကြောပြသနာများဖြစ်တဲ့ သွေးကြောမာကျစ်၍ ကျဉ်းမြောင်းလာခြင်း၊ အရေပြားကိုသွားတဲ့ သွေးကြောကျဉ်းခြင်း၊ သွေးခဲခြင်းစတဲ့ပြသနာတွေဖြစ်ရင် သွေးစီးဆင်းမှုကို ပိတ်ဆို့စေပါတယ်။
• ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်ကုသမှု ခံယူခြင်းစတာတွေကလည်း အသားပုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ တခါတရံမှာသွေးစီးဆင်းမှုကို ထိခိုက်ပြတ်တောက်စေလို့ ဖြစ်ပါတယ်။
• အဝလွန်ခြင်း၊ ကိုယ်အလေးချိန်များခြင်း ဖြစ်တဲ့အခါ ဆီးချိုနဲ့ သွေးကြောရောဂါတွေကို ဖြစ်လာနိုင်စေပါတယ်။ ကိုယ်အလေးချိန်များလွန်းရင် သွေးလွှတ်ကြောတွေကိုဖိမိနိုင်ပြီး သွေးစီးဆင်းမှုကို ပြတ်တောက်စေနိုင်ပါတယ်။
• ကိုယ်ခံအားနည်းတဲ့အချိန်တွေဖြစ်တဲ့ HIV ပိုးကူးစက်ခံရချိန်၊ ကင်ဆာဆေးသွင်းကုသချိန်၊ ဓါတ်ရောင်ခြည်ကုသမှု ခံယူနေချိန်တွေမှာ ရောဂါပိုးဝင်ခြင်းကိုမတွန်းလှန်နိုင်ပါဘူး။
• ဆေးလိပ်သောက်ခြင်းဟာလည်းအသားပုပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
အသားပုပ်ခြင်းရဲ့ လက္ခဏာတွေကဘာတွေလဲ
အောက်ပါအတိုင်း ဖြစ်ပါတယ်။
• အရေပြားအရောင်ဟာပြောင်းလာပြီးအနီ၊ အပြာ၊ ခရမ်းနဲ့ အမည်းရောင်အဖြစ် ပြောင်းသွားပါတယ်။
• ကောင်းတဲ့ အရေပြားနဲ့ အသားပုပ်တဲ့ အရေပြား ကြားနေရာမှာ ခြားနေတဲ့လိုင်းကိုကောင်းကောင်းမြင်နိုင်ပါတယ်။
• ဖြစ်လာတဲ့နေရာမှာနာကျင်ခြင်း၊ ထုံခြင်းတေါ ဖြစ်လာပါတယ်။
• အနာကနေအရည်တချို့ထွက်လာပြီးမကောင်းတဲ့အနံ့ပါ ရတတ်ပါတယ်။
အရေပြားအောက်မှာရှိတဲ့ အသားပုပ်ခြင်းမှာတော့ အောက်ပါ လက္ခဏာတွေ တွေ့နိုင်ပါတယ်။
• အသားပုပ်တဲ့နေရာမှာရောင်ပြီးနာနေခြင်း
• အဖျားတက်ခြင်း
ပုပ်နေတဲ့ အသားစတချို့ ကိုယ်ခန္ဓါထဲ ပြန့်သွားချိန်မှာသွေးဆိပ်တက်ပြီးသွေးလန့်တတ်ပါတယ်။ အဲဒီအခါ အောက်ပါအခြေအနေတွေ တွေ့နိုင်ပါတယ်။
• သွေးပေါင်ကျခြင်း
• ကိုယ်ပူချိန်တက်ခြင်း (သို့) ကျခြင်း
• နှလုံးခုန်နှုန်းမြန်ခြင်း
• အသက်ရှူမြန်လာခြင်း
• သတိလစ်တတ်ခြင်း
အသားပုပ်ခြင်းကိုဘယ်လိုကုမလဲ
ပျက်စီးသွားတဲ့ အသားတွေ ပြန်မကောင်းတော့ပေမယ့်ကုသခြင်းဖြင့် ကောင်းသေးတဲ့အသားတွေကို ကာကွယ်နိုင်ပါတယ်။ ကုသတဲ့အပိုင်းမှာ ပုပ်သွားတဲ့အသားတွေ ဖယ်ထုတ်ခြင်း၊ အကြောင်းရင်းကိုကုသခြင်း၊ ရောဂါပိုးဝင်ခြင်းကို ကာကွယ်ခြင်းစတာတွေ ပါဝင်ပါတယ်။
• ခွဲစိတ်ကုသခြင်း။ ခွဲစိတ်တဲ့အခါမှာမကောင်းတော့တဲ့ အသားတွေကိုဖယ်ထုတ်ပြီးပျက်စီးသွားတဲ့ သွေးကြောတွေကို ပြုပြင်ပါတယ်။ ပျက်စီးသွားတဲ့ အရေပြားတွေအတွက် ပြန်လည်ပြုပြင်တဲ့ ခွဲစိတ်မှု လိုအပ်ပါတယ်။ ဖြစ်ရပ်အများစုမှတော့ ခွဲစိတ်ဆရာဝန်များဟာ မကောင်းတော့တဲ့ နေရာတွေကိုဖယ်ထုတ်ပါတယ်။
• ပဋိဇီဝဆေးများကို သွေးကြောမှတဆင့်ပေးပြီး ဘက်တီးရီးယားများကိုသေစေကာ ရောဂါပိုးဝင်ခြင်းကိုကုသပါတယ်။
• အားမြှင့်အောက်ဆီဂျင် ပေးခြင်း။ ဒီကုသမှုမှာသွေးကြောတွေထဲကိုအောက်ဆီဂျင်ရောက်စေမယ့် နည်းလမ်းကိုအသုံးပြုပါတယ်။ အေက်ဆီဂျင်များတဲ့သွေးဟာကိုယ်ခန္ဓါကနေဘက်တီးရီးယားပိုးတွေကိုတိုက်ထုတ်ရာမှာအကူအညီပေးပါတယ်။
ခန္ဓါကိုယ်ကိုဂရုစိုက်ပြီးအာဟာရဓါတ်များများနဲ့ အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ဆရာဝန်ကနေ အနာသက်သာတဲ့ဆေးတွေ ပေးနိုင်ပါတယ်။
အသားပုပ်ခြင်းဟာ သွေးရောက်ရှိမှုနည်းခြင်း၊ ရောဂါပိုးဝင်ခြင်းတို့ကြောင့် အသားများပျက်စီးတဲ့အခါ ဖြစ်ပေါ်ပါတယ်။ ကြောက်စရာကောင်းပေမယ့် ကြိုတင်ကာကွယ်လို့တော့ ရပါတယ်။ အသားပုပ်တယ်လို့ ထင်မိရင် ဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]