backup og meta

သင့်မှာ သွေးတိုးရှိရင် ဒီအစားအစာတွေ မစားသင့်ပါဘူး


Ye Myo Myat မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်မှာ သွေးတိုးရှိရင် ဒီအစားအစာတွေ မစားသင့်ပါဘူး

    နာတာရှည် သွေးတိုးရောဂါဆိုတာ ကျား၊ မ မရွေး ဖြစ်နိုင်ပြီး အသက်ကြီးတဲ့သူတွေမှာ ပိုပြီး အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။ နေထိုင်စားသောက်မှုပုံစံမမှန်တာ၊ အစာအာဟာရမျှတအောင် မစားတဲ့ လူငယ်ပိုင်းတွေမှာ သွေးတိုးဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။

    သွေးတိုးရောဂါ ရှိပြီဆိုရင် ဆရာဝန်နဲ့ အမြဲ ပြသပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို လေ့လာစစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။ သွေးတိုးကျစေမယ့် ဆေးကို အမြဲသောက်ပေးရမယ်။ အာဟာရရှိတဲ့ အစားအစာတွေကို စားပေးရမယ်။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးရမယ်။ ဒါဆိုရင် သက်တမ်းရှည်ကြာစွာ နေနိုင်ပြီး သွေးတိုးကြောင့် နောက်ဆက်တွဲ ရောဂါတွေ ဝင်လာနိုင်ဖို့ အခွင့်အလမ်း အလွန်နည်းသွားမှာ ဖြစ်ပါတယ်။

    သွေးတိုးရှိသူတွေမှာ အစာအာဟာရကို လွန်စွာ ဂရုစိုက်ဖို့ လိုအပ်တဲ့အတွက် သွေးပေါင်ချိန်တက်စေနိုင်တဲ့ တချို့သော အစားအစာတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားပေးရမယ်။ အသားဓါတ် ပြည့်ဝစွာ စားပေးရမယ်။ ပဲ၊ အဆီထုတ်ထားတဲ့ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေကိုလည်း စားပေးရပါမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းဖို့ လိုအပ်ပါတယ်။

    ဒါကြောင့် သွေးတိုးရှိသူတွေအနေနဲ့ သွေးပေါင်ချိန် တက်စေနိုင်တဲ့ အစားအစာတွေ၊ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။

    ၁။ ဆား

    အငန်ဓါတ်ဟာ သွေးတိုးရောဂါကို ပိုဆိုးသွားစေနိုင်တဲ့ အဓိကတရားခံတွေက တစ်ခုပါပဲ။ အငန်ဓါတ်စားသုံးမှု များခြင်းကြောင့် ယနေ့ခေတ်မှာ သွေးတိုးရောဂါ ရှိနေတဲ့ သူအရေအတွက်ဟာ များသထက် များလာပါတယ်။ ဒါကြောင့် အစားအစာချက်ပြုတ်တော့မယ်ဆိုရင် ဆားကို လျှော့ထည့်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ အစာကြေလွယ်စေမယ့် အရသာမျိုးဖြစ်အောင် ချက်ပြုတ်ပါ။

    ၂။ သိုလှောင်ထားတဲ့ အသား

    စတိုးဆိုင်တွေမှာ တာရှည်ခံေအာင် ထုတ်ပိုးပြင်ဆင်ထားတဲ့ အသားတွေဟာ လတ်ဆတ်တယ်လို့ ထင်ရပါတယ်။ တကယ်ကတော့ ဒီအသားတွေကို ဆား၊ အချိုမှုန့်တွေနဲ့ နယ်ထားတဲ့အပြင် တာရှည်ခံစေဖို့ ဓါတုဗေဒနည်းပညာတွေနဲ့ ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် သွေးတိုးရှင်တွေအတွက် သွေးပေါင်တက်စေနိုင်တဲ့အပြင် ကျန်းမာရေးအတွက်လည်း ရေရှည်မှာ ဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။

    ၃။ ပီဇာ

    ဆိုင်မှာ အလွယ်တကူ မှာစားလို့ ရတဲ့ ပီဇာဖြစ်ပါစေ၊ တာရှည်ခံအောင် အအေးခန်းထဲမှာ ထုတ်ပိုးပြီး ပြုလုပ်ထားတဲ့ ပီဇာတွေဟာ သွေးတိုးရောဂါရှင်တွေ ရှောင်သင့်တဲ့ အစားအစာ စာရင်းထဲမှာ ပါပါတယ်။ ကိုယ်ခန္ဓါအတွက် မကောင်းတဲ့ ကယ်လိုရီနဲ့ ကိုလက်စထရောဓါတ်တွေ များတဲ့အပြင် ဆားနဲ့ ဟင်းခတ်မှုန့်များစွာ ပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် မကောင်းပါဘူး။

    ၄။ ဆားရည်စိမ်ထားတဲ့ ဟင်းသီးဟင်းရွက်

    ကျွန်တော်တို့ မြန်မာလူမျိုးတွေ အလွန်ကြိုက်ကြတဲ့ တို့စရာတွေထဲမှာ ဆားရည်စိမ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေဟာလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။ သဘာဝနည်းလမ်းနဲ့ တာရှည်ခံအောင် ပြုလုပ်ဖို့အတွက် ဆားရည်နဲ့ နာရီပေါင်းများစွာ နှပ်နေအောင် စိမ်ထားတာ ဖြစ်ပါတယ်။ ဒီအခါမှာ သခွားသီးလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတောင် ဆားရည်တွေ အတွင်းထဲထိ စိမ့်ဝင်သွားတဲ့အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ၅။ သိုလှောင်ထားတဲ့ ခရမ်းချဉ်သီး အနှစ်

    စည်သွပ်ဘူးနဲ့ ဖြစ်စေ၊ ဖန်ပုလင်းနဲ့ ဖြစ်စေ ခရမ်းချဉ်သီး အနှစ်ကို သိုလှောင်တဲ့ အခါ ဆားကို ထည့်ပေးရပါတယ်။ သွေးတိုးရောဂါရှင်တိုင်း ရှောင်ကြဉ်သင့်တဲ့ အရာတွေထဲမှာ ဆားဟာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါကြောင့် တာရှည်ခံအောင် ဆားထည့်ပြီး သိုလှောင်ထားတဲ့ ခရမ်းချဉ်သီးအနှစ်အစား လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီးကို လှီးစိတ်ပြီး ချက်ပြုတ်တာဟာ အရသာပိုရှိသလို ကျန်းမာရေးနဲ့လည်း ပိုပြီး သင့်တော်ပါတယ်။

    ၆။ သကြား

    ဆီးချိုရောဂြါဖစ်စေတဲ့ အဓိကတရားခံအဖြစ် သကြားကို လူသိများကြပါတယ်။ အချိုဓါတ် စားသုံးမှု များလာတဲ့အခါ ကိုယ်အလေးချိန် တက်ပြီး အဝလွန်လာမယ်။ ဆီးချိုဖြစ်လာတဲ့အခါ သွေးတိုးရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ သွေးတိုးရှိပြီးသားသူတွေအတွက် သွေးတွင်း သကြားဓါတ်ကို မြင့်တက်စေတဲ့အပြင် သွေးပေါင်တက်စေနိုင်တာကြောင့် မစားသင့်ပါဘူး။ အချိုဓါတ်များတဲ့ မုန့်တွေ၊ အအေး၊ ဖျော်ရည်တွေ၊ စားစရာထဲမှာ သကြား အလွန်အကျွံထည့်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။

    ၇။ အဆီ

    အငန်ဓါတ်နဲ့ အချိုဓါတ်အပြင် ကိုယ်ခန္ဓါကို ဒုက္ခပေးနိုင်တဲ့ အရာတွေထဲမှာ ပြည့်ဝဆီနဲ့ မသန့်ရှင်းတဲ့ အဆီ၊ ကိုလက်စထရောများတဲ့ အဆီ စားသုံးခြင်းလည်း တစ်ခုအပါအဝင်ပါပဲ။ အနီရောင်ရှိတဲ့ အသားတွေ ဥပမာ – ဝက်သား၊ အမဲသား၊ ကြက်အရေခွံ၊ အဆီမထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေ၊ ထောပတ်၊ စားအုန်းဆီတွေကို လျှော့စားပေးပါ။ မပြည့်ဝဆီတွေ ဖြစ်တဲ့ ပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ ထောပတ်သီး အဆီအနှစ်တွေကတော့ သွေးတိုးရောဂါရှင်တွေအတွက် စားဖို့ သင့်လျော်ပါတယ်။

    ၈။ အရက်

    အရက်သောက်ခြင်းကြောင့် အသည်း၊ ကျောက်ကပ်၊ နှလုံးကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် သွေးတိုးရောဂါရှင်တွေလည်း သွေးပေါင်တက်စေနိုင်ပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့ ကင်ဆာရောဂါ၊ အသည်းအဆီဖုံးတာ၊ အဝလွန်တာ၊ ကိုယ်အလေးချိန်တက်တာတွေပါ ဖြစ်လာနိုင်ပါတယ်။

    ဒါဆိုရင် သွေးတိုးရောဂါရှိတဲ့သူတွေ ဘာစားပေးသင့်လဲ။

    အမျှင်ဓါတ်များတဲ့ အစားအစာတွေ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတို့ကို အဓိကစားသုံးပေးပါ။ အဆီ၊ အငန်၊ အချို စားသုံးမှု နည်းနိုင်သမျှ နည်းအောင် စားပါ။ လေ့ကျင့်ခန်း များများလုပ်ပါ။ ဆေးလိပ်၊ အရက် လျှော့သောက်ပါ။ အထိုင်များပြီး လှုပ်ရှားမှုနည်းခြင်းဟာလည်း သွေးတိုးရောဂါသည်တွေအတွက် မကောင်းတဲ့ အလေ့အကျင့်ဖြစ်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement