backup og meta

ကလေးထိန်း ပြီး ဝိတ်ချမလား


Ye Zon Aung မှ ရေးသားသည်။ · 12/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးထိန်း ပြီး ဝိတ်ချမလား

    ခေါင်းစဉ်ကို ဖတ်ပြီးချိန်မှာ ဒေါင်းတောက်နေအောင် လျှောက်ပြေးနေမယ့် ရင်သွေးလေးတစ်ယောက်နောက်ကို ကလေးထိန်း ဖို့ အူလျားဖားလျားလျှောက်လိုက်နေရမယ့် မေမေတစ်ယောက်ကို ပြေးမြင်မိသွားကြမယ်ထင်ပါတယ်။

    ဒီကနေ့ခေတ်မှာ လူအတော်များများ ကိုယ်အလေးချိန်မြင့်တက်လာကြပါတယ်။ ကိုယ်အလေးချိန် မြင့်တက်လာရတဲ့ အကြောင်းအရင်းတွေထဲမှာ ကိုယ်လက်လှုပ်ရှားမှုနည်းပါးတာနဲ့ အစားအသောက်ကို စနစ်တကျ မှီဝဲစားသောက်မှုမရှိတာတွေက အဓိက အကြောင်းတရားတွေပါပဲ။

    ဒီလို လုပ်ဆောင်ချက် ၂ ခုလုံးကို တစ်ပြိုင်နက်တည်းပြင်ဆင်ခွင့်ရမယ့် အခွင့်အလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ ကလေးထိန်းတာပါပဲ။ ရင်သွေးတွေကို ထိန်းကျောင်းတာဟာ ကိုယ်လက်ကျန်းမာစေနိုင်တဲ့ နည်းနာတစ်ခုပါ။ စိတ်ပါလက်ပါနဲ့သာ အချိန်ပေးနိုင်မယ်ဆိုရင် ကိုယ်အလေးချိန်ပါ လျော့ကျစေနိုင်ပါတယ်။

    ပျမ်းမျှခြင်းအားဖြင့် သာမန်ကိုယ်ခန္ဓာမျိုးရှိတဲ့ မိခင်တစ်ယောက်ဟာ သာမန် ပေါ့ပေါ့ပါးပါး ကလေးထိန်း တဲ့ လုပ်ငန်းဆောင်တာတွေကြောင့် တစ်နေ့ကို ကယ်လိုရီ ၁၄၄-၂၀၀ ဝန်းကျင်လောက် လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါဟာ တစ်နေ့ကို ၂ မိုင်လောက် လမ်းလျှောက်တာနဲ့ ကယ်လိုရီလောင်ကျွမ်းမှုခြင်း အတူတူပါပဲ။ အချိန်ပြည့်ဂရုစိုက်ပြီး ကလေးနဲ့ တစ်သားတည်းကျနေအောင် ဆော့ကစားထိန်းကျောင်းတဲ့သူမျိုးဆိုရင် ဒီထက်ပိုတဲ့ အကျိုးကျေးဇူးမျိုး ရမှာဖြစ်ပါတယ်။

    ကလေးထိန်း ပြီး ဝိတ်ချမလား

    ကလေးထိန်း ရင်း ပိုကျန်းမာကြမယ်

    ကလေးထိန်း တာက မေမေတွေ၊ ဖေဖေတွေ ကိုယ်အလေးချိန်ကျအောင် ကူညီနိုင်သလို ဘိုးဘိုးဘွားဘွားတွေ ကိုယ်လက် ကျန်းမာပျော်ရွှင်အောင်လည်း ကူညီနိုင်ပါတယ်။ ဘိုးဘိုးဘွားဘွားတွေ မြေးထိန်းကြတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုလည်းဖြစ်၊ နေ့စဉ်ကျန်းမာတာတွေ စားဖြစ်အောင်လည်း အထောက်အကူဖြစ်စေပါတယ်တဲ့။

    ဘိုးဘိုးဘွားဘွားတွေပဲဖြစ်ဖြစ် ဖေဖေမေနေတွေပဲဖြစ် ရင်သွေးလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရတာကို မမောနိုင် မပမ်းနိုင် စိတ်ကျေနပ်ဖွယ် တာဝန်ဝတ္တရားတစ်ခုအဖြစ် မှတ်ယူထားတတ်ကြတာမျိုးပါ။ ကိုယ်လက်လှုပ်ရှားပြီး ထိန်းကျောင်းနေရတတ်တာမျိုးလည်း ရှိတာမို့ တစ်ခါတလေ ပင်ပန်းတာမျိုးလည်း ရှိတန်သလောက်တော့ရှိတာပေါ့။

    ဒီလို ကိုယ်လက်လှုပ်ရှားမှုတွေကြောင့်ပဲ ကယ်လိုရီတွေ လောင်ကျွမ်းပြီး ကိုယ်အလေးချိန်လျော့ကျကာ ကျန်းမာစေတာဖြစ်ပါတယ်။ ဒါကြောင့် ပင်ပန်းတယ်ဆိုဦးတော့ ရင်သွေးလေးတွေကို မငြိုငြင်ပါနဲ့။ ဖေဖေ မေမေတို့ ဝိတ်မတက်အောင် သားသားမီးမီးလေးတွေက တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတာမို့ပါ။

    ဒါပေမယ့်လည်း သုတေသနပြုချက်တွေအရဆိုရင် ရင်သွေးတွေ၊ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်တဲ့ အလေ့အထဟာ ကိုယ်အလေးချိန် ထိန်းချုပ်ရာမှာ အကျိုးပြုရုံတင်သာမက အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်တယ်လို့ သိလာရပါပြီ။

    • ဘဝနေထိုင်မှုပုံစံကို သမမျှတစေတယ် – လေ့လာချက်တွေအရဆိုရင် ကလေးထိန်း ကျောင်းလေ့ရှိတဲ့ လူတွေဟာ ကျန်းမာရေး၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ သမမျှတတဲ့ အကျိုးကျေးဇူးကို ရနိုင်ပါတယ်တဲ့။ ကလေးထိန်းရတာဝါသနာကြီးတဲ့ ဘိုးဘိုးဘွားဘွားတွေဟာ စိတ်ဖိစီးမှုတွေနည်းပါးနိုင်သလို ခန္ဓာကိုယ် ကိုယ်လက်လှုပ်ရှားမှုလည်း ပုံမှန်ရှိနေတာမို့ လူလည်းကျန်းမာနိုင်ပါတယ်တဲ့။
    • လူမှုဆက်ဆံရေးပိုင်းမှာလည်း ကောင်းမွန်စေတယ် – ရုပ်ပိုင်းဆိုင်ရာအရ တက်ကြွရွှင်လန်းနေစေနိုင်သလို စိတ်ပိုင်းဆိုင်ရာအရလည်း လန်းဆန်းနေနိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် လူမှုဆက်ဆံရေးနယ်ပယ်မှာ ရုပ်ပိုင်းစိတ်ပိုင်း တက်ကြွနေမှုဟာ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရာမှာလည်း တက်ကြွနေစေနိုင်ပါတယ်။
    • ကလေးထိန်းတာဟာ အသက်သေဆုံးနိုင်ချေကို လျှော့ချပေးနိုင်တယ် – အသက် ၇၀ အထက် သက်ကြီးရွယ်အိုတွေကို သီးသန့်လေ့လာထားတဲ့ စစ်တမ်းတစ်ခုအရဆိုရင် မြေးတွေကို ထိန်းကျောင်းလေ့ရှိတဲ့ အဘိုးအဘွားတွေဟာ တခြားသက်ကြီးရွယ်အိုတွေထက် ကျန်းမာရေးနဲ့ ရောဂါဘယဘေးပိုမိုကင်းစင်ပြီး နောက်ထပ် အသက် ၂၀ ဝန်းကျင်အထိ အသက်ရှည်နိုင်ချရှိတယ်လို့ ဆိုထားပါတယ်။
    • စိတ်ဖိစီးမှု နည်းပါးစေတယ် – ကလေးထိန်းရတဲ့အခါ ကိုယ်လက်လှုပ်ရှားရတယ်၊ တမင်မဟုတ်ပေမယ့်လည်း အသက်ကို ပုံမှန်ပြည့်ပြည့်ဝဝ ရှူဖြစ်တယ်၊ ဒီအမူအကျင့်တွေဟာ အသက်ရှည်ကျန်းမာစေမယ့် အမူအကျင့်မျိုးတွေဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ ယောဂ လေ့ကျင့်နေသလိုမျိုးပါပဲ။ အဆုပ်လုပ်ဆောင်ချက် အားကောင်းလာပြီး အောက်ဆီဂျင်ပြည့်ပြည့်ဝဝရရှိတာမို့ စိတ်ဖိစီးမှုကို လျော့ကျစေမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုနည်းပါးမှုဟာ အသက်ရှည်ရဲ့ အကြောင်းအရင်းတစ်ခုပါပဲ။

    ကလေးထိန်း ပြီး ဝိတ်ချမလား

    ဒါတင်မကပါဘူး

    • နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်သလို အကျိုးဖြစ်ထွန်းစေတာ၊
    • ကလေးတွေကို သင်ကြားပြသရင်း ကိုယ်တိုင်ပါ လေ့လာမှုအားကောင်းလာတာ၊
    • အချိန်ကို အကျိုးရှိရှိအသုံးချနိုင်လာတာ၊
    • တစ်နေ့ကို ကယ်လိုရီ ၁၅၀ လောက် လောင်ကျွမ်းစေနိုင်တာ၊
    • တက်ကြွလန်းဆန်းနေတတ်တာ စတဲ့အကျိုးကျေးဇူးတွေလည်း ရနိုင်ပါသေးတယ်။

    ချစ်စဖွယ် တီတီတာတာ ရင်သွေးလေးတွေကို ထိန်းသိမ်းပြုစုတာဟာ ကျန်းမာရေးဆိုင်ရာ၊ ဘဝနေထိုင်မှုဆိုင်ရာ အကျိုးကျေးဇူးတွေ အမြောက်အများရစေရုံတင်မဟုတ်ပါဘူး၊ သက်ကြီးရွယ်အိုတွေအတွက်ဆိုရင် အဖော်မဲ့မှုနဲ့ အထီးကျန်မှုကိုလည်း လျှော့ချပေးနိုင်တာမို့ စိတ်ရော ကိုယ်ပါ ကျန်းမာစေမယ့် နည်းလမ်းကောင်းတစ်ခုလို့ ဆိုရပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 12/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement