backup og meta

ကလေးငယ်အတွက်အသင့်တော်ဆုံးဖြစ်မယ့် ပလာစတာ ဒါမှမဟုတ် ပတ်တီးရွေးချယ်မယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 28/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်အတွက်အသင့်တော်ဆုံးဖြစ်မယ့် ပလာစတာ ဒါမှမဟုတ် ပတ်တီးရွေးချယ်မယ်

    ကလေးငယ်တွေက မွေးကင်းစကနေလမ်းမလျှောက်ခင်အချိန်ထိကတော့ သူတို့လေးတွေထိခိုက်ဒဏ်ရာမရအောင် ထိန်းသိမ်းပေးဖို့က အရမ်းတော့မခက်လှပါဘူး။ ဒါပေမယ့် လမ်းလျှောက်စမ်းတဲ့အရွယ်ကနေ ပြေးလွှားဆော့တတ်တဲ့အရွယ်မှာတော့ထိခိုက်ဒဏ်ရာမရအောင်ဂရုစိုက်ပေးဖို့ဆိုတာက နည်းနည်းခက်ခဲလာပြီလို့ပြောရပါမယ်။ ကလေးဆိုတာကလည်း အငြိမ်မနေ ဆော့နေတတ်ကြတာပါ။ ဒါကြောင့် သူတို့လေးတွေကိုထိခိုက်ဒဏ်ရာမရအောင်လုပ်ဖို့ကမလွယ်တာကြောင့် ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာကို သိထားဖို့တော့လိုပါမယ်။

    ကလေးတွေမှာထိခိုက်ဒဏ်ရာရရင် ဘယ်လိုဂရုစိုက်မလဲ

    အလန့်ပြေအောင်လုပ်ပေးပါ

    ကလေးမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ အရင်ဆုံးလုပ်ရမှာကသူတို့လေးတွေလန့်သွားခဲ့ရင် အလန့်ပြေအောင်ချော့ပေးဖို့ပါ။ ပြီးရင်တော့ရေနည်းနည်းလောက်တိုက်ပေးရပါမယ်။

    လက်တွေကို ဆေးကြောပါ

    ကလေးရဲ့အနာကို မကိုင်တွယ်ခင်မှာ အရင်ဆုံးလက်တွေကို သန့်စင်အောင်ဆေးကြောရပါမယ်။ အနာကိုကိုင်တွယ်မယ့်လက်ကို သန့်ရှင်းအောင်လုပ်တာက အနာကိုပိုးမဝင်အောင် ကာကွယ်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။

    သွေးတိတ်အောင်လုပ်ပေးပါ

    ကလေးက သွေးထွက်တဲ့အနာမျိုးရထားတာဆိုရင်တော့သွေးတိတ်အောင်လုပ်ပေးရပါမယ်။ အဝတ်သန့်သန့်လေးတစ်ခုနဲ့ အနာပေါ်ကို ဖိပေးတာမျိုး၊ ရေခဲဝတ်ကပ်ပေးတာမျိုး၊ရေအေးအေးလေးနဲ့ဆေးပေးတာမျိုးလုပ်ပေးရပါမယ်။ သွေးတိတ်သွားစေဖို့အတွက် အနာပေါ်ကို ၅မိနစ်ကနေ ၁၀ မိနစ်လောက်အထိဖိထားပေးပါ။ အချိန်တော်တော်ကြာတဲ့အထိမှ သွေးမတိတ်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ရပါမယ်။

    အနာကို သန့်စင်ပေးရပါမယ်

    အနာကို ပိုးဝင်တာမျိုးမဖြစ်စေဖို့အတွက် အကောင်းဆုံးလုပ်နိုင်မယ့်တစ်ခုက အနာကို သန့်စင်ပေးဖို့ပါ။ အနာကိုရေသန့်သန့်လေး၊ ဆပ်ပြာလေးသုံးပြီးသန့်စင်ပေးလို့ရပါတယ်။ အရက်ပြန်နဲ့သုတ်တာ၊ hydrogen peroxide သုံးတာမျိုးမလုပ်ပါနဲ့။ အနာကိုစပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်သလို တစ်ရှူးတွေပျက်စီးစေနိုင်တာကြောင့်ပါ။

    antibiotic cream တစ်ခုခုသုံးပေးပါ

    အနာကို သန့်စင်ဆေးကြောပြီးသွားရင်တော့ အနာကိုantibiotic cream တစ်ခုခုလူးပေးရပါမယ်။ ဒီလိုလူးပေးတာက အနာကိုပိုးမဝင်အောင်ကာကွယ်ပေးပါလိမ့်မယ်။ အနာမကျက်မချင်း တစ်နေ့ကို တစ်ကြိမ်ကနေ ၃ ကြိမ်လောက် ကလေးရဲ့အနာကိုantibiotic cream လူးပေးပါ။

    အနာကို ပလာစတာကပ်ပေးပါ

    အနာကို ပလာစတာမကပ်ဘဲထားမယ်ဆိုရင် အနာကျက်နှေးနိုင်ပါတယ်။ အနာကို သန့်စင်အောင်ဆေးကြောပြီးတာနဲ့ရေခြောက်အောင်သုတ်ပြီး အနာကိုပလာစတာကပ်ပေးပါ။

    အာဟာရမျှတအောင် ကျွေးပါ

    ကလေးငယ်ကို အာဟာရမျှတအောင်ကျွေးမွေးပေးတာက အနာကျက်စေဖို့အတွက်အထောက်အကူဖြစ်စေပါလိမ့်မယ်။ ကလေးငယ်မှာ အနာတစ်ခုခုဖြစ်နေတယ်ဆိုရင် ကလေးနေ့စဉ်စားသုံးမယ့်အစားအသောက်တွေထဲမှာ ကြက်သား၊ ငါး၊ပဲအမျိုးမျိုး၊ ဗီတာမင် စီပါတဲ့ အသီးတွေ၊ အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေ၊အခွံမာသီး၊ ဂျုံကြမ်းပေါင်မုန့်တွေကိုထည့်သွင်းကျွေးမွေးပေးရပါမယ်။

    အနာပိုးဝင်နေလားဆိုတာ စစ်ဆေးပေးပါ

    အနာကပြည်တည်နေလား၊ အနံ့ဆိုးထွက်နေလား၊ အရင်ကထက်ပိုနာလာတာမျိုးရှိလားဆိုတာကိုစစ်ဆေးပါ။ ဒီလိုလက္ခဏာတွေဖြစ်နေမယ်ဆိုရင် အနာကပိုးဝင်နေတာမျိုးဖြစ်နိုင်တာကြောင့် နီးစပ်ရာဆေးရုံဆေးခန်းကိုသွားရောက်ပြသပေးရပါမယ်။

    ကလေးတွေမှာ ဘယ်လိုဒဏ်ရာတွေအဖြစ်များလဲ

    • ပေါက်ပြဲဒဏ်ရာ
    • ပြတ်ရှဒဏ်ရာ
    • ပွန်းပဲ့ဒဏ်ရာ
    • အပူလောင်ဒဏ်ရာ
    • အရေပြားမှာအပေါက်ဖြစ်စေတဲ့ ထိုးစိုက်ဒဏ်ရာ

    ကလေးတွေအတွက် ပလာစတာ၊ ပတ်တီးရွေးမယ်

    အရေပြားပေါက်ပြဲဒဏ်ရာ – ဒီလိုဒဏ်ရာမျိုးဖြစ်မယ်ဆိုရင်တော့ အနာကအရမ်းမကြီးဘူးဆိုရင် သာမန်အနာကပ်ပလာစတာကို သုံးလို့ရပါတယ်။ အနာကကြီးမယ်ဆိုရင်တော့ အနာပေါ်မှာ ပတ်တီးခေါက်လေးတင်ပြီး စက္ကူတိတ်လေးနဲ့ကပ်ပေးရပါမယ်။

    ပြတ်ရှဒဏ်ရာ – ဓားတွေ၊ကတ်ကြေးတွေယူဆော့ရင်းက လက်ချောင်းလေးတွေမှာ မတော်တဆထိခိုက်မိရာကနေဖြစ်နိုင်ပါတယ်။ မီးမီးလေးတွေမှာ ပိုဖြစ်မယ်ထင်ပါတယ်။ ကလေးငယ်မှာ ပြတ်ရှဒဏ်ရာရလာခဲ့ရင် အနာကို ပလာစတာကပ်ထားပေးလို့ရပါတယ်။ လိပ်ပြာပုံစံ ပလာစတာက အဆင်ပြေပါတယ်။ ဒီပလာစတာမျိုးကိုပြတ်ရှဒဏ်ရာဖြစ်တဲ့အခါ အရေပြားချင်းပြန်ဆက်စေဖို့ အသုံးပြုကြပါတယ်။သွေးတွေကို စုပ်ယူပေးတာမျိုးမရှိသလို အနာထဲကို ပိုးမဝင်အောင်လည်း အကာအကွယ်မပေးနိုင်ပါဘူး။ ကော်မပါတဲ့ ပလာစတာအလယ်ပိုင်းကို ဒဏ်ရာပေါ်တည့်တည့်ထားပြီး ဒဏ်ရာပေါ်ကို ကန့်လန့်ဖြတ်ပြီးကပ်ရမှာဖြစ်ပါတယ်။ ဒီပလာစတာသုံးမယ်ဆိုရင် အပေါ်က ပတ်တီးစသန့်သန့်လေးကို စက္က္ကူတိတ်နဲ့ အနည်းဆုံး ၂၄ နာရီကပ်ထားပေးရပါမယ်။ ပိုးမဝင်အောင်ကာကွယ်တဲ့သဘောပါ။

    ပွန်းပဲ့ဒဏ်ရာ – စက်ဘီးစီးရင်း၊ ပြေးလွှားဆော့ကစားရင်း၊ဘောလုံးကန်ရင်းချော်လဲတာကြောင့်ဖြစ်နိုင်ပါတယ်။ ပွန်းပဲ့ဒဏ်ရာဖြစ်တဲ့ အတွက် antibiotic အဆီပုံစံဆေးတစ်မျိုးမျိုးကိုလူးပေးပြီး ပိတ်ပတ်တီးလေးကို စက္က္ကူတိတ်သုံးပြီးကပ်ပေးထားရင်အဆင်ပြေပါတယ်။

    အပူလောင်ဒဏ်ရာ – မီးပူလိုမျိုး ပူနေတဲ့အရာတွေကို သတိမထားမိဘဲကိုင်မိတာ၊ ကပ်မိတာ၊ဝင်တိုက်မိတာတွေ။ အိုးပူတွေကိုကိုင်မိတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ အပူလောင်နာက အရမ်းမပြင်းထန်ဘူးဆိုရင်တော့ ပိတ်ပတ်တီးနဲ့adhesive tape ကိုအသုံးပြုပေးလို့ရပါတယ်။ ပိုးသတ်ထားတဲ့ ပိတ်ပတ်တီးစကို သန့်စင်ထားတဲ့ အပူလောင်ဒဏ်ရာပေါ်ကို ခပ်ဖွဖွလေးအုပ်ပေးပြီး အပေါ်ကနေadhesive tape ကိုထပ်ပတ်ပေးလိုက်ပါ။

    ဆီပူလောင်၊ ရေနွေးပူလောင်ဒဏ်ရာ -မတ်တတ်စမ်းရင်း စားပွဲပေါ်မှာတင်ထားတဲ့ ရေနွေး၊ ကော်ဖီနဲ့လက်ဖက်ရည်လိုမျိုးပူတဲ့အရာတွေကို ဆွဲချမိတာမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဒီလိုဒဏ်ရာမျိုးက အရည်ကြည်ဖုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်အရည်ကြည်ဖုကို မတော်တဆထိမိပြီးပေါက်ထွက်တာမျိုး မဖြစ်စေဖို့အတွက်moleskin type bandage ကိုအသုံးပြုပေးလို့ရပါတယ်။အလယ်မှာ အဝိုင်းပုံစံလေးပါပြီး အဝိုင်းရာတည့်တည့်လေးမှာ အပူလောင်ဖုကိုထားပြီးကပ်ရမှာပါ။ အပူလောင်တာကြောင့်ဖြစ်တဲ့ရေကြည်ဖုကို မတော်တဆပွတ်မိတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒီပလာစတာက အနာပိုးမဝင်အောင်မကာကွယ်ပေးနိုင်တာကြောင့် အပေါ်ကနေ ပုံမှန်ကပ်နေကျ ပလာစတာတစ်ခု ထပ်ကပ်ပေးထားဖို့တော့လိုပါမယ်။

    အဆစ်လွဲတာ – ကလေးငယ်တွေက ခုန်ပေါက်ဆော့တာ၊ အမြင့်ကခုန်ချတာတွေဆော့ရင်း မတော်တဆ အဆစ်ရောင်သွားတာမျိုး အဆစ်လွဲသွားတာမျိုးလည်းဖြစ်နိုင်ပါသေးတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါ ထိခိုက်မိတဲ့နေရာကို elastic bandageလေးနဲ့ သိပ်မတင်းမလျော့အနောအထားမျိုးစည်းထားပေးရပါမယ်။

    ဒီလိုအခြေအနေမျိုးတွေဖြစ်နေရင် ဆရာဝန်နဲ့ပြသပေးပါ

    ကလေးရဲ့အနာအစွန်းလေးတွေက ပန်းရောင်သန်းနေရင်တော့ အနာကပုံမှန်ပါပဲ။ တကယ်လို့များ အနာက

    • နာမယ်၊ အနီရောင်ဖြစ်နေမယ်၊ရောင်ရမ်းနေမယ်ဆိုရင်
    • အနာကနေ ပြည်တွေထွက်နေမယ်ဆိုရင်
    • အနာဖြစ်ပြီး ၇၂ နာရီအတွင်း ကလေးကအဖျားတက်မယ်ဆိုရင်
    • အနာပေါက်ပြန်ပွင့်ပြီး သွေးပြန်ထွက်လာမယ်ဆိုရင် ဆရာဝန်နဲ့ပြသပေးဖို့လိုပါမယ်။

    အနာပေါ်က ပလာစတာကို မနာအောင်ဘယ်လိုခွာပေးမလဲ

    ကလေးငယ်တွေကို အနာဖြစ်တဲ့အခါ တစ်နေ့ကိုတစ်ကြိမ်တော့ အနာပေါ်မှာကပ်ထားတဲ့ ပလာစတာတွေ ပတ်တီးတွေကို အသစ်လဲပေးဖို့လိုပါမယ်။ ဒီလိုလဲပေးတဲ့အခါမှာလည်း ပလာစတာ၊ပတ်တီးတွေခွာတဲ့အခါ ကလေးငယ်ကိုနာကျင်စေတာမျိုးမဖြစ်အောင် အခုပြောပြမယ့် နည်းလေးတွေကို သုံးပြီးခွာပေးလို့ရပါတယ်။

  • Vaseline
  • Baby oil
  • ဟင်းရွက်ဆီတစ်မျိုးမျိုး
  • ဆားရည်
  • Vaseline ကိုသုံးမယ် – တကယ်လို့သင်က Vaseline ကိုသုံးပြီး အနာပေါ်က ပတ်တီး၊ ပလာစတာကိုခွာမယ်ဆိုရင် အရင်ဆုံး Vaseline ပဲစေ့တစ်စေ့စာလောက်ကိုယူလိုက်ပါ။ ပလာစတာတဝိုက်နဲ့ ပလာစတာပေါ်မှာလူးပေးပါ။ မိနစ်အနည်းငယ်ကြာထားပေးပါ။ ပလာစတာက Vaseline ကိုစုပ်ယူပြီးသွားလောက်ပြီဆိုရင်တော့ ပလာစတာကိုဖြည်းဖြည်းချင်းခွာပေးလို့ရပါပြီ။

    Baby Oil ကိုသုံးမယ် – Baby Oil ကိုသုံးပြီး ပလာစတာကိုခွာမယ်ဆိုရင်တော့ ဂွမ်းစတစ်စနဲ့ Baby Oil ကိုစုပ်ပြီး ပလာစတာတဝိုက်နဲ့ ပလာစတာပေါ်ကို လိုက်တို့ပေးပါ။ ပလာစတာထဲကို အဆီစိမ့်ဝင်သွားတဲ့အထိထားပေးပါ။ပြီးရင်တော့ ခွာလို့ရပါပြီ။

    ဟင်းသီးဟင်းရွက်ဆီကိုသုံးမယ် – အပေါ်မှာပြောခဲ့တုန်းကလိုပါပဲ။ ဆီကိုဂွမ်းနဲ့စုပ်ပြီး ပလာစတာပေါ်မှာ တင်ထားပေးပါ။ ပလာစတာထဲကိုဆီစိမ့်ဝင်သွားလောက်တဲ့အထိ မိနစ်အနည်းငယ်ကြာအောင်ထားလိုက်ပါ။ ဆီကိုစုပ်ယူထားတာကြောင့် ပလာစတာကကော်က အရမ်းမကပ်တော့ဘဲ ခွာရတာလွယ်ကူသွားပါလိမ့်မယ်။

    ဆားရည်ကိုသုံးမယ် – ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုရေခပ်နွေးနွေးလေးနဲ့ရောစပ်လိုက်ပါ။ပြီးရင်တော့ ပလာစတာကပ်ထားတဲ့နေရာကို ဆားရည်ထဲစိမ်ထားပေးပါ။ရေနွေးကလည်း ပလာစတာကိုခွာရလွယ်စေနိုင်ပါတယ်။ စိတ်ရှည်ဖို့တော့လိုပါမယ်။

    သားသားမီးမီးလေးတွေမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ အခုပြောတဲ့နည်းလေးတွေအတိုင်းလိုက်လုပ်ကြည့်ပေးပြီး အနာရောဂါကင်းတဲ့ သားသားမီးမီးလေးတွေအဖြစ် ပျိုးထောင်နိုင်ကြပါစေကြောင်း

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 28/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement