backup og meta

Social Distancing နဲ့ ဘာကိုရှောင်လို့ ဘာကိုဆောင်ကြမယ်


Ye Zon Aung မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Social Distancing နဲ့ ဘာကိုရှောင်လို့ ဘာကိုဆောင်ကြမယ်

    COVID-19 လို့ခေါ်တဲ့ ကူးစက်မြန် အဆုတ်ရောင် ရောဂါ ဖြစ်ပွားလာတာဟာ ၆ လကျော်ကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့တစ်ဝှမ်းမှာ ရောဂါကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရသလို ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းကိုလည်း ထိထိရောက်ရောက်တားဆီးနိုင်စွမ်း အားနည်းနေသေးပါတယ်။

    ဒါကြောင့်လည်း ခုချိန်မှာ နိုင်ငံတိုင်းက အစိုးရတွေအနေနဲ့ လူထုအကြား ရောဂါကူးစက်မှုနှုန်း အရှိန်ကို လျှော့ချနိုင်စေဖို့ ရောဂါအခြေအနေဆိုးရွားတဲ့ ဒေသတွေကို Lock-down ချတာတွေ၊ Quarantine Zone အဖြစ် သတ်မှတ်တာတွေအပြင် နိုင်ငံတစ်ဝှမ်းက ဒေသတွေမှာ Social Distancing (သီးခြားနေထိုင်ခြင်း) ဆိုတဲ့ နည်းလမ်းကို အသုံးပြုပြီး ရောဂါပျံ့နှံ့မှုကို တားဆီးဖို့ ကြိုးစားလာနေကြပါတယ်။

    Social Distancing ဆိုတာဘာလဲ

    Social Distancing ဆိုတာက COVID-19 pandemic ကာလမှာ လူတွေ သတိထားမိလာတဲ့ အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။ Social Distancing (သီးခြားနေထိုင်ခြင်း) ဆိုတာက လူမှုရေး၊ စီးပွားရေး၊ သာရေး နာရေးတွေနဲ့ လုပ်ငန်းခွင်ကိစ္စတွေအားလုံးဆောင်ရွက်ရာမှာ အကွာအဝေးတစ်ခု သတ်မှတ်ပိုင်း ခြားပြီးနေထိုင်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။

    အစားအသောက် ဝယ်ခြမ်းဖို့၊ ကျန်းမာရေး ပြုစုကုသမှုခံယူဖို့ စတဲ့ အခြေခံ လိုအပ်ချက်တွေအတွက်ကလွဲရင် ကျန်တဲ့ချိန်တွေမှာ အပြင်မထွက်ဘဲ နေအိမ်မှာပဲနေထိုင်ပြီး ရောဂါဖြစ်ပွားနှုန်းကျဆင်းအောင် တစ်ဖက်တစ်လမ်းကနေ ကူညီတဲ့နည်းလမ်းကို ခေါ်ဆိုတာဖြစ်ပါတယ်။

    အခြေခံအားဖြင့်တော့ Social Distancing လုပ်ရာမှာ –

  • မိမိဝန်းကျင်မှာရှိတဲ့ ဘယ်သူနဲ့မဆို အနည်းဆုံး ၆ ပေခြားပြီး နေမယ်
  • မဖြစ်မနေ အပြင်ထွက်ရရင် နှာခေါင်းစည်းတပ်မယ်။
  • လုပ်ငန်းဆောင်တာကို နေအိမ်ကနေ လုပ်ဆောင်မယ်။
  • သူငယ်ချင်း အပေါင်းအသင်းတွေ အပါအဝင် တွေ့ဆုံဖို့ ချိန်းဆိုထားသူတွေနဲ့ အပြင်မှာမတွေ့ဘဲ ဖုန်းခေါ်တာ၊ Video Call ခေါ်ဆိုတာတွေပဲလုပ်မယ်။
  • လုပ်ငန်းခွင်လိုအပ်ချက်အရ လုပ်ဆောင်ရမယ့် အစည်းအဝေးတွေ၊ တွေ့ဆုံပွဲတွေကို အွန်လိုင်းကွန်ဖရင့်တွေ၊ Video Conferencing တွေ လုပ်မယ်။ ဒါမျိုးတွေပေါ့။
  • Social Distancing ကာလမှာ ဘာတွေဆောင်လို့ ဘာတွေ ရှောင်ကြမလဲ

    Social Distancing လုပ်ကြတဲ့ကာလတွေဟာ လွယ်ကူတဲ့ ကာလတွေတော့မဟုတ်ပါဘူး။ စိတ်ထဲမှာ ကိုယ်က မိသားစုအတွက် ပတ်ဝန်းကျင်အတွက်၊ တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုပေးနေတယ်ဆိုတဲ့ စိတ်ကလေး မွေးထားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။

    လူတိုင်းဟာ စည်းတွေ ဘောင်တွေကြားမှာ နေရတာ၊ တစ်သီးတစ်ခြားနေရတာမျိုးကို သဘောတွေ့တတ်ကြတာမဟုတ်ပါဘူး။ အပေါင်းအသင်းမင်တတ်သူတွေ ပျော်တတ်သူတွေဆို ပိုဆိုးပါလိမ့်မယ်။

    ဒါပေမယ့် ဒီနည်းလမ်းဟာ ရောဂါထိန်းချုပ်မှုနဲ့ တားဆီးမှုကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တာမို့ လိုက်နာကျင့်သုံးကြည့်သင့်ပါတယ်။ ဒီလိုကျင့်သုံးရာမှာလည်း အောက်ပါ အချက်တွေကို သတိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

    ရှောင်ကြဉ်ရမည့် အချက်များ

    • Social Closening (သို့) Social Nearing ကို ရှောင်ပါ – လူ ၁၀ ယောက်ထက်ပိုတဲ့ လူစုလူဝေးတွေ၊ မပိတ်သေးတဲ့ ဈေးဝယ်စင်တာတွေ၊ စားသောက်ဆိုင်တွေ၊ ဘာသာရေးအခမ်းအနားတွေ အားလုံးပါဝင်ပါတယ်။ ဒါတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းဟာ ထိရောက်မှု အရှိဆုံးနည်းလမ်းလို့ ကမ္ဘာတစ်ဝှမ်းက ကျန်းမာရေး ဌာနတွေအားလုံးက ဆိုထားပါတယ်။
    • ကမ်းခြေတွေကိုလည်း ရှောင်ပါ – အခွန်ဝင်ငွေ အမြောက်အများရရှိနေတဲ့ ကမ်းခြေတွေကိုပိတ်ပစ်ဖို့ အစိုးရတော်တော်များများက စိုးရွံ့ကြပါတယ်။ ဒါပေမယ့် ကမ်းခြေတွေကို ရှောင်တာဟာ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။
    • ရောဂါလက္ခဏာ မပြတာဟာ ရောဂါမရှိတာလို့ ယူဆလို့မရပါဘူး – COVID-19 ဟာ တစ်ခါတရံမှာ ရောဂါလက္ခဏာ မပြသသေးပဲ အချိန်တစ်ခုအထိ ခန္ဓာကိုယ်ထဲမှာ ရှိနေနိုင်ပါတယ်။ ခုချိန်ထိ သိရှိထားရသမျှ လေ့လာချက်တွေအရဆိုရင် ရောဂါကူးစက်ခံထားရသူတွေရဲ့ ၁၈% ဟာ လက္ခဏာပြသခြင်းမရှိပေမယ့် ဆေးစစ်ကြည့်မှ ပိုးရှိကြောင်း သိခဲ့ရသူတွေဖြစ်ပါတယ်။ ဒါကြောင့် လက္ခဏာမပြသတာဟာ ရောဂါမရှိတာလို့ တစ်ထစ်ချမယုံကြည်လိုက်ပါနဲ့။
    • အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ရှောင်ပါ – Social Distancing လုပ်တယ်ဆိုတာ အမြဲတမ်း အိမ်ထဲ ထိုင်နေရမယ်လို့ ဆိုလိုထားတာမဟုတ်တာမို့ အကြောင်းကိစ္စ တစ်စုံတစ်ရာရှိလာရင် အပြင်ထွက်ဖို့ ကြောင်းဖန်လာနိုင်ပါတယ်။ ဘာကြောင့် အပြင်ထွက်ရ ထွက်ရ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ ဘားတွေ၊ စာကြည့်တိုက်တွေ၊ ပြတိုက်တွေ၊ ရုပ်ရှင်ရုံတွေ၊ ဘုရားကျောင်း၊ စေတီပုထိုး၊ ဘုန်းကြီးကျောင်း၊ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ အများပြည်သူသုံး ပို့ဆောင်ရေးစနစ်တွေကို ဖြစ်နိုင်သမျှ ရှောင်ကျဉ်သင့်ပါတယ်။ ရောဂါပိုးဟာ မာကျောတဲ့ မျက်နှာပြင်တွေမှာ တွယ်ညိနေနိုင်ပြီး ၂၄ နာရီဝန်းကျင်အထိ အသက်ရှင်နိုင်တယ်လို့ ဆိုထားတာမို့ ဘယ်နေရာမှာမဆို ရှိနေနိုင်တာကြောင့်ပါ။
    • Social Distancing လုပ်တာပါ၊ အိမ်တွင်းမှာပဲ နေရမယ်လို့ မဆိုလိုပါ – တချို့က Social Distancing လုပ်တာဟာ အိမ်ထဲက အိမ်ပြင်မထွက်ခိုင်းတာလို့ မှတ်ယူထားကြပါတယ်။ မဟုတ်ပါဘူး။ အကြောင်းကိစ္စရှိရင် ထွက်လို့ရပါတယ်။ လူတွေနဲ့ မထိအောင်၊ အရာဝတ္ထုတွေကို မကိုင်မိအောင် တတ်နိုင်သမျှ ရှောင်ပြီး အပြင်ကို သွားလာလို့ရပါတယ်။
    • မိသားစုဝင်မို့ ဘာမှမဖြစ်ဘူး မထင်ပါနဲ့ – ဟုတ်ပါတယ်။ လူတိုင်းနဲ့ တတ်နိုင်သမျှ အကွာအဝေးတစ်ခု သတ်မှတ်ပြီးနေတာက အကောင်းဆုံးပါ။ မိသားစုဝင်ဆိုပေမယ့်လည်း သူတို့ကိုလည်း သတိပေးထားရပါမယ်။
    • အသက် ၆၀ နဲ့အထက် ကိုယ်ခံအားစနစ် မကောင်းတဲ့သူတွေကို သတိထားပါ – မိမိ အိမ်မှာရှိနေရင် ဂရုစိုက်ဖို့ လိုအပ်သလို သူတပါးအိမ်မှာရှိနေရင်လည်း အဲ့ဒီအိမ်ကို မသွားဖြစ်ဖို့ သတိထားရမှာဖြစ်ပါတယ်။
    • မလိုအပ်ပဲ ဆေးရုံ၊ ဆေးခန်း မသွားပါနဲ့ – ကိုယ့်မှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်မှာ ဆေးရုံဆေးခန်း သွားသင့်ပါတယ်။ ဒီနေရာတွေဟာ လူပေါင်းစုံဝင်ထွက်နေတဲ့ နေရာဖြစ်တာမို့ ဆရာဝန်တွေ ကိုယ်တိုင်အတွက်တောင်မှ အန္တရာယ်များလှပါတယ်။
    • ကလေးတွေကို တခြားကလေးတွေနဲ့ အတူမကစားစေပါနဲ့ – ကလေးတွေကို Social Distancing အကြောင်းရှင်းပြပြီး နေအိမ်မှာပဲ ကစားစေပါ။
    • Deliveryနဲ့ မှာတာကို တတ်နိုင်သမျှ လျှော့ပါ။ တတ်နိုင်ရင် အိမ်မှာပဲ ချက်စားပြီး အပြင်စာတွေကို မမှာပါနဲ့။ မဖြစ်မနေလိုအပ်တဲ့ ပစ္စည်းတွေက လွဲပြီး ကျန်တာတွေ မမှာပါနဲ့။ ဗိုင်းရပ်စ်က စက္ကူအိတ်တွေ၊ ပလတ်စတစ်တွေမှာ နာရီပိုင်းကနေ ရက်ပိုင်းလောက်ထိ နေနိုင်တယ်ဆိုတာ သတိရပါ။ ဒါကြောင့် လာပို့သွားရင်လည်း အပြင်က အိတ်တွေကို ချက်ချင်း စွန့်ပစ်ပါ။ လက်ဆေးပါ။
    • ကိုယ့်အတွက်ပဲ ကိုယ်မတွေးပါနဲ့ – COVID-19 ဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးဖြစ်ပါတယ်။ ကိုယ်တစ်ယောက်တည်း အန္တရာယ်ရှိတယ်လို့ တွေးတောပြီး အတ္တကြီးနေတာမျိုးမဖြစ်အောင်လည်း သတိထားပါ။

    လိုက်နာသင့်သည်များ

    • လူတွေနဲ့ ဝေးဝေးနေဖို့ကို အားမနာပါနဲ့ – ကိုယ့်တစ်ဦးရဲ့ အသိစိတ်ဓာတ်ရှိမှုဟာ ကိုယ်တိုင်ကိုသာမက နောက်ထပ် လူအများကြီးကိုပါ အကျိုးပြုနိုင်တယ်ဆိုတာ သိထားပါ။
    • လူတိုင်းနဲ့ အနည်းဆုံး ၆ ပေ အကွာမှာနေပါ – လူတွေနဲ့ ခပ်ကင်းကင်းနေလေ ရောဂါကူးစက်နိုင်ချေ၊ ပြန့်ပွားနိုင်ချေ နည်းလေဖြစ်ပါတယ်။ ခပ်ခွာခွာနေတာ အန္တရာယ်ကင်းတဲ့ နည်းလမ်းပါ။
    • လက်ဆေးပါ၊ စိတ်လိုလက်ရဆေးပါ – လက်ဆေးတာဟာ COVID-19 ရောဂါကို ကာကွယ်တားဆီးနိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဖြစ်နိုင်ရင် လက်ကို ဆပ်ပြာနဲ့ မကြာခန စင်ကြယ်စွာ ဆေးကြောပေးသင့်ပါတယ်။ ဆပ်ပြာနဲ့ ရေ အလွယ်တကူမရနိုင်ရင် အယ်လ်ကိုဟော ၈၀% နဲ့အထက်ပါဝင်တဲ့ Hand Gel တွေနဲ့လည်း သန့်စင်နိုင်ပါတယ်။ ဒီမှာ တစ်ခုသတိထားရမှာက Hand Gel သုံးပြီး ၁၀ စက္ကန့်အတွင်း ဘာ ပစ္စည်းကိုမှ မကိုင်တွယ်ဖို့ပါပဲ။ အဲ့ဒီအချိန်ဟာ Hand Gel စိမ့်ဝင်နေချိန်ဖြစ်တာမို့ပါ။
    • လူတွေနဲ့ ကိုယ့်အကြားက အကွာအဝေးကို အမြဲ သတိထားပါ – အပြင်ထွက်နိုင်တယ်ဆိုပေမယ့် လူတွေနား အရမ်မကပ်မိဖို့တော့ သိထားရမှာပါ။ သံသယဖြစ်ဖွယ်နေရာတွေကို မကိုင်တွယ်ဖြစ်ဖို့ သတိထားပါ။ နှာခေါင်းစည်းတပ်ဖို့လည်း မမေ့ပါနဲ့။
    • မဖြစ်မနေ ထိတွေ့ကိုင်တွယ်ရမယ့် အခြေအနေတွေမှာ အရေအတွက်ကို လျှော့ချနိုင်ဖို့ ကြိုးစားပါ – တချို့ အခြေအနေတွေက ခက်ခဲပါတယ်။ ရင်သွေးတို့ မိသားစုဝင်တို့နဲ့ အမြဲလို တစိမ်းဆန်ဆန်နေနေလို့ မရနိုင်ပါဘူး။ ဒီတော့ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ထိတွေ့ဆက်ဆံရမှာပါပဲ။ ဒါပေမယ့် အကြိမ်အရေအတွက်ကို လျှော့ချနိုင်ဖို့ ကြိုးစားပါ။ ဖက်လူကိုလည်း နားလည်အောင် ရှင်းပြထားပါ။
    • Social Distancing ဟာ Emotional Distancing မဟုတ်တာကို နားလည်ထားပါ – Social Distancing ဆိုတာက လူချင်း ခဏခွဲနေခိုင်းတာပါ။ စိတ်ခံစားချက်ပါ လွှင့်ပစ်စရာမလိုပါဘူး။ တချို့တွေက ရောချလာနိုင်ပါတယ်။
    • ဆေးရုံဆေးခန်း သွားခဲ့ပြီးရင် Social Distancing ကို ပိုပြီး တင်းတင်းကျပ်ကျပ်လုပ်ပါ – ဆေးရုံဆေးခန်းတွေဟာ ရောဂါသည်တွေလည်း ရောက်လာနိုင်တာမို့ ရောဂါကူးစက်နိုင်ချေရှိတဲ့ နေရာတွေထဲမှာပါဝင်နေပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ ဒီလိုနေရာတွေကို မဖြစ်မနေ သွားခဲ့ရပြီးရင် Social Distancing ကို ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်ဆောင်သင့်ပါတယ်။

    COVID-19 ကပ်ဘေးကြောင့် အားကစားပြိုင်ပွဲတွေ၊ ဘားတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ ပွဲလမ်းသဘင်တွေ၊ ရုပ်ရှင်ရုံတွေ၊ ဈေးဝယ်စင်တာတွေ ပိတ်ကုန်ပြီဖြစ်တာမို့ တစ်ယောက်တည်းနေနေရချိန်တွေဟာ ပျင်းဖို့ ကောင်းနေနိုင်ပါတယ်။ ဒါပေမဲ့ ခုလိုကာလမျိုးမှာ Social Distancing ကို လိုက်နာတာ၊ လူစုလူဝေးဖြစ်နိုင်တဲ့နေရာတွေကို ရှောင်ကျဉ်တာတွေဟာ အားလုံးအတွက် အကျိုးရှိစေမယ့် ကိစ္စရပ်ဖြစ်ပါတယ်။

    တကယ်လို့ ဒီရောဂါ မြန်မာပြည်ကို ရောက်လာခဲ့ရင်တောင်မှ Social Distancing လိုနည်းလမ်းမျိုးတွေကို စနစ်တကျ အသုံးချပြီး ရောဂါပြန့်ပွားမှုကို ကာကွယ်ထားနိုင်မယ်ဆိုရင် အီတလီ၊ အီရန်၊ တရုတ်တို့မှာလို အလျှင်အမြန်ကူးစက်ပြန့်ပွားတာမျိုးကို ထိထိရောက်ရောက် တားဆီးနိုင်မှာပါ။

    [covid_19]

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement