ခွဲစိတ်မှုမှာ ဆရာဝန်က ဒူးဆစ်ရိုးတွေကို သတ္တု သို့မဟုတ် ပလတ်စတစ်အလွှာနဲ့ဖုံးအုပ်ပေးတာ ဒါမှမဟုတ် ဒူးဆစ်ရိုးပုံသဏ္ဍာန် အဆစ်တုကိုအစားထိုးထည့်သွင်းပေးတာဖြစ်ပါတယ်။ အများအားဖြင့် အသက် ၅၀ နဲ့ ၈၀ ကြားအရွယ်တွေ လုပ်ဆောင်ကြတဲ့ ခွဲစိတ်မှုဖြစ်ပြီး ကုသမှုခံယူသူ ၉၀ ရာခိုင်နှုန်းကျော်က နာကျင်မှုနဲ့ လှုပ်ရှားနိုင်စွမ်းတို့မှာ သိသိသာသာထူးခြားလာတာတွေ့ရပါတယ်။
ခွဲစိတ်မှုခံယူထားတဲ့လူနာတစ်ယောက်ဟာ ဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာနေထိုင်သရွေ့နောက် ၁၅ နှစ်လောက်အထိ အစားထိုးဒူးဆစ်ရဲ့လုပ်ဆောင်ချက်ကောင်းမွန်နေဦးမှာဖြစ်သလို ကုသမှု ၈၀ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းလောက်က နှစ် ၂၀ ထိ တာရှည်ခံနိုင်ပါတယ်။
ဒူးအစားထိုးခွဲစိတ်မှု ဘာကြောင့်လိုအပ်တာလဲ
ဒီကုသမှုကို ခံယူဖို့ လိုအပ်လာတဲ့ အဖြစ်များဆုံးအကြောင်းရင်းသုံးခုရှိပါတယ် –
အရိုးအဆစ်ရောင်ရောဂါ – ဒီအရိုးအဆစ်နာရောဂါက အသက်အရွယ်နဲ့ဆိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ ဒူးဆစ်မှာ ယိုယွင်းပျက်စီးလာတာကြောင့် အရိုးအဆစ်ရောင်၊ အဆစ်နာတွေဖြစ်လာတတ်ပါတယ်။ ဒီလူနာတွေအများစုက အသက် ၅၀ကျော်တွေဖြစ်ပေမယ့် လူငယ်တွေမှာလည်းဖြစ်နိုင်ပါတယ်။
လေးဖက်နာအဆစ်ရောင်ရောဂါ – ဒူးဆစ်ပတ်လည်ကအမြှေးပါးမှာ ထူပြီးရောင်ရမ်းလာတဲ့အခါဖြစ်လာတဲ့အဆစ်နာပါ။ နာတာရှည်ရောင်ရမ်းမှုကြောင့် အရိုးနုလွှာကိုထိခိုက်ပျက်စီးစေလို့ နာကျင်မှုနဲ့တောင့်တင်းမှုတွေဖြစ်စေနိုင်ပါတယ်။
ထိခိုက်မှုနောက်ပိုင်းအဆစ်နာရောဂါ – ဒီအမျိုးအစားကတော့ပြင်းထန်တဲ့ဒူးဆစ်ထိခိုက်မှုကြောင့်ဖြစ်လာတာပါ။ ဒူးနားတဝိုက်အရိုးအဆစ် ကျိုးအက်ခြင်း ဒါမှမဟုတ် အရွတ်ပြားစုတ်ပြဲခြင်းကြောင့် ဒူးဆစ်အရိုးနုလွှာကိုထိခိုက်စေတာဖြစ်ပါတယ်။
ဒီကုသမှုကို ဘယ်သူတွေခံယူဖို့ လိုအပ်လဲ
- လမ်းလျှောက်တာ၊လှေကားတက်တာ၊ ကားပေါ်အတက်အဆင်း၊ အထိုင်အထ တို့လိုနေ့စဉ်လုပ်နေကျတွေမှာ အဆင်မပြေတော့တဲ့အထိ ဒူးနာဝေဒနာပြင်းထန်နေသူတွေ၊ အကွေးအဆန့်အဆင်မပြေတော့သူတွေ…
- အရမ်းကြီးမဟုတ်ပေမယ့် အိပ်နေတဲ့အချိန် ဒါမှမဟုတ် နားနေချိန်မှာတောင် ဆက်တိုက်ဒူးနာနေသူတွေ…
- ဆရာဝန်ညွှန်တဲ့ဆေးတွေသောက်၊ အနားယူတာတောင် မသက်သာဘဲ ဒူးနာ၊ရောင်ရမ်းနေသူတွေ…
- ဒူးဆစ်နေရာမှာ သိသိသာသာ ချိုင့်နေတာ၊ဖောင်းနေတာလိုမျိုး ဒူးဆစ်ပုံသဏ္ဍာန်ပြောင်းလဲနေသူတွေ…
- ဒူးဆစ်ရောင်ရမ်းနာကြောင့် နေ့စဉ်လှုပ်ရှားမှုတွေမလုပ်နိုင်၊ မသွားမလာနိုင်၊ အလုပ်မလုပ်နိုင်လို့ စိတ်ဓါတ်ကျနေရသူတွေမှာ တခြားရွေးချယ်စရာကုထုံးတွေနဲ့ အဆင်မပြေတဲ့အခါ ခွဲစိတ်ကုသမှုက အသင့်တော်ဆုံးဖြစ်လာနိုင်ပါတယ်။
ဒူးအစားထိုးကုသမှု ဘယ်နှမျိုးရှိလဲ
ဒူးအစားထိုးကုသမယ်ဆိုရင် အမျိုးအစားတွေအများကြီးရှိပေမယ့် ဒူးဆစ်ရဲ့တစ်စိတ်တစ်ပိုင်းကိုအစားထိုးကုသမှုနဲ့ ဒူးဆစ်တစ်ခုလုံးကို အစားထိုးကုသမှုတို့ကို လုပ်ဆောင်ကြတာများပါတယ်။
ဒူးဆစ်တစ်ခုလုံးအစားထိုးကုသမှု (TKR)– ခွဲစိတ်မှုက ၁ နာရီကနေ ၃ နာရီအထိကြာမြင့်နိုင်ပါတယ်။ ထိခိုက်ယိုယွင်းနေတဲ့ ဒူးဆစ်မှာ သတ္တုအစားထိုးပစ္စည်း သို့မဟုတ် ပလတ်စတစ်အလွှာနဲ့အစားထိုးခွဲစိတ်ပေးတာဖြစ်ပါတယ်။
ဒူးဆစ်တစ်စိတ်တစ်ပိုင်းအစားထိုးကုသမှု (PKR)– ထိခိုက်ယိုယွင်းတဲ့ဒူးဆစ်အပိုင်းကိုပဲ ခွဲစိတ်အစားထိုးတာဖြစ်ပါတယ်။ အစားထိုးရတဲ့အပိုင်းနည်းလေ ခွဲစိတ်မှုသေးငယ်လေဖြစ်ပါတယ်။ ဒါ့ကြောင့်TKRလောက်တော့ ခွဲစိတ်ချိန်မကြာသလို ဆေးရုံမှာနေရချိန်ပိုနည်းတယ်၊ပြန်သက်သာလာချိန်လည်းမြန်ပါတယ်။
ခွဲစိတ်မှုအတွက် ဘာတွေပြင်ဆင်ရမလဲ
ခွဲစိတ်ကုသမှုမခံယူခင်မှာ လိုအပ်တဲ့စစ်ဆေးမှုတွေ၊ တိုင်ပင်ဆွေးနွေးမှုတွေလုပ်ရပါဦးမယ်။ ခွဲစိတ်ကုသမှုအတွက်လိုအပ်တာတွေကို ဝန်ဆောင်မှုရယူထားတဲ့ဆေးရုံနဲ့တိုင်ပင်ပြီး အကြံဉာဏ်ရယူပါ။ ခွဲစိတ်ပြီးတဲ့အခါ လူနာအနားယူနိုင်ဖို့ အိမ်မှာ ကြိုတင်ပြင်ဆင်၊ ရှင်းလင်းထားပါ။ လူနာကို စိတ်အေးအေးထားဖို့ မစိုးရိမ်အောင်ပြောပြထားပါ၊ အားပေးပါ၊ဝေဒနာပျောက်ကင်းပြီးကောင်းကောင်းလှုပ်ရှားနိုင်မယ့် အခြေအနေကို ကြိုပြီးပုံဖော်ပြောပေးပါ။
ပြန်လည်ကျန်းမာခြင်းကာလ
ဒူးဆစ်ခွဲစိတ်ကုသမှုခံယူထားတဲ့လူနာတစ်ယောက်ဟာ အခြေအနေကိုအရပ်ရပ်ကိုမူတည်ပြီး ၁ ရက်ကနေ ၃ ရက်လောက်တော့ဆေးရုံတက်ရပါလိမ့်မယ်။
နာကျင်မှုရှိနိုင်ပေမယ့် ကုသမှုအပြီးနောက်တစ်ရက်မှာ အထိန်းကိရိယာတစ်ခုခုနဲ့ဖြစ်ဖြစ် ထဖို့၊ လမ်းနည်းနည်းလျှောက်ကြည့်ဖို့ ကျန်းမာရေးစောင့်ရှောက်သူတွေက တိုက်တွန်းပါလိမ့်မယ်။ ဝန်ဆောင်မှုပေးတဲ့ ဆေးရုံမှ ကျွမ်းကျင်သူတွေရဲ့ပြန်လည်ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ဒူးသန်မာစေဖို့ရည်ရွယ်တဲ့ပြန်လည်သန်စွမ်းရေးကုထုံးတွေ၊လေ့ကျင့်ခန်းတွေရှိမယ်၊ ဒါတွေက အနည်းငယ်နာကျင်ရနိုင်ပေမယ့်နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ခြေနည်းစေပါတယ်။
အိမ်မှာ နားမယ်ဆိုရင်
ဒူးအစားထိုးခွဲစိတ်ထားသူအနေနဲ့ လုံးဝပြန်လည်ကျန်းမာဖို့က အချိန် ၃လအထိ ကြာနိုင်တယ်လို့ ကျန်းမာရေးအဖွဲ့အစည်းတွေကပြောပါတယ်။ လူနာတွေက ခွဲစိတ်ပြီး ၄ ပတ်ကနေ ၆ ပတ်နောက်ပိုင်း ကားပြန်မောင်းနိုင်မယ်၊ ၆ ပတ်ကနေ ၈ ပတ်နောက်ပိုင်း အလုပ်ပြန်ဆင်းနိုင်ပါမယ်။ပြန်လည်သန်စွမ်းရေးကုထုံးကိုတော့ ၃ လခံယူရနိုင်ပါတယ်။
အခြေခံအားဖြင့် လိုက်နာရမယ့်အကြံပြုချက်တွေကတော့ –
- အနာကျက်မြန်စေဖို့နဲ့ ကြွက်သားသန်မာစေဖို့အထောက်အကူဖြစ်မယ့် သံဓါတ်အားဆေးသောက်ပါ။
- အစောပိုင်းသီတင်းပတ်တွေအတွင်းမှာ ဒူးကွေးမချဖို့၊ အလေးအပင် မ မ ဖို့ သတိထားပါ။
- အချိန်အကြာကြီး မတ်တတ်မရပ်ပါနဲ့။ခြေကျင်းဝတ်တွေရောင်လာနိုင်တယ်။
- ကိုယ်အလေးချိန်ကို ဒူးကသေချာထမ်းနိုင်လောက်တဲ့အနေအထားမရောက်မချင်း လမ်းလျှောက်အကူကိရိယာ၊ ချိုင်းထောက်၊ တုတ်ကောက် တို့ကိုသုံးပါ။
- ညွှန်ကြားချက်အတိုင်းဆေးသောက်ပါ။
- လုပ်ခိုင်းတဲ့လေ့ကျင့်ခန်းတွေ လုပ်ပါ။
- ထိုင်ခုံမှာထိုင်တဲ့အခါ ခွဲစိတ်ထားတဲ့ခြေထောက်ကိုခွေးခြေခုံလေးနဲ့မြှင့်ထားပါ။
- အနာသေချာမကျက်သေးဘဲရေစိုမခံပါနဲ့။ အနာပိုးဝင်ဖို့ လွယ်စေနိုင်ပါတယ်။
- နီမြန်း၊ ရောင်ရမ်း၊ သွေးထွက်၊ ပြည်တည်၊ အရည်ထွက်၊ ကိုယ်ပူတာတွေ အပါအဝင် အနာပိုးဝင်တဲ့လက္ခဏာတွေရှိလာသလား သတိထား စောင့်ကြည့်ပါ။
- ချော်လဲတာမျိုး ထပ်ပြီးထိခိုက်တာ မဖြစ်စေဖို့ ဂရုစိုက်ပါ။
အများစုက ခွဲစိတ်ပြီး ၆ ပတ်အကြာမှာ ပုံမှန်လှုပ်ရှားမှုတွေပြန်လုပ်နိုင်ပါပြီ။ ဒါပေမယ့် ၃ လလောက်ထိတော့ နာကျင်မှုနဲ့ရောင်ရမ်းမှုတချို့ရှိနိုင်တယ်၊ တစ်ရှူးနဲ့ကြွက်သားအမာရွတ်တွေပျောက်ကင်းဖို့ ၂ နှစ်ကြာနိုင်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]