backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဗီတာမင် လွန်ကဲခြင်း ရဲ့ အန္တရာယ် သတိထားဖွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဗီတာမင် လွန်ကဲခြင်း ရဲ့ အန္တရာယ် သတိထားဖွယ်

ဗီတာမင် နဲ့သတ္တုဓာတ်တွေ ဆိုတာ ကျန်းမာရေးအတွက် မရှိမဖြစ် အရေးပါတဲ့ ဓာတ်တွေလို့ သိထားကြပြီးသားပါ။ အားဆေးတွေ အပြင် ဖြည့်စွက်စာတွေဆိုလည်း ဗီတာမင် တွေပါတယ်၊ ဘာအတွက်ကောင်းတယ်ဆို သောက်လိုက်ကြတာပဲ။ ဘက်စုံကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီး သိပ်အားကိုးကြတယ် မဟုတ်လား။

ဒါပေမယ့် တန်ရင်ဆေး၊ လွန်ရင်ဘေး ဆိုတဲ့ စကားပုံအတိုင်းပဲ။ လိုအပ်တဲ့ ပမာဏလောက်ဆို အကျိုးကျေးဇူးများလှပေမယ့် လွန်ကဲသွားရင် အန္တရာယ်များတဲ့ အဆိပ်အတောက်တွေ ဖြစ်သွားနိုင်တာလည်း ဒီဗီတာမင်တွေပဲ ဆိုတာ မမေ့ပါနဲ့။

ဘယ်လို ဘေးဖြစ်နိုင်တာလဲ ၊ ဘာ အန္တရာယ်တွေ ရှိနိုင်လဲ

အားဆေးတွေ သောက်တယ်( ဆရာဝန်ညွှန်တာရော၊ ဘေးအိမ်ကလူတွေ သောက်ကြတဲ့ ဒါမှမဟုတ် ကောင်းတယ်ညွှန်းကြတဲ့ အားဆေးတွေရော အစုံသောက်တယ်)။ တီဗီက ကြော်ငြာတဲ့ ဗီတာမင်အပြည့်နဲ့ ဖြည့်စွက်စာတွေ သောက်တယ်။

အဲဒီမှာတင် ခန္ဓာကိုယ်က အမှန်တကယ်လိုအပ်တဲ့ ပမာဏထက် လွန်ကဲတဲ့ အာဟာရဓာတ်တွေ တပွေ့တပိုက်နဲ့ အဆိပ်သင့်ရပါတော့တယ်။ တစ်ခါတလေ ကိုယ့်မှာဖြစ်နေတဲ့ ရောဂါဝေဒနာတွေက ဒီလိုလွန်ကဲမှုတွေကြောင့် ဖြစ်နိုင်တယ်ဆိုတာ တွေးရောတွေးမိကြပါ့မလား…

အားဆေးတွေ၊ ဖြည့်စွက်စာတွေ အသုံးများတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေရယ်၊ သူတို့ကို သောက်သုံးမှု လွန်ကဲရင် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး…

ဗီတာမင် အေ

မျက်စိကျန်းမာရေး ၊ ဆဲလ်များ ဖွံ့ဖြိုးမှုနဲ့ ကိုယ်ခံအားစနစ် လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့ ဗီတာမင်အေ ကို သောက်သုံးမှု လွန်ကဲသွားရင် ခေါင်းမူးတာ၊ မအီမသာဖြစ်တာ၊ အနီစက်ထွက်တာ၊  ခေါင်းကိုက်တာ၊ အရိုးအဆစ်တွေနာကျင်တာဖြစ်နိုင်တယ်။

လွန်ကဲမှု ကြာရှည်လာရင် အသည်းပျက်စီးတာ၊ ကိုမာ ဖြစ်တာ အပြင် အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဗီတာမင်ဘီ အုပ်စု

ဗီတာမင်B3 (niacin) လွန်ကဲရင် သွေးတိုးခြင်း၊ ဗိုက်အောင့်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အသည်းပျက်စီးခြင်း တို့ဖြစ်လာနိုင်တယ်။

ဗီတာမင်B6 လွန်ကဲတာ ကြာလာရင် ပြင်းထန်တဲ့ အာရုံကြောပြဿနာတွေ၊ အရေပြားအနာတွေဖြစ်တာ၊ အလင်းရောင်မခံနိုင်တာ၊ ရင်ပူတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တယ်။

ဖောလိတ် လို့သိကြတဲ့ ဗီတာမင်B9 သို့မဟုတ် ဖောလစ်အက်စစ် ကတော့ ပမာဏလွန်ကဲရင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်၊ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်တယ် ၊ ပြင်းထန်တဲ့ ဗီတာမင်B12 ချို့တဲ့မှုကို ဖြစ်စေနိုင်တယ်။

ဗီတာမင် ဒီ

ခုနောက်ပိုင်း ရောဂါကာကွယ်ရေးအတွက် ဗီတာမင်ဒီ ကို လူစိတ်ဝင်စားလာကြပြီး သီးသန့်သောက်သုံးသူ များလာပါတယ်။ ဒါပေမယ့် တခြားအားဆေးထဲမှာလည်း သူပါလာတဲ့အခါ ဗီတာမင် ဒီ အဆိပ်သင့်ခြင်း အန္တရာယ် စိုးရိမ်စရာ ဖြစ်လာပါတယ်။

ဗီတာမင် ဒီ အဆိပ်သင့်တဲ့အခါ ဖြစ်လာတဲ့ လက္ခဏာတွေထဲမှာ ကိုယ်အလေးချိန်ကျဆင်းခြင်း ၊ အစာစားချင်စိတ်နည်းခြင်း ၊ နှလုံးခုန်မမှန်ခြင်း တို့ပါဝင်တဲ့အပြင် သွေးတွင်းကယ်လ်စီယမ် ပမာဏကိုပါ မြင့်တက်စေတာမို့ ကိုယ်တွင်းကလီစာ ပျက်စီးမှုတွေအထိ ဖြစ်စေနိုင်ပါတယ်။

ဗီတာမင် အီး

ဗီတာမင်အီး ရဲ့ အကျိုးကျေးဇူးက များတာမို့ အလှအပအတွက်တောင် မိန်းကလေးတွေ ပိုပြီး သောက်သုံးလေ့ရှိပါတယ်။ ဒါပေမယ့် သူဟာလည်း လွန်ကဲရင် သွေးခဲပိတ်ဆို့မှု၊ သွေးယိုစိမ့်ခြင်း နဲ့ ဦးနှောက်သွေးကြောပေါက် လေဖြတ်ခြင်းတို့ အထိ ဖြစ်လာနိုင်ပါတယ်။

ဗီတာမင်စီ

ကျန်းမာရေးအတွက် သိပ်အရေးပါပြီး တော်ရုံတန်ရုံ အဆိပ်အတောက် မဖြစ်တတ်တဲ့ ဗီတာမင်စီ တောင်မှ ဆေးသောက်ရာက လွန်ကဲသွားတဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ဝမ်းပျက်တာ၊ ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာ ၊ ပျို့အန်တာ တွေ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေနည်းတဲ့ ဘေးထွက်ဆိုးကျိုးထဲမှာ အိပ်မပျော်ခြင်း နဲ့ ကျောက်ကပ်ကျောက်တည်ခြင်း တို့လည်း ပါဝင်ပါတယ်။

ဆယ်လီနီယမ်

ဆယ်လီနီယမ် လွန်ကဲတဲ့အခါ ဆံပင်ကျွတ်ခြင်း ၊ အစာအိမ် နဲ့ အူလမ်းကြောင်း ပြဿနာတွေ ၊ မောပန်းနွမ်းနယ်ခြင်း ၊ အပျော့စား အာရုံကြော ထိခိုက်မှု တို့ ဖြစ်လာနိုင်တယ်။

ကယ်လ်စီယမ်

ကယ်လ်စီယမ်ဓာတ် လွန်ကဲရင် ဝမ်းချုပ်စေနိုင်တယ်။ ပိုပြင်းထန်တဲ့ ဖြစ်နိုင်ခြေအန္တရာယ်က ဆီးကျောက်တည်နိုင်ပါတယ်။

သံဓာတ်

သံဓာတ် လွန်ကဲပြီး အဆိပ်သင့်တဲ့ အခါ ပထမ ၆နာရီအတွင်း ပျို့အန်တာ၊ ဝမ်းပျက်တာ၊ ဗိုက်အောင့်တာ၊ တက်တာ ၊ ကိုမာဖြစ်တာ အထိ ဖြစ်လာနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ လွန်ကဲတဲ့ ပမာဏကို မူတည်ပြီး ရုတ်တရက် သတိလစ်တာ၊ သွေးတွင်းသကြားဓာတ်ကျတာ၊ အသည်းထိတာ၊ အသက်ဆုံးရှုံးတာအထိ ဖြစ်နိုင်ပါတယ်။

ပိုတက်စီယမ်

ဦးနှောက် ၊ နှလုံး နဲ့ ကြွက်သား တို့ အပါအဝင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများစွာအတွက် လိုအပ်တဲ့ ပိုတက်စီယမ်ဓာတ်ကို လွန်ကဲတဲ့အခါ နှလုံးခုန်မမှန်ခြင်းကနေ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒါတွေအပြင် တခြား ဓာတ်တွေနဲ့ပတ်သက်တဲ့ ဖြစ်နိုင်ခြေတွေလည်း ရှိနိုင်ပါသေးတယ်။ ဒါ့ကြောင့် အားဆေးသောက်ရင် တစ်မျိုးထက် ပိုသောက်ဖို့ကြံတိုင်း ပါဝင်မှုပမာဏတွေကို သတိထားပါ။

Label ကိုဖတ်ပါ ၊ ဒါမှမဟုတ်ရင် ဆရာဝန်ညွှန်တာပဲ သောက်ပါ။ ဆရာဝန်ညွှန်ကြားချက် သို့မဟုတ် ဆေးဘူးမှာပါတဲ့ အညွှန်းအတိုင်းပဲ သောက်ပါလို့ သတိပေးချင်ပါတယ်။

HelloHealth Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement