backup og meta

ကမ္ဘာကြီးချာချာလည်စေတဲ့ ဝေဒနာ

ကမ္ဘာကြီးချာချာလည်စေတဲ့ ဝေဒနာ
ကိုယ့်မျက်စိရှေ့ကမြင်နေရသမျှအရာအားလုံး ချာချာလည်နေသလိုမျိုးခေါင်းမူးဖူးလား။Vertigo လို့ခေါ်တဲ့ ချာချာလည်မူးခြင်းဝေဒနာက နားအတွင်းပိုင်း၊ ဦးနှောက် ဒါမှမဟုတ် အာရုံကြောစနစ်မှာပြဿနာတစ်ခုခုရှိတဲ့အခါဖြစ်လာတတ်တဲ့ဝေဒနာပါ။

အသက်အရွယ်မရွေးမှာဒီခေါင်းမူးဝေဒနာခံစားရနိုင်ပေမယ့် အသက် ၆၅ နှစ်နဲ့အထက်အရွယ်တွေမှာ အဖြစ်များပါတယ်။ သူက ခဏတာလည်းဖြစ်နိုင်တယ်၊ နာတာရှည်လည်းဖြစ်နိုင်တယ်။ ကာလတာရှည်vertigoဖြစ်နေရင်တော့ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ဆက်နွှယ်နေနိုင်ပါတယ်။ ဒီခေါင်းမူးဝေဒနာကနေ့စဉ်ဘဝမှာ လုပ်ဆောင်နိုင်စွမ်းတွေထိခိုက်စေနိုင်ပြီး စိတ်ကျခြင်းနဲ့ ပူပန်ခြင်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။

သူ့ရဲ့ လက္ခဏာတွေက

Vertigo ခံစားရတဲ့သူဟာခေါင်းထဲမှာ ဒါမှမဟုတ် ပတ်ဝန်းကျင်တစ်ခုလုံးရွေ့လျားနေသလို၊ လည်နေသလို ခံစားရတာဖြစ်ပါတယ်။ ဒါက တခြားရောဂါတွေရဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပေမယ့် သူနဲ့ဆက်စပ်နေတဲ့လက္ခဏာတွေက ဒီလိုတွေပါတဲ့။

  • ခန္ဓါကိုယ်ဟန်ချက်ပျက်ခြင်း၊ခေါင်းထဲမှာပေါ့နေခြင်း
  • ကားမူးသလို ခံစားနေရခြင်း
  • မအီမသာဖြစ်ပြီး ပျို့အန်ခြင်း
  • နားအူခြင်း
  • နားထဲပြည့်ပိတ်နေသလို ခံစားရခြင်း
  • ခေါင်းကိုက်ခြင်း

အသိသာဆုံးကတော့ Vertigo ဆိုတာ ရိုးရိုးမူးတာမဟုတ်ဘဲ ချာချာလည်တဲ့ အမူးဝေဒနာပါ။

အကြောင်းရင်းများ

Vertigoဖြစ်စေတဲ့အကြောင်းရင်းနဲ့ရောဂါတွေကအမျိုးမျိုးရှိပါတယ်။ နားအတွင်းပိုင်းပြဿနာကြောင့်ဖြစ်လာတတ်ပေမယ့် ဦးနှောက်အစိတ်အပိုင်းတွေရဲ့ပြဿနာကြောင့်လည်းဖြစ်စေတတ်ပါတယ်။ သူ့ကိုဖြစ်စေနိုင်တဲ့တခြားရောဂါအခြေအနေတွေကတော့ –

Labyrinthitis –နားအတွင်းပိုင်း labyrinthရောင်ရမ်းခြင်း။labyrinth အတွင်းကအာရုံကြောဟာ ခန္ဓါကိုယ်ရဲ့ဦးခေါင်းလှုပ်ရှားမှုနဲ့အနေအထားတွေကို ထိန်းပေးတာဖြစ်ပါတယ်။ ။ ဒီအခြေအနေကို ဗိုင်းရပ်စ်ကြောင့်ဖြစ်စေတတ်ပါတယ်။

Vestibular neuronitis – ဗိုင်းရပ်စ်ပိုးကြောင့် နားအတွင်းပိုင်းအာရုံကြောရောင်ရမ်းခြင်း။

Cholesteatoma– မကြာခဏရောဂါပိုးဝင်ခြင်းကြောင့် နားအလယ်ပိုင်းမှာ အကျိတ်၊အိတ်ဖြစ်ပေါ်ခြင်း။ ဒီလိုဖြစ်ရာက ကြီးလာခဲ့ရင် နားကျန်းမာရေးကိုထိခိုက်စေပြီး နားမကြားရခြင်း၊ခေါင်းမူးခြင်းကိုဖြစ်စေပါတယ်။

Ménière’s disease –နားအတွင်းပိုင်းအရည်စုခြင်းက ချာချာလည်မူးခြင်းအပြင် နားထဲအသံတွေကြားရခြင်းနဲ့နားမကြားရခြင်းတို့ပါဖြစ်စေနိုင်တယ်။ အသက် ၄၀ နဲ့ ၆၀ အတွင်းမှာ ပိုအဖြစ်များပါတယ်။

BPPV –အနေအထား ရုတ်တရက် ပြောင်းလဲခြင်းကြောင့် မူးခြင်း။ လှုပ်ရှားမှုအတွင်း နားအတွင်းပိုင်းက ကယ်လ်စီယမ်ကာဗိုနိတ်ပုံဆောင်ခဲတွေကsemicircular canalsပြွန်လေးတွေထဲက အာရုံခံအမွေးနုဆဲလ်တွေနဲ့ထိတွေ့ပါတယ်။ ကိုယ်အနေအထားကို ဦးနှောက်ဆီသတင်းပေးပို့နိုင်ဖို့ သူတို့က နားအတွင်းပိုင်းအာရုံကြောကို နှိုးဆွပေးပါတယ်။BPPV ရှိတဲ့သူတွေမှာတော့semicircular canalsပြွန်တွေထဲ အခဲအစအနလေးတွေ ရှိနေလို့ ဦးခေါင်းလှုပ်ရှားမှုရပ်လိုက်တဲ့အခါendolymph အရည်တွေဆက်လက်ရွေ့လျားစေတာဖြစ်ပါတယ်။

Vertigo ဖြစ်ရခြင်းက ဒါတွေနဲ့လည်း ဆက်နွှ်ယ်နိုင်ပါတယ် –

  • ခေါင်းတစ်ခြမ်းကိုက်ခြင်း
  • ဦးခေါင်းထိခိုက်ခြင်း သို့မဟုတ် ဒဏ်ဖြစ်ခြင်း
  • သောက်သုံးရတဲ့ဆေးဝါးများ
  • နားခွဲစိတ်ခြင်း
  • အိပ်ရာထဲလှဲနေတာကြာခြင်း
  • နားရောဂါများ
  • ဆစ်ဖလစ်ရောဂါ
  • လေဖြတ်ခြင်း
  • လေဖြန်းခြင်း
  • ဦးနှောက်အကျိတ်နဲ့ဆိုင်တဲ့ရောဂါ တု့ိပါဝင်ပါတယ်။

ချာချာလည်မူးတာ ဘယ်နှမျိုးရှိလဲ

အကြောင်းရင်းကိုမူတည်ပြီး အမျိုးအစားကွဲကြပေမယ့် အဓိကနှစ်မျိုးကတော့ -Peripheral vertigo နဲ့Central vertigoတို့ဖြစ်ပါတယ်။

Peripheral vertigoဆိုတာက ဟန်ချက်ထိန်းခြင်းနဲ့ပတ်သက်တဲ့ နားအတွင်းပိုင်းကအစိတ်အပိုင်းငယ်လေးတွေရဲ့လုပ်ဆောင်ချက်စနစ်မှာ ဗိုင်းရပ်စ်ကြောင့်ပြဿနာဖြစ်တဲ့အခါ ခံစားရတတ်ပါတယ်။

Central vertigoဆိုတာ ဗဟိုအာရုံကြောစနစ်နဲ့ဆိုင်တဲ့ပြဿနာဖြစ်ပါတယ်။ သူကတော့ အမြင်အာရုံနဲ့ ဟန်ချက်ထိန်းညှိခြင်းဆိုင်ရာ ဦးနှောက်အစိတ်အပိုင်းတွေမှာပြဿနာဖြစ်စေတာဖြစ်ပါတယ်။

ချာချာလည်မူးခြင်းကို သက်သာစေမယ့် နည်းလမ်း

ချာချာလည်မူးတဲ့အခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင်လို့ နေထိုင်ပုံ အပြောင်းအလဲတော့ရှိရပါမယ်။ ဒီအချက်တွေကvertigo လက္ခဏာတွေရဲ့သက်ရောက်မှုကိုလျော့ပါးသက်သာစေနိုင်ပါလိမ့်မယ်။

  • မူးလာတာနဲ့ ထိုင်ချလိုက်ပါ။
  • လှုပ်လိုက်တာနဲ့ ဒီလက္ခဏာတွေခံစားလာရတယ်ဆိုရင်ဖြည်းဖြည်းပဲလှုပ်ရှားပါ။
  • ညဘက်အိပ်ရာထဲကနေ ထရင် အလင်းရောင်ကောင်းကောင်းရအောင်ဖွင့်ထားပါ။
  • အနားယူရုံနဲ့မသက်သာရင် ဆရာဝန်ပြပြီးကုသမှုခံယူပါ။ ကြိတ်မခံပါနဲ့။
  • ခေါင်းမူးတာကြောင့် လမ်းလျှောက်ရအဆင်မပြေ၊ ဟန်ချက်မထိန်းနိုင်တော့ဘူးဆိုရင် ပိုသတိထားပါ။ငြိမ်နေပါ။ ထသွားတဲ့အခါ ချော်မလဲအောင်၊ပြုတ်မကျအောင် တုတ်ကောက်ဖြစ်ဖြစ် သုံးပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/brain/vertigo-symptoms-causes-treatment#1

Accessed May 31, 2019.

https://www.medicalnewstoday.com/knowledge/160900/vertigo-causes-symptoms-treatments

Accessed May 31, 2019.

https://www.medicinenet.com/vertigo_overview/article.htm

Accessed May 31, 2019.

https://www.nhs.uk/conditions/vertigo/#

Accessed May 31, 2019.

 

ယခုပုံစံ

11/05/2020

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Hnin Oo Thazin မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများတွင် မူးဝေခြင်းကို ဖြစ်စေနိုင်သော အကြောင်းများ

နားစည်အပြင်ပိုင်းရောင်ရမ်းနာ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement