backup og meta

ကျန်းမာရေးနဲ့ မညီတဲ့ အလေ့အထတွေကို ဒီလိုပြင်ဆင်ကြမယ်


Aye Thi Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးနဲ့ မညီတဲ့ အလေ့အထတွေကို ဒီလိုပြင်ဆင်ကြမယ်

    ငါတော်တော်လေးဝလာတယ်။ ထိုင်ရင် ထရင်လည်းလေးလာတယ်၊ တစ်ခုခုလုပ်ဖို့ဆိုလည်း ပျင်းတာနဲ့ မလုပ်ဖြစ်တာကများတယ်။ ဒါတွေကိုပြင်မှဖြစ်မယ်။ မဆာဘဲ စားမိနေတာကိုရောပေါ့။ အမြဲလိုလိုပြောဖြစ်နေပေမယ့် မလုပ်ဖြစ်သေးဘူးဟုတ်။

    တစ်ယောက်တည်းလို့မထင်ပါနဲ့နော်။ အခုဒီစာကိုရေးနေတဲ့ကိုယ်တိုင်လည်း အရင်က ဒီလိုပါပဲ။ အကျင့်ဆိုးတွေကပြင်ရခက်တယ်လေ။ အစွဲဆိုတာ ချွတ်ရခက်သလိုပေါ့။ ဒါပေမယ့်နေ့စဉ်ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ မဖြစ်မနေပြင်ဆင်ရမယ့် အလေ့အထတွေရှိနေပါတယ်။ ကဲ ဘယ်လိုပြင်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။

    ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့နေ့စဉ်အလေ့အထတွေကို ဒီလိုပြင်ပါ

    ကျန်းမာရေးနဲ့မညီညွတ်တဲ့ အလေ့အထတွေကို အခုပြောပြမယ့်အချက်လေးတွေအတိုင်း တစ်ဆင့်ချင်းပြုပြင်ပေးပါ။

    ကိုယ်ပြင်ချင်တဲ့အကျင့်တွေက ဘာတွေလဲဆိုတာကို သိအောင်အရင်လုပ်ပါ

    ဒါကတော့ ကိုယ့်ဆီမှာ ကိုယ်တိုင်တောင်မသိလိုက်ဘဲ ရှိနေတဲ့ အလေ့အကျင့်တွေရှိနေနိုင်တာကြောင့် အရင်ဆုံး ကိုယ့်ကိုကိုယ် သတိထားကြည့်ပါ။ ကိုယ်ပြင်ချင်တဲ့အကျင့်က ဘာလဲဆိုတာကို သိမှပြင်လို့ရမှာဖြစ်တာကြောင့် အရင်ဆုံးကိုယ်ပြင်ချင်တဲ့ အကျင့်တွေကို သိအောင်လုပ်ပါနော်။

    အကျင့်ဆိုးတွေထဲကနေ ရုန်းထွက်ပါ

    အကျင့်ဆိုးတွေက ဖျောက်ရခက်ပေမယ့် ရအောင်ဖျောက်ယူလို့ရပါတယ်။ ဥပမာ ပြောပြရရင် ကိုယ်ရဲ့ အကျင့်ဆိုးက ဗိုက်မဆာဘဲ စားမိနေတယ်ဆိုရင်ငြင်းတတ်တဲ့အကျင့်လုပ်ယူပါ။ အားနာပြီး မစားမိပါစေနဲ့။ ထမင်းစားပြီးတဲ့အခါ ရေခဲသေတ္တာရှေ့သွားရပ်တာမျိုး၊ မုန့်ထည့်ထားတဲ့ ဗီဒိုကိုဖွင့်ကြည့်တာမျိုးတွေကို တတ်နိုင်သမျှရှောင်ပါ။ အစမှာ ခက်ခဲပေမယ့်နေ့စဉ်လုပ်ယူသွားရင် အဆင်ပြေသွားမှာပါ။

    အစားထိုးကြည့်ပါ

     ကျန်းမာရေးနဲ့မညီညွတ်တဲ့ အလေ့အထတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေနဲ့ အစားထိုးကြည့်ပါ။ ဆီကြော်တွေ စားမယ့်အစား အသီးအရွက်သုပ်တွေစားတာမျိုး၊ ကြက်ဥပြုတ်စားတာမျိုးပေါ့။ ညနက်ခံပြီး အွန်လိုင်းသုံးမယ့် အစား ညအိပ်ရာမဝင်ခင် အကျိုးရှိမယ့် စာအုပ်တစ်အုပ်အုပ်ကို ဖတ်တာမျိုးလုပ်ပေးပါ။ အလေ့အကျင့်က လူကပျိုးထောင်လုပ်ယူတယ်ဆိုတာ သတိရပါ။

    ကိုယ့်ကိုကိုယ် ကတိပေးပါ

    အချိန်အတိုင်းအတာ ဘယ်လောက်အတွင်းမှာ ဒီကိစ္စကိုအောင်မြင်အောင်လုပ်မယ်ဆိုတာမျိုးပေါ့။ ဒီနေရာမှာ အရေးကြီးတာ ကိုယ့်ကိုကိုယ် မလိမ်မိဖို့ပါ။ ၃ လအတွင်း ညနက်ခံပြီး အွန်လိုင်းသုံးတတ်တဲ့ အကျင့်ကိုဖျောက်မယ်ဆိုပါတော့။ ချက်ချင်းတော့ မဖြစ်နိုင်ပေမယ့် တစ်နေ့ကို မိနစ်ပိုင်းစီလောက်လျှော့သွားရင် အချိန်ကြာလာတာနဲ့အမျှ အဆင်ပြေသွားမှာပါ။ ကိုယ့်အတွက်ကိုယ်လုပ်ရတာလို့တွေးပြီး ကတိတည်အောင်ကြိုးစားကြည့်ပါ။

    ကိုယ့်ကိုကိုယ် ဆုချပါ

    အများကြီးမဟုတ်ရင်တောင်မှ ကိုယ်ချမှတ်ထားတဲ့ စည်းကမ်းတစ်ခုကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်တိုင်းမှာ ကိုယ့်အကြိုက်ဆုံး မုန့်ဝယ်စားတာဖြစ်ဖြစ်၊ ပစ္စည်းလေးတစ်ခုခုဝယ်တာဖြစ်ဖြစ်လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက လုပ်ချင်စိတ်တိုးလာစေဖို့ အထောက်အကူပြုနိုင်မှာပါ။

    အပြုသဘောဆောင်တဲ့ အတွေးတွေးပေးပါ

    ငါမဖြစ်နိုင်ပါဘူး၊လို့ မတွေးပါနဲ့။ အပြုသဘောဆောင်တာတွေများများတွေးပေးပါ။ စိတ်ခွန်အားရစေနိုင်ပါတယ်။ ဒါကြောင့် မလုပ်နိုင်ဘူးဆိုတာကို မတွေးဘဲ။ ငါလုပ်နိုင်တယ်။ဖြစ်နိုင်တယ်၊လို့တွေးပါ။ အတွေးကောင်းရင် အပြုအမူကောင်းပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမွေးမြူပါ။

    အချိန်ယူရမယ်ဆိုတာ သတိထားပေးပါ

    အခုရေတွင်းတူး၊ ခုရေကြည်သောက်ချင်လို့မရပါဘူး။ ဒီလိုပါပဲ။ အရိုးစွဲလာတဲ့ အကျင့်ကိုချက်ချင်းဖျောက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီတော့ အကျင့်ဆိုးတွေကိုဖျောက်ချင်ပေမယ့် ချက်ချင်းဖျောက်ဖို့ မဖြစ်နိုင်ဘူး။ အချိန်ယူရမယ်ဆိုတာကို သိထားဖို့လိုပါမယ်။

    ကဲ အခုကစပြီး ဒီနည်းလမ်းလေးတွေ သုံးလို့ အကျင့်ဆိုးတွေကိုပြင်လိုက်ပါနော်……..

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement