backup og meta

မှဲ့ကင်ဆာ ကို ကာကွယ်မယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 01/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မှဲ့ကင်ဆာ ကို ကာကွယ်မယ်ဆိုရင်

    မှဲ့က ဘယ်နားမှာ ရှိနေရင် စီးပွားတက်တယ်တို့ လူချစ်လူခင်များတယ်တို့ ဆိုပြီး ဖတ်ဖူးကြတယ်မလား။ မှဲ့ကနေ ကင်ဆာ ဖြစ်နိုင်တယ်ဆိုတာရော သိကြပါသလား။ ဒါကို ဆေးပညာအရ Melanoma လို့ ခေါ်ပါတယ်။ မှဲ့ကင်ဆာ က အရေပြားကင်ဆာ အမျိုးအစားထဲမှာ ပါပါတယ်။ ဒါပေမယ့် အရေပြားမှာ ဖြစ်တဲ့အတွက် စောစောသိရင် စောစောကုလို့ရပါတယ်။ ဒါကြောင့် မှဲ့ကင်ဆာရဲ့ လက္ခဏာတွေ၊ ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို သိထားဖို့ လိုပါတယ်။

    မှဲ့ကင်ဆာရဲ့ လက္ခဏာတွေ

    မှဲ့ကင်ဆာက နေရောင်နဲ့ အတွေ့များတဲ့ မျက်နှာ၊ လက်မောင်း၊ ခြေထောက်နဲ့ ကျောတွေမှာ အတွေ့ရများပါတယ်။ ရှားရှားပါးပါး နေရာင် မထိတဲ့ ခြေဖဝါး၊ လက်ဖဝါးနဲ့ လက်သည်းကြားမှာ ဖြစ်တာလည်း ရှိပါတယ်။ ဒါမျိုးကတော့ အသားညိုတဲ့ သူတွေမှာ ပိုအဖြစ်များပါတယ်။

    မှဲ့ကင်ဆာရဲ့ အစောဆုံးလက္ခဏာက

    • နဂိုရှိပြီးသားမှဲ့ ပုံစံပြောင်းလာတာ
    • မှဲ့အသစ် ဒါမှမဟုတ် မှဲ့နဲ့ တူတာမျိုးတွေ အသစ်ထပ်ထွက်လာတာပဲ ဖြစ်ပါတယ်။

    ပုံမှန်မှဲ့

    ပုံမှန်မှဲ့တွေက အရောင်ညီပါတယ်။ အညို ဒါမှမဟုတ် အမည်းရောင် ရှိပါတယ်။ ဘေးက အရေပြားနဲ့ သိသိသာသာ ကွဲထွက်နေပါတယ်။ အဝိုင်း ဒါမှမဟုတ် ဘဲဥ ပုံစံဖြစ်ပြီး ၆မီလီမီတာ (ခဲတံနောက်က ခဲဖျက်ဆိုဒ်) လောက်ပဲ ရှိပါတယ်။

    ကလေးဘဝကတည်းကနေ အသက်၄၀အထိ မှဲ့တွေ ထပ်ထွက်နိုင်ပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်မှာ မှဲ့ ၁၀ခုကနေ ၄၀အထိ ရှိနိုင်ပါတယ်။ ပုံပြောင်းနိုင်ပြီး အသက်ကြီးလာတာနဲ့အမျှ ပျောက်သွားတာမျိုးလည်း ရှိပါတယ်။

    ပုံမှန်မဟုတ်တဲ့ မှဲ့ရဲ့ လက္ခဏာ

    မှဲ့တစ်ခု ပုံမှန် ဟုတ်လား မဟုတ်ဘူးလား ဆိုတာကို အောက်က လက္ခဏာတွေနဲ့ တိုက်စစ်လို့ရပါတယ်။ အလွယ် ‘ABCDE ‘ လို့ မှတ်ထားပါ။ တစ်ခု ဒါမှမဟုတ် တစ်ခုထက် ပိုတဲ့ လက္ခဏာတွေ ရှိနေရင် ဆရာဝန်နဲ့ သွားပြပါ။

    • A (asymmetrical shape) – မှဲ့က ပုံစံမမှန်ဘူး။ ဥပမာ နှစ်ခြမ်းကွဲနေပြီး တစ်ခြမ်းနဲ့ တစ်ခြမ်း မတူတာ
    • B ( irregular border) – အနားသတ်တွေ မညီဘူး။ အဖုတွေ ထနေတယ်။ ချိုင့်နေတယ် စသဖြင့်။
    • C (changes in color) – မှဲ့က အရောင်မညီဘူး။
    • D (diameter) –  မှဲ့ရဲ့ အရွယ်က ၆မီလီမီတာ (ခဲတံနောက်က ခဲဖျက်ဆိုဒ်) ထက် ပိုကြီးတယ်။
    • E (evolving) – မှဲ့က အရင်ကနဲ့ မတူတော့ဘူး။ အရွယ်တွေ ပြောင်းတာတယ်။ အရောင်တွေ ပြောင်းလာတယ်။ ယားလာတယ်။ သွေးထွက်လာတယ် စတဲ့ လက္ခဏာ အသစ်တွေ ပေါ်လာရင် သတိထားရပါမယ်။

    အရေပြားမှာ မဖြစ်တဲ့ မှဲ့ကင်ဆာ

    မှဲ့ကင်ဆာလို့ ပြောတိုင်း မှဲ့ကနေ ဖြစ်ချင်မှ ဖြစ်တာပါ။ သာမန်အရေပြားကနေ ဖြစ်လာတာလည်း ရှိနိုင်ပါတယ်။ တစ်ခါ အရေပြားမှာ မဟုတ်ဘဲ တခြား အင်္ဂါအစိတ်အပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ ဥပမာ ပြောရရင် လက်သည်းအောက်မှာ ဖြစ်တာတို့၊ ပါးစပ်၊ အစာအိမ်နဲ့ အူလမ်းကြောင်း၊ ဆီးလမ်းကြောင်းနဲ့ မွေးလမ်းကြောင်းမှာ ဖြစ်တာတို့၊ မျက်လုံးထဲမှာ ဖြစ်တာတို့ စသဖြင့် ရှားရှားပါးပါး တွေ့ရတာမျိုးတွေလည်း ရှိပါတယ်။

    ဘာလို့ မှဲ့ကင်ဆာ ဖြစ်တာလဲ။

    လူတစ်ယောက် အသားဖြူတယ်၊ မည်းတယ်ဆိုတာ သူ့မှာ ရှိတဲ့ ရောင်ခြယ် ( melanin) ထုတ်တဲ့ ပစ္စည်း melanocytesနဲ့ ဆိုင်ပါတယ်။ ဒီဆဲလ်တွေရဲ့ DNAက အကြောင်းအမျိုးမျိုးကြာင့် ပျက်စီးတဲ့အခါ ဆဲလ်အသစ်တွေ ထွက်လာပါတယ်။ ဆဲလ်အသစ်တွေ ထိန်းမရအောင် ပွားလာတဲ့အခါ ကင်ဆာဆဲလ်တွေ ဖြစ်လာပါတယ်။

    အကြောင်းရင်းကို ရှာကြည့်တဲ့အခါ နေရောင်ကြောင့် ဖြစ်တာက အများဆုံးပါ။ ဒါပေမယ့် နေရာင် မထိတဲ့သူတွေမှာလည်း ဖြစ်နိုင်ချေ ရှိပါတယ်။ ဆိုလိုတာက နေရာင်မှာပါတဲ့ UV lightအပြင် တခြား ပတ်ဝန်းကျင်က သက်ရောက်မှုတွေ၊ မျိုးရိုးဗီဇအချက်အလက်တွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

    ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

    အသားလတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ အရေပြားမှာ melaninနည်းတာပါ။ melaninနည်းရင် UV ဒဏ်ကို ခံနိုင်ရည်မရှိပါဘူး။ တခြား အသားရောင်ရင့်တဲ့သူတွေထက် နေလောင်ဒဏ်ပိုခံရပြီး မှဲ့ကင်ဆာဖြစ်နိုင်ချေ ပိုများပါတယ်။

    • နေလောင်ဒဏ်ခံတဲ့သူတွေ

    နေလောင်ဒဏ်ပိုခံရလေလေ မှဲ့ကင်ဆာ ဖြစ်နိုင်ချေ များလေပါပဲ။

  • UV light ထိတာများရင်
  • အနောက်နိုင်ငံတွေမှာ အသားရောင်ရင့်တာကို ကြိုက်တဲ့အတွက် တမင်သက်သက် နေလောင်ခံတာ၊ နေလောင်တဲ့ မီးချောင်းတွေ၊ အိပ်ရာတွေနဲ့ နေတာမျိုး ရှိပါတယ်။ အဲ့ဒီပစ္စည်းတွေမှာ UV light ပါတာကြောင့် မှဲ့ကင်ဆာ အပြင် တခြားသော အရေပြားပြဿနာတွေကို ဖြစ်စေပါတယ်။

    • မှဲ့တွေ များလွန်းတာ၊ ပုံမမှန်တဲ့ မှဲ့တွေ ရှိတာ

    သာမန်မှဲ့တွေ အလုံး ၅၀လောက်ရှိနေရင် သူများထက်ပိုပြီး မှဲ့ကင်ဆာ ဖြစ်နိုင်ချေများပါတယ်။ ဒါ့ပြင် အပေါ်မှာ ပြောထားသလိုမျိုး ပုံမှန်မဟုတ်တဲ့ မှဲ့တွေ များနေတာလည်း မှဲ့ကင်ဆာဖြစ်နိုင်ချေကို ပိုများစေပါတယ်။

    • မိသားစုထဲမှာ မျိုးရိုးရှိတဲ့သူတွေ
    • ကိုယ်ခံအားကျနေတဲ့သူတွေ

    ဘယ်လိုကာကွယ်ကြမလဲ။

    • နေပူထဲ မသွားပါနဲ့

    နေပူရှိန်ပြင်းလွန်းတဲ့ မနက် ၁၀နာရီနဲ့ ညနေ ၄နာရီကြား အပြင်မထွက်ပါနဲ့။ နေလောင်ကာခရင်မ်လိမ်းပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။

    • နေလောင်ကာခရင်မ်လိမ်းပါ။

    SPFအနည်းဆုံး 30ပါတာကို လိမ်းပါ။ နေပူတဲ့နေ့တွေတင် မဟုတ်ဘဲ မိုးအုံ့တဲ့ နေ့တွေမှာပါ လိမ်းပါ။ လုံလုံလောက်လောက် လိမ်းပါ။ ၂နာရီတစ်ခါ လိမ်းပါ။ ချွေးထွက်ရင်၊ ရေစိုရင် ပြန်လိမ်းပါ။

  • အပြင်သွားရင် လုံလုံခြုံခြုံဝတ်ပါ။
  • အထူးသဖြင့် နေပူတဲ့အချိန်တွေမှာပေါ့။ ပွပွချောင်ချောင် အဝတ်တွေကို ဝတ်ပါ။ လက်တွေ ခြေထောက်တွေ လုံပါစေ။ အလင်းပြန်နိုင်တဲ့ အရောင်တွေ ဝတ်ပါ။ နေကာမျက်မှန်တပ်ပါ။

    • အရေပြားမှာ တစ်ခုခု ထူးခြားမှု ရှိမရှိ အမြဲတမ်း စစ်ဆေးပါ။

    မှဲ့တွေ ပြောင်းလဲမှု ရှိမရှိ၊ တင်းတိပ်တွေ အများကြီး ထွက်လာသလား စသဖြင့် သေချာ စစ်ဆေးပါ။ မျက်နှာ၊ လက်နဲ့ ခြေထောက်တွေ မဟုတ်ဘဲ တစ်ကိုယ်လုံးကို နှံ့နှံ့စပ်စပ် စစ်ဆေးပါ။ စိတ်ထဲ မသင်္ကာရင် ဆရာဝန်နဲ့ ပြသပါ။ စောစောသိမှ စောစော ကုနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 01/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement