backup og meta

ကယ်လိုရီ လောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကယ်လိုရီ လောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

    ကယ်လိုရီ လောင်ကျွမ်း စေဖို့ ဆိုတာ လေ့ကျင့်ခန်းလုပ်သူတိုင်းရဲ့ အခြေခံရည်ရွယ်ချက်တစ်ခုပါ။

    ဒါပေမဲ့ ဘယ်လေ့ကျင့်ခန်း အမျိုးအစားက ဘယ်လောက် ကယ်လိုရီ လောင်ကျွမ်း စေသလဲ ဆိုတာကိုတော့ လေ့ကျင့်ခန်းလုပ်သူတိုင်း အားကစားလုပ်သူတိုင်း တိတိကျကျ မသိတတ်ကြသလို သိဖို့လိုတယ်လို့လည်း တချို့က မထင်ကြပါဘူး။

    တချို့ကျတော့လည်း တစ်နေ့တာမှာ လိုအပ်တဲ့ ကယ်လိုရီ ပမာဏကို တွက်ချက်စားတတ်ပြီး စားတာများသွားရင် ပိုလျှံပြီး အဆီအဖြစ်ပြောင်းလဲမသွားစေဖို့ သေချာစနစ်တကျ အစီအစဉ်တွေချမှတ်နိုင်ကြပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ လိုက်လုပ်ဖို့မလွယ်သေးပါဘူး။

    ခုခေတ်မှာ လေ့ကျင့်ခန်း လုပ်တဲ့လူတွေ ပိုများလာပါတယ်။ Gym တွေမှာ ဆော့ကြတဲ့သူတွေလည်း ရှိသလို တချို့တွေကျတော့လည်း နေအိမ်မှာပဲ တနိုင်တပိုင်ဆော့ကြတာမျိုးပေါ့။

    ကိုယ်လက်လေ့ကျင့်ခန်း လုပ်တယ်ဆိုတာက ခန္ဓာကိုယ်အတွက် သိပ်ကိုအကျိုးရှိပြီး အလွန်ကောင်းမွန်တဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ကိုယ်လုပ်နေတဲ့လေ့ကျင့်ခန်းက ကိုယ်နဲ့သင့်လျော်ရဲ့လား ကိုယ်လိုချင်တဲ့အတိုင်းအတာအထိ ထိရောက်မှုရှိရဲ့လား၊ ဘယ်လောက် ကယ်လိုရီပမာဏလောင်ကျွမ်းစေ သလဲ ဆိုတာကိုတော့ သိထားဖို့ လိုမယ်နော်။

    အထူးသဖြင့် ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေတဲ့သူတွေဆိုရင် ဘယ်လေ့ကျင့်ခန်းမျိုးလုပ်မလဲ၊ တစ်နေ့ကို ဘယ်လောက် ကယ်လိုရီ လောင်ကျွမ်း ဖို့လိုလဲ ဆိုတာကို သိထားမှ တိကျတဲ့ရည်မှန်းချက်ထားပြီး အောင်မြင်အောင်လုပ်နိုင်မှာလေ။

    ဒီလိုမဟုတ်ပဲ ကြုံသလို လေ့ကျင့်ခန်းတွေလုပ်ပြီး ကိုယ်ဘယ်လိုလုပ်ပြီး ဘယ်လောက် အကျိုးရှိလဲ မသိဘူးဆိုရင်တော့ သင်ရဲ့ ကိုယ်အလေးချိန်လျှော့ချရေး အစီအစဉ်ကြီးက တကယ်ကို အစီအစဉ်မကျပဲ ပရမ်းပတာကြီးဖြစ်နေမှာပေါ့။

    ကိုယ်ကနေ့စဉ် ပမာဏများများ ကယ်လိုရီလောင်ကျွမ်း ပေးဖို့ လိုအပ်နေရင် ဘယ်လိုလေ့ကျင့်ခန်းမျိုး လေ့ကျင့်ရမလဲ၊ ဘယ်လောက်အချိန်ပမာဏယူပြီး လေ့ကျင့်ရမလဲဆိုတာ သေချာဆုံးဖြတ်နိုင်အောင်လို့ လေ့ကျင့်ခန်းအမျိုးအစားအလိုက် ကယ်လိုရီလောင်ကျွမ်းနိုင်စွမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

    လေ့ကျင့်ခန်းအလိုက် ဘယ်လောက် ကယ်လိုရီ လောင်ကျွမ်း စေသလဲ

    • အပြေး (Running/Jogging) – ခပ်နှေးနှေးပြေးရင်တောင်မှ အပြေးလေ့ကျင့်ခန်းက သင့်ကို နာရီဝက်မှာ ၂၀၆ ကယ်လိုရီလောက် လောင်ကျွမ်းအောင် ကူညီပေးနိုင်ပါတယ်။ အပြေးလေ့ကျင့်ခန်းဟာ တစ်မိနစ်ကို ပျမ်းမျှ ၁၀ ကယ်လိုရီပမာဏလောင်ကျွမ်းစေ နိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုပါ။
    • တောင်တက် – တောင်တက်တာကတော့ မြို့ပြမှာမွန်းကျပ်နေသူတွေအတွက် ရွေးချယ်စရာနည်းလမ်းတစ်မျိုးပါ။ တောင်တက်တဲ့အခါမှာ ပျမ်းမျှ နာရီဝက်ကို ၁၇၆ ကယ်လိုရီလောက် လောင်ကျွမ်းပေးနိုင်ပါတယ်။ မြေပြင်ညီအနေအထားနည်းပါးလေ ကြွက်သားတွေ ပိုအလုပ်လုပ်ရလေဖြစ်ပြီးတော့ ကယ်လိုရီလောင်ကျွမ်းမှုလည်း ပိုများလေလေပါပဲ။
    • စက်ဘီးစီး – တစ်နာရီကို ၅.၅ မိုင်နှုန်းလောက်နဲ့ စက်ဘီးစီးမယ်ဆိုရင် ပျမ်းမျှ နာရီဝက်ကို ၁၁၇ ကယ်လိုရီလောင်ကျွမ်းနိုင်ပါတယ်။ စက်ဘီးကလည်း လူကြိုက်များတဲ့ ကိုယ်အလေးချိန်လျှော့ချရေး နည်းလမ်းတစ်ခုပါပဲ။

    • ကြိုးခုန် – ကြိုးခုန်တဲ့ လေ့ကျင့်ခန်းကို ငယ်ငယ်တုန်းက ကလေးအတော်များများ ကစားဖူးကြမယ်ထင်ပါတယ်။ ငယ်ရွယ်စဉ်တုန်းကတော့ ကစားနည်းတစ်ခုလို့ အသိများခဲ့ကြပေမယ့် ကြီးလာချိန်မှာတော့ အားကစားလေ့ကျင့်ခန်းတစ်ခုဆိုတာကို ပိုနားလည်လာရပါတယ်။ ကြိုးခုန်တာဟာ ကယ်လိုရီလောင်ကျွမ်းနိုင်စွမ်း အလွန်မြင့်မားပြီး ပျမ်းမျှ ၁၀ မိနစ်ကို ၁၁၅ ကယ်လိုရီအထိ လောင်ကျွမ်းနိုင်ပါတယ်။
    • လမ်းလျှောက် – ပျမ်းမျှအားဖြင့် နာရီဝက် လမ်းလျှောက်ရင် ၉၇ ကယ်လိုရီ လောင်ကျွမ်းပါတယ်။ အမြန်နှုန်းပေါ်မူတည်ပြီး လောင်ကျွမ်းနှုန်း ကွာခြားသွားမှာဖြစ်ပါတယ်။ လမ်းလျှောက်တာကတော့ အရိုးရှင်းဆုံး လေ့ကျင့်ခန်းတစ်မျိုးအဖြစ် လူကြိုက်များလှပါတယ်။
    • အလေးမ – အလေးမတာက နာရီဝက်ကို ၈၈ ကယ်လိုရီ လောင်ကျွမ်းပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက ကြွက်သားတွေ တောင့်တင်းကြံ့ခိုင်စေဖို့လည်း အထောက်အကူဖြစ်စေပါတယ်။
    • ယောဂ – ယောဂ လေ့ကျင့်ခန်းကတော့ ပျမ်းမျှ နာရီဝက်ကို ၇၃ ကယ်လိုရီ လောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းတစ်မျိုးပါ။ ခန္ဓာကိုယ်တင်မက စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

    ခုလိုမျိုး ဘယ်လေ့ကျင့်ခန်းက ဘယ်လောက် ကယ်လိုရီလောင်ကျွမ်း ပေးနိုင်တယ်ဆိုတာကို သေချာသိဖို့ ဟယ်လိုဆရာဝန် ရဲ့ ကယ်လိုရီလောင်ကျွမ်း မှု တွက်ချက်ခြင်းကိရိယာ ကိုလည်း အခမဲ့ လွယ်ကူစွာအသုံးပြုပြီး တွက်ချက်နိုင်ပါတယ်။

    သိသွားပြီဆိုရင် ကိုယ့်လုပ်ဆောင်နိုင်စွမ်း၊ ကယ်လိုရီလောင်ကျွမ်း သွားမယ့် ပမာဏ၊ စိတ်ဝင်စားမှုတွေနဲ့ ကိုက်ညှိပြီး အဆင်ပြေမယ့် လေ့ကျင့်ခန်းကို ရွေးချယ်ပြုလုပ်နိုင်ပါပြီ။ အားလုံး အဆင်ပြေကြပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement