လမ်းလျှောက်တာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် လမ်းကြာကြာလျှောက် မယ်၊ နေ့စဉ်ရက်ဆက်လျှောက်မယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးလေး အနည်းငယ်ရှိလာနိုင်ပါတယ်။ ဒီတော့ လမ်းကြာကြာလျှောက်လို့ ဖြစ်လာနိုင်တဲ့ ဒဏ်တွေက ဘာတွေလဲ။ ဘယ်လိုတွေ သက်သာအောင် လုပ်မလဲဆိုတာ အကြံပေးချင်ပါတယ်။
လမ်းကြာကြာလျှောက် ရင် ဘာတွေ ခံစားရနိုင်သလဲ။
လမ်းလျှောက်တာက ခန္ဓာကိုယ်က ကြွက်သားတွေ အများကြီး သုံးရတဲ့အတွက် ကြလာတာနဲ့အမျှ အားကုန်လာပြီး နုံးလာပါလိမ့်မယ်။ နေ့စဉ်ရက်ဆက်လျှောက်မယ်ဆိုရင် တဖြည်းဖြည်း အားကုန်ပြီး ပိန်လာမှာပါ။ အကောင်းဘက်က ကြည့်ရင်တော့ ဝိတ်ကျတာပေါ့။
တစ်နေကုန်နီးပါး ကြွက်သားတွေ အားသုံးထားရတာဆိုတော့ အိမ်ပြန်ရောက်ရင် ကြွက်သားတွေ နာနေပါလိမ့်မယ်၊ ခြေသလုံးတွေ၊ လက်မောင်းတွေ၊ ကျောတွေ နာတာခံစားရမှာပါ။
အိမ်ပြန်ရောက်တာနဲ့ ခြေသလုံးက ကြွက်သားတွေကို စမ်းကြည့်လိုက်ပါဦး။ ကျောက်ခဲတွေလို မာနေတာကို ခံစားရမှာပါ။ ခြေဖဝါးတွေလည်း မာတင်းနေမှာ အသေချာပါပဲ။
ခန္ဓာကိုယ်ရဲ့ အလေးချိန်တစ်ခုလုံးကို ထမ်းထားပေးရတဲ့ ဒူးဆစ်ကတော့ အခံရဆုံး နေမှာပါ။ ဝတဲ့သူဆို ပိုသိသာပါတယ်။ ဒူးတွေ၊ ခြေကျင်းဝတ်တွေ နာနေနိုင်ပါတယ်။
လူလွတ်ကြီး သွားတာမဟုတ်ဘဲ ကျောပိုးအိတ်တွေ၊ အထုပ်အပိုးတွေ သယ်ထားမယ်ဆိုရင် အဆစ်အနေနဲ့ ခါးပါ နာမှာပါ။
လမ်းလျှောက်လွယ်အောင် ထိပ်ပိတ်ဖိနပ် စီးတဲ့အခါ ကြာလာတဲ့အမျှ ခြေထောက်သွေးကျပြီး ဖိနပ်တွေ ကျပ်လာပါလိမ့်မယ်။ ဒီလိုနဲ့ ခြေချောင်းလေးတွေကို ဖိမိပြီး ဖိနပ်ပေါက်နိုင်ပါတယ်။
လမ်းကြာကြာလျှောက် လို့ ဖြစ်လာတဲ့ ဝေဒနာတွေကို ဘယ်လို ဖြေရှင်းကြမလဲ။
- အစားစားထားပါ။
လမ်းလျှောက်တဲ့အခါ အားမကုန်အောင် မလျှောက်ခင်ထဲက တစ်ခုခုစားထားပါ။ လျှောက်နေရင်းနဲ့လည်း ခဏခဏ ဆာပါလိမ့်မယ်။ ကြေလွယ်တဲ့ အစားအစာတွေကို နည်းနည်းနဲ့ ခဏခဏ စားပေးပါ။
- ရေများများသောက်ပါ။
ရေဓာတ်ချို့တဲ့ရင် ကြွက်သားတွေ ပိုနာတတ်လို့ တတ်နိုင်သလောက် ရေများများ သောက်ပေးပါ။ အမောလည်း ခံပြီး သက်လုံကောင်းစေပါတယ်။
- ဒဏ်ကြေဖျန်းဆေး ဆောင်ထားပါ။
သွားရင်းနဲ့ ခြေထောက်နာလာပြီဆိုရင် ဒဏ်ကြေဆေးလေး ဖျန်းလိုက်ပါ။ မကြာခင်မှာ သက်သာသွားလို့ ပိုကြာကြာလျှောက်နိုင်ပါလိမ့်မယ်။
- ပစ္စည်းတွေ အများကြီး မသယ်ပါနဲ့။
မရှိမဖြစ်ပစ္စည်းတွေပဲ သယ်ပြီး ကျန်တာတွေ ထားခဲ့ပါ။ အလေးကြီး သယ်ရတဲ့အခါ ခန္ဓာကိုယ်က ပိုပြီး ဒဏ်ပိပါတယ်။
- အနာကပ်ပလာစတာတွေ ယူသွားပါ။
ဖိနပ်ပေါက်တော့မယ်ဆိုတာနဲ့ ကြိုကပ်ထားပါ။ ဒါ့ပြင် ခြေခလယ်နဲ့ ခြေသူကြွယ်ကို နှစ်ခုပူးပြီး ပလာစတာနဲ့ ကပ်ထားတာကလည်း ဖိနပ်ထဲမှာ ခြေချောင်းတွေ လွတ်လွတ်လပ်လပ် စီးလို့ရစေပါတယ်။ တတ်နိုင်ရင် ဖိနပ်အသစ်ထုတ်မစီးပါနဲ့။ ခြေညှပ်ဖိနပ် အပိုဆောင်ထားပါ။
- ရေခဲဝတ်လေး ဆောင်ထားပါ။
Wet tissueတို့ Snow towelတို့ ဆောင်ထားပါ။ ခြေထောက်ကြွက်တက်တာဖြစ်ဖြစ်၊ ကြွက်သားတွေ နာလာတာဖြစ်ဖြစ် ခဏနားပြီး နာတဲ့နေရတာကို ကပ်ပေးပါ။ ဘာမှမရှိရင် အဝတ်စကို ရေခဲရေစွတ်ပြီး ကပ်ထားပါ။ ကြွက်တက်လာရင် ဓာတ်ဆားရည်သောက်ပေးပါ။
အိမ်ပြန်ရောက်တဲ့အခါ ဘယ်လို အနားယူကြမလဲ။
တစ်နေကုန်လျှောက်ပြီးလို့ အိမ်ပြန်လာရင် တစ်ကိုယ်လုံး ညောင်းကိုက်ပြီး ပင်ပန်း နေလောက်ပါပြီ။ နောက်နေ့တွေမှာ ဆက်လျှောက်နိုင်ဖို့ ဒီနည်းတွေနဲ့ အားမွေးကြပါ။
- အိမ်ရောက်လို့ ရေချိုးတဲ့အခါ ရေနွေးနွေးလေးနဲ့ ချိုးပေးပါ။ ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်တာတွေ သက်သာစေပါတယ်။
- ပြီးသွားရင် နာနေတဲ့ နေရာကို ဆေးပလာစတာ ဒါမှမဟုတ် ဒဏ်ကြေဆေး လိမ်းပါ။ ဖျန်းပါ။
- ဆေးတွေ မလိမ်းချင်ရင် ရေခဲဝတ်လေး ကပ်ပေးပါ။
- မြန်မြန်သက်သာချင်ရင်တော့ အကိုက်အခဲပျောက်ဆေး သောက်ပါ။ အစာစာပြီးမှ သောက်ပါ။
- အကိုက်အခဲပျောက်ဆေး မသောက်ချင်ရင် ပါရာစီတမော သောက်လို့ရပါတယ်။ ကြွက်သားပြေလျော့စေတဲ့ Orphandrineနဲ့ တွဲထားတာ သောက်ပေးပါ။
- အစားတစ်ခုခု စားပါ။
- ရေ သို့မဟုတ် ဓာတ်ဆား သောက်ပါ။
- နည်းနည်းလှုပ်နိုင်သေးရင် အကြောလျော့ပါ။
- အိပ်ရေးဝအောင် အိပ်ပါ။ နောက်နေ့အတွက် အားယူပါ။
လမ်းကြာကြာလျှောက် တဲ့အခါ ဒီလို ပြဿနာလေးတွေ ကြုံရတတ်တယ်ဆိုပေမယ့် ဒါတွေက ဖြေရှင်းရမခက်ပါဘူး။ အပရိက ပြဿနာလေးတွေပဲ ဖြစ်တဲ့အတွက် ခုပြောထားတာလေးတွေကို လိုက်နာရုံနဲ့တင် သက်သာပါတယ်။
[embed-health-tool-bmi]