brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Reverse prayer ယောဂပို့စ်လေးရဲ့ ကောင်းကျိုးလေးများ

Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ် တစ်ခုပါပဲ။ အမည်အရ မရင်းနှီးသလို ခံစားရနိုင်ပေမယ့် ပုံမှန် လုပ်မိနေတဲ့ ယောဂပို့စ်လေးတောင် ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လုပ်ရတာလည်းလွယ် ကျန်းမာရေးအတွက်လည်း ကောင်းကျိုးလေးတွေ ပေးစွမ်းနိုင်တယ်လို့ ဆိုကြတဲ့ Reverse prayer ယောဂပို့စ်လေးရဲ့ အကြောင်းနဲ့ ကောင်းကျိုးလေးတွေကို ပြောပြပေးသွားပါမယ်။ 

Reverse prayer ယောဂပို့စ်လေးရဲ့ ကောင်းကျိုးလေးများ

Reverse prayer ယောဂပို့စ် ဆိုတာ

Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ်တစ်ခုပါ။ မြင်သာအောင်ပြောပြရရင် လက်အုပ်ချီထားတဲ့ ပုံစံကို လက်နောက်ပြန် အနေအထားနဲ့ နောက်ကျောမှာ ကပ်ထားတဲ့ ယောဂပို့စ် တစ်ခုမျိုးပါ။ ဒီပို့စ်က ခန္ဓာကိုယ် အပေါ်ပိုင်း အထူးသဖြင့် လက်မောင်းနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို သက်ရောက်မှု ရှိနေတာပါ။ 

ပခုံးနဲ့ လက်ကောက်ဝတ်တွေကို အကြောတွေ ပြေလျော့စေသလို နောက်ကျော ကြွက်သားတွေနဲ့ ပခုံးကြွက်သားတွေကို သန်မာစေပါတယ်။ ကြွက်သားတွေကြားထဲက အဆီတွေကို ဖယ်ရှားပေးရာမှာလည်း ထောက်ကူပေးပါတယ်။ လက်ပ်တော့ရှေ့မှာ အချိန်ကြာမြင့်စွာ ထိုင်နေရသူတွေအတွက် အတော်ကို သင့်တော်တဲ့ လေ့ကျန်းခန်းပါ။ 

လုပ်ဆောင်ရမှာကတော့ အရင်ဆုံး တင်ပျဉ်ချိတ်ထိုင်လိုက်ပါ။ ပြီးရင် လက်နှစ်ဖက်ကို နောက်ကျောကို ကပ်လို့ လက်ဖဝါးနှစ်ဖက်ကို ကြာဖူးပုံ ထိကပ်ထားရမှာပါ။ လက်ချောင်းလေးတွေက ဦးခေါင်းဘက်ဆီကို ဦးတည်နေရမှာ ပါ။ 

ဒီလေ့ကျင့်ခန်း လုပ်နေချိန်မှာ ဝင်လေထွက်လေကို မှန်မှန်လေး ရှူပြီး အနေအထား မှန်ဖို့တော့ လိုပါမယ်။

Reverse prayer ယောဂပို့စ်လေးရဲ့ ကောင်းကျိုးလေးများ

Reverse prayer ယောဂပို့စ်လေးရဲ့ ကောင်းကျိုးလေးများ ကတော့ – 

  • အစာကြေစေနိုင်တယ်

ပခုံးရဲ့ လှုပ်ရှားမှုက အစာကြေစေနိုင်ဖို့ ထောက်ကူပေးနိုင်ပါတယ်။ ရင်ဘတ်ကို ဖွင့်ပြီး လက်ကလေးတွေကို နောက်ဖက်ကို စွဲထားရတာကြောင့် အသက်ရှူရတာ ပိုကောင်းသလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။ ဒါ့အပြင် ဇီဝကမ္မဖြစ်စဉ်ကို ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 

  • အရွတ်တွေကို သန်မာစေတယ်

ပခုံးလှုပ်ရှားမှုက လက်ကောက်ဝတ်တွေနဲ့ လက်ချောင်းလေးတွေကို သန်မာစေဖို့နဲ့ ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ လက်ကောက်ဝတ် အရွတ်တွေကိုလည်း သန်မာစေနိုင်ပါတယ်။ 

  • လည်ပင်းနဲ့ ပခုံးနာတာကို သက်သာစေတယ်

ပခုံးကို အဓိက လှုပ်ရှားရတဲ့ ဒီယောဂပို့စ်က ပခုံးကြွက်သားတွေရဲ့ တင်အားကို ပြေလျော့စေပြီး လက်ပြင်တဝိုက်က ကြွက်သားတွေကို သက်တောင့်သက်သာ ဖြစ်စေနိုင်သလို ဇက်ကြောနာကျင်တာကိုလည်း သက်သာစေနိုင်ပါတယ်။ 

  • စိတ်ရောကိုယ်ပါ အနားရစေတယ်

ဒီယောဂပို့စ်က ခန္ဓာကိုယ်က ကြွက်သားတွေကို ပြေလျော့စေနိုင်သလို စိတ်ဖိစီးမှုတွေကိုလည်း ပြေလျော့စေနိုင် ပါတယ်။ စိတ်နဲ့ ခန္ဓာကိုယ်ကြားမှာ ဟန်ချက်ညီစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ အနားရစေဖို့ Reverse prayer ယောဂပို့စ်ကို လုပ်ပေးလို့ ရပါတယ်။ 

ဘယ်သူတွေ မလုပ်သင့်ဘူးလဲ!

Reverse prayer ယောဂပို့စ်က ကျန်းမာရေး ကောင်းကျိုးများတယ်ဆိုပေမယ့် သွေးပေါင်ကျတတ်တဲ့သူတွေနဲ့ လက်မောင်းနဲ့ ပခုံးမှာ ထိခိုက်ဒဏ်ရာရထားသူတွေ အနေနဲ့ မလုပ်သင့်ပါဘူး။ စလုပ်လုပ်ချင်းမှာလည်း ကိုယ်နိုင်သလောက်သာ လုပ်ပါ။ အတင်းလုပ်ရာကနေ ကြွက်သားတွေ ဒဏ်ဖြစ်နိုင်ပါတယ်။ 

ဘယ်အချိန်မှာ လုပ်သင့်လဲ!

ဒီယောဂပို့စ်ကို မနက်ခင်း ဒါမှမဟုတ် ညနေခင်းမှာ လုပ်သင့်ပါတယ်။ စိတ်ရောကိုယ်ပါ အနားရစေဖို့ ထောက်ကူပေးပါတယ်။

ဒီယောဂပို့စ်က စိတ်ရောကိုယ်ပါ အနားရစေနိုင်သလို ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်စေနိုင်တာ ကြောင့် ပုံမှန်လေး လုပ်ပေးလို့ ရပါတယ်။

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/04/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။