backup og meta

ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

ပဋိဇီဝပိုး တစ်နည်းအားဖြင့် ပိုးတွေသေဖို့ ဘာလုပ်နိုင်သလဲဆို အများစုက ပိုးသတ်ဆေးတွေ သောက်တာကို ပြေးမြင်ကြပါတယ်။ တကယ်တော့ ပိုးတွေ သေအောင် ဒါမှမဟုတ် ဆက်ပြီး မပွားအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။

ပဋိဇီဝပိုးတွေကို သုတ်သင်နိုင်မယ့် နည်းလမ်းများ

အလွယ်ပြောရရင် ဓာတုပစ္စည်းတွေနဲ့ သုတ်သင်မလား ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့ သုတ်သင်မလားဆိုပြီး ခွဲထားပါတယ်။

  • ဓာတုပစ္စည်းများ

ဆေးဝါးတွေကို ဆိုလိုတာပါ။ ဘက်တီးရီးယားအတွက် ပိုးသတ်ဆေး၊ ဗိုင်းရပ်စ်အတွက် ဗိုင်းရပ်စ်သတ်ဆေး၊ မှိုအတွက် မှိုသတ်ဆေး၊ ကပ်ပါးပိုးအတွက် ဆေး (ဥပမာ သန်ချဆေး) စတာတွေ အားလုံးပါဝင်ပါတယ်။ ဒီဆေးတွေက သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး အစားစား ရှိပါတယ်။

နောက်ပြီး ကိုယ်ပေါ်မှာဖြန်းတဲ့၊ အရာဝတ္ထုတွေကို သန့်စင်ပေးတဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ဥပမာ ခုသုံးနေကြတဲ့ လက်သန့်ဆေးရည်တို့၊ မခွဲခင် အရေပြားမှာ သုတ်လိမ်းတဲ့ အိုင်အိုဒင်းတို့၊ ကြမ်းခင်းတွေကို ပိုးသေအောင် တိုက်တဲ့ ဆေးရည်တို့ ဆိုတာကလည်း ဒီထဲမှာ အကျုံးဝင်ပါတယ်။

  • ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းများ

ပိုးသေအောင် ပစ္စည်းတွေကို ရေနွေးပူပူနဲ့ ပြုတ်လိုက်တယ်ဆိုတာကလည်း ပိုးသတ်တာပါပဲ။ ဆေးရုံခွဲခန်းတွေမှာ ဖော်မယ်ဒီဟိုက်လွှတ်တာကလည်း ပိုးသတ်တာပါပဲ။ နောက်ပြီး ethylene oxide တို့၊ UV radiationတို့ သုံးတာကလည်း ပိုးသတ်တယ်လို့ ပြောလို့ရပါတယ်။

ဒီလောက်ဆိုရင် ပိုးသတ်တဲ့ နည်းလမ်းကို စုံစုံလင်လင် သိလောက်ပါပြီ။ အသုံးအများဆုံးကတော့ ဓာတုဗေဒပိုးသတ်ဆေးတွေပဲ ဖြစ်ပါတယ်။

ဓာတုဗေဒပိုးသတ်ဆေးဝါးများ

ပိုးသတ်ဆေးတွေလို့ ပြောလိုက်ရင် ဘက်တီးရီးယားသတ်ဆေး၊ ဗိုင်းရပ်စ်သတ်ဆေး၊ မှိုသတ်ဆေး၊ ကပ်ပါးပိုးသတ်ဆေးဆိုပြီး အားလုံးပါဝင်ပါတယ်။ ဥပမာ ပြောရရင်

  • အမောက်စလင်တို့၊ မက်ထရိုတို့ဆိုတာ ဘက်တီးရီးယားသတ်ဆေးပါ။
  • ရေယုန်မှာလိမ်းတဲ့ အေစိုင်ကလိုဗာတို့၊ အသည်းရောင် အသားဝါ စီပိုးသမားတွေ၊ HIVရှိတဲ့သူတွေ သောက်တဲ့ ဆေးက ဗိုင်းရပ်စ်ဆေးတွေပါ။ ဗိုင်းရပ်စ်ဆေးတွေက များမျးစားစား မရှိလှပါဘူး။
  • ပွေးဖြစ်လို့ လိမ်းတဲ့ဆေးတွေ၊ ခြေသည်းမှိုစွဲလို့ လိမ်းတဲ့ဆေးတွေ၊ သောက်တဲ့ဆေးတွေက မှိုသတ်ဆေးတွေပါပဲ။
  • သန်ချဆေးတို့ ငှက်ဖျားရောဂါမှာ သုံးတဲ့ဆေးတွေကတော့ ကပ်ပါးပိုးသတ်ဆေးတွေပဲ ဖြစ်ပါတယ်။

ဒီထဲမှာ အပေါများဆုံးနဲ့ လူတွေ အသုံများဆုံးကတော့ ပိုးသတ်ဆေးလို့ အလွယ်ခေါ်ဝေါ်ကြတဲ့ ဘက်တီးရီးယားသတ်ဆေးတွေပဲ ဖြစ်ပါတယ်။

ပိုးသတ်ဆေး (ဒါမှမဟုတ်) ဘက်တီးရီးယားသတ်ဆေး

ဒီဘက်တီးရီးယားဆေးတွေကို နည်းလမ်း ၃ခုနဲ့ ခွဲခြားနိုင်ပါတယ်။

  • အာနိသင်ပြနိုင်တဲ့ ဘက်တီးရီးယား အမျိုးအစား

တချို့ဆေးတွေက ဘက်တီးရီးယားအမျိုးအစားတော်တော်များများကို သေစေနိုင်ပါတယ်။ ဒါကို broad spectrumလို့ ခေါ်ပါတယ်။ တချို့ဆေးတွေကျတော့ ဘက်တီးရီးယား အမျိုးအစား အနည်းငယ်ကိုပဲ သေစေနိုင်ပါတယ်။ ဒါကို narrow spectrumလို့ ခေါ်ပါတယ်။

  • ဘက်တီးရီးယားကို သေစေမှာလား၊ မပွားအောင် တားမှာလား

ဆေးတွေအများကြီးရှိတဲ့ အထဲမှာ တချို့ဆေးတွေက ဘက်တီးရီးယားတွေကို သေစေပါတယ် (ဥပမာ ပင်နီဆလင်)။ တချို့ဆေးတွေက ဘက်တီးရီးယားကို မပွားအောင် တားပေးပါတယ် (ဥပမာ တက်တရာဆိုင်ကလင်း)။ တချို့ဆေးတွေကျတော့ ဆေးပမာဏ၊ သောက်တဲ့ကြာချိန်၊ ဘက်တီးရီးယားအခြေအနေပေါ် မူတည်ပြီး သေအောင်လည်း လုပ်လို့ရသလို မပွားအောင်လည်း လုပ်လို့ရပါတယ် (ဥပမာ ကွီနိုလုံး)။

  • ဘယ်လိုနည်းနဲ့ ဘက်တီးရီးယားတွေကို သေစေမှာလဲ။

တချို့ဆေးတွေက ဘက်တီးရီးယားရဲ့ ပရိုတိန်းထုတ်တာကို ပိတ်ပစ်တယ်၊ တချို့ဆေးတွေက ဘက်တီးရီးယားရဲ့ အပြင်ခွံ မထုတ်နိုင်အောင် တားမြစ်တယ်။ တချို့ကျတော့ သူတို့ရဲ့ ဆဲလ်ထဲက လုပ်ငန်းစဉ်တွေကို နှောင့်ယှက်တယ် စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ ဘက်တီးရီးယားကို ဖျက်ဆီးပါတယ်။ ဆေးတစ်မျိုးနဲ့ တစ်မျိုး အလုပ်လုပ်ပုံခြင်း မတူပါဘူး။

ဒါတွေကို ကြည့်လိုက်မယ်ဆိုရင် ဘာလာလာ ဆေးတစ်မျိုးတည်း သောက်လို့ မရဘူးဆိုတာ နားလည်လောက်ပါပြီ။

ပိုးသတ်ဆေးတွေကို ဘယ်မှာသုံးသလဲ။

ပိုးသတ်ဆေးတွေ အထူးသဖြင့် ဘက်တီးရီးယားဆေးတွေကို လူမှာ အသုံးပြုတာ များပါတယ်။ အဓိကကတော့ ဘက်တီးရီးယားပိုးဝင်ကူးစက်ခံရတဲ့အခါ မြန်မြန်သက်သာအောင်လို့ပါ။ ဒါ့ပြင် တချို့ပိုးတွေ ဝင်မလာခင်မှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပေးတာလည်း ရှိပါတယ်။ ဥပမာ HIVပိုးရှိတဲ့ သူမှာ တီဘီရောဂါဝင်နိုင်တဲ့ အခြေအနေရှိရင် တီဘီဆေး တစ်မျိုးလောက် ကြိုတိုက်ထားတာမျိုးပါ။

လူတင်ပဲ မဟုတ်ပါဘူး။ ပိုးသတ်ဆေးတွေကို တိရစ္ဆာန်တွေ၊ အပင်တွေမှာလည်း သုံးပါတယ်။ တိရစ္ဆာန်တွေမှာ သုံးတဲ့ ရည်ရွယ်ချက်ကတော့ အသားတိုးအောင်၊ နာမကျန်းမဖြစ်အောင်၊  အူထဲမှာ ဘက်တီးရီးယားတွေ ဗီတာမင်တွေ များများထုတ်နိုင်အောင်ပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ခရီးသွားခါနီးရင် ကြိုပြီး ကာကွယ်ဆေး တိုက်တာ၊ ဘေးအိမ်က ကြက်နာကျတဲ့အခါ ကိုယ့်အိမ်ကကြက်တွေ လိုက်မနာအောင်စတဲ့ ကြိုကာတဲ့အနေနဲ့လည်း သုံးကြပါတယ်။

အပင်တွေမှာဆိုရင်လည်း သစ်သီးတို့၊ ဟင်းသီးဟင်းရွက်တို့၊ သစ်ခွတို့ စိုက်ပျိုးတဲ့နေရာမှာ သုံးပါတယ်။

ပိုးသတ်ဆေးတွေ ရဲ့ နောက်ဆက်တွဲဆိုးကျိုး 

ပိုးသတ်ဆေးတွေရဲ့ လူသိများတဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့ ဆေးဓာတ်မတည့်တာ၊ အန်တာ၊ ဝမ်းလျှောတာ၊ အသည်းထိတာ၊ ကျောက်ကပ်ထိတာ စတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒါက တစ်ဦး တစ်ယောက်ချင်းစီမှာ ဖြစ်နိုင်တဲ့ ပြဿနာပါ။

ခုနောက်ပိုင်းမှာတော့ နောက်နှစ်အနည်းငယ်လောက်ဆိုရင် လူတိုင်းကို ဒုက္ခပေးနိုင်တဲ့ ဆေးယဉ်ပါး ပြဿနာဆိုတာ ပေါ်လာပါပြီ။ အဓိကကတော့ ပဋီဇီဝပစ္စည်းတွေကို မဆင်မခြင် သောက်လို့ပါပဲ။ ဘက်တီးရီးယားဆေး အပါအဝင် ဆေးတိုင်းဟာ နည်းစနစ်တကျ မသောက်သုံးဘူးဆိုရင် ဆေးယဉ်ပါးပြီး ဆေးမတိုးတာ ဖြစ်တတ်ပါတယ်။ လက်ရှိမှာတော့ ဆေးအမျိုးအစား အများကြီးရှိပြီး လူတွေနဲ့ ရင်းနှီးနေတဲ့ ဘက်တီးရီးယားဆေးတွေဟာ ဆေးယည်ပါးဒဏ်ကို အခံရဆုံးပါပဲ။

ပဋိဇီဝဆေးတွေက အင်မတန်တိကျပါတယ်။ သူတို့မှာ သတ်နိုင်တဲ့ ပိုး၊ သတ်နိုင်တဲ့ နည်းလမ်း အတိအကျ ကုဒ်ရိုက်ထားသလိုပါပဲ။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာကို ဘက်တီးရီးယားဆေးပေးလို့မရပါဘူး။ ဘက်တီးရီးယားဆိုရင်တောင်မှ မျိုးမတူရင် အာနိသင်မရပါဘူး။ လူတစ်ယောက်မှာပဲ ဒီတစ်ခေါက် ချောင်းဆိုးတာနဲ့ အရင်က ချောင်းဆိုးတာ အကြောင်းရင်းချင်း မတူရင် ဆေးအတူတူ ပေးလို့မရပါဘူး။

ဒါကြောင့် ပိုးသတ်ဆေးတွေ သောက်မယ်ဆို စည်းကမ်းရှိရပါတယ်။ သူ့ဆေးနဲ့သူ ရက်အပြည့်သောက်ရပါတယ်။ မလိုရင် မသောက်ရပါဘူး။ စည်းစနစ်မကျရင် ပိုးတွေက ဗီဇပြောင်းပစ်ပြီး ဆေးယဉ်ပါးအဆင့် ရောက်သွားပါတယ်။ ဒါကြောင့် ရောဂါကြီးတွေ ဖြစ်တဲ့ တီဘီတို့ HIVတို့မှာ ဆေးကို တစ်မျိုးတည်း မပေးဘဲ နှစ်မျိုး သုံးမျိုး ပေါင်းပေးတာ ဖြစ်ပါတယ်။ ပိုးသတ်ဆေးက သမားကိုင်ဆေးဖြစ်တာကြောင့် ဆရာဝန်မညွှန်ကြားဘဲ မသောက်သင့်ပါဘူး။

ဒီလို ဆေးဝါးတွေ သောက်တာအပြင် တိရစ္ဆာန်မွေးမြူရေးတွေ၊ အပင်စိုက်ပျိုးရေးတွေမှာ သုံးတဲ့ ပိုးသတ်ဆေး အကြွင်းအကျန်တွေက လူ့ခန္ဓာကိုယ်ထဲရောက်ပြီး ဆေးယဉ်ပါး ဖြစ်လာနိုင်ပါသေးတယ်။ ဒါတွေကိုတော့ ဥပဒေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်မှ ရပါမယ်။

Takeaways

ပဋိဇီဝပိုးတွေကို  သုတ်သင်နိုင်တဲ့ နည်းလမ်းတွေက အများကြီးရှိပါတယ်။ ဒီနည်းလမ်းတွေက ကူးစက်ရောဂါတွေကို ကုသတဲ့နေရာ၊ ကာကွယ်တဲ့နေရာမှာ သိပ်ကို အရေးပါတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://en.wikipedia.org/wiki/Antimicrobial#:~:text=An%20antimicrobial%20is%20an%20agent,antifungals%20are%20used%20against%20fungi.

https://www.sciencedirect.com/topics/neuroscience/antimicrobials

http://amrls.cvm.msu.edu/pharmacology/summary

https://www.who.int/antimicrobial-resistance/global-action-plan/optimise-use/antimicrobials/en/

ယခုပုံစံ

22/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ

ပိုးသတ်ဆေးအကြောင်း သောင်းပြောင်းထွေလာ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement