brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နားရေဝင်ရာကနေ ပိုးမဝင်စေဖို့ ဘယ်လိုကာကွယ်မလဲ

ရေကူးရင်းဖြစ်ဖြစ်၊ ခေါင်းလျှော်ရင်းဖြစ်ဖြစ်၊ ရေချိုးရင်းဖြစ်ဖြစ် အမှုမဲ့အမှတ်မဲ့နဲ့ နားထဲရေဝင်တဲ့အခါ တော်တော်လေး နေရခက်ပါတယ်။ အချိန်ကြာလာတဲ့အခါ နားပြည်ယိုတာအပါအဝင် အခြားအကြားအာရုံဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ နားထဲရေဝင်တာက လူ ၁၀ ယောက်မှာ တစ်​ယောက်လောက်ခံစားရလေ့ရှိတဲ့ အခြေအနေတစ်ရပ်ပါ။ နားရေဝင်ရာကနေ ပိုးမဝင်စေဖို့ ကာကွယ်ထားလို့ ရပါတယ်။

နားရေဝင်ရာကနေ ပိုးမဝင်စေဖို့ ဘယ်လိုကာကွယ်မလဲ

နားထဲရေဝင်တဲ့အခါ ဘယ်လိုခံစားရနိုင်လဲ …….

နားထဲရေဝင်တဲ့အခါ နားအတွင်းပိုင်းထဲက ပြွန်လေးတွေရောင်ရမ်းပြီး

  • နားထဲက နာမယ်
  • နားထဲက ယားသလိုလိုဖြစ်မယ်
  • နားထဲက ပြည်ထွက်မယ်
  • နားအူမယ်
  • အသံကို ကောင်းကောင်းမကြားရဘဲ ဖြစ်နေမယ်။
  • နားရေဝင်ရာကနေ ပိုးမဝင်စေဖို့ ဘယ်လိုကာကွယ်မလဲ

    • ခြောက်သွေ့သန့်ရှင်းအောင် ထားပါ

    နားထဲမှာ စိုထိုင်းထိုင်းဖြစ်ပြီး ပိုးပေါက်ဖွားမှုတွေ မဖြစ်စေဖို့ နားကို ခြောက်သွေ့သန့်ရှင်းအောင် ထားပေးပါ။ ရေချိုးပြီးတဲ့အခါ၊ ရေကူးပြီးတဲ့အခါ နားပြင်ပကို သဘက်နဲ့ သေချာ သုတ်ပါ။ ပြီးရင် ခေါင်းကို ‌ဘယ်ညာစောင်းပြီး အတွင်းထဲက ရေတွေ ထွက်သွားအောင် လုပ်ပါ။ နားအတွင်းထဲမှာ စိုနေတယ်လို့ ခံစားရရင် hair dryerကို အပူအနိမ့်ဆုံးထားပြီး ၁ပေအကွာကနေ မှုတ်ပေးပါ။

    နားစည်ကိုပါ ထိခိုက်သွားတယ် ဆိုရင်တော့ ဒီနည်းက အဆင်မပြေနိုင်ပါဘူး။ ဒီလို မဟုတ်ဘူး ဆိုရင်တော့ ရေမကူးခင်နဲ့ ရေကူးပြီးမှာ ရှာလကာရည်နဲ့ ပိုးမဝင်အောင် ကာကွယ်နိုင်ပါတယ်။ နည်းလမ်းကတော့ ရှာလကာရည်နဲ့ အရက်ပြန်နဲ့ကို ဆတူရောပြီး နားတစ်ဖက်ဆီကို လက်ဖက်ရည်တစ်ဇွန်းစာထည့်၊ ပြီးရင် ခေါင်းစောင်းပြီး ပြန်ထုတ်ပါ။ ဒီနှစ်မျိုးလုံးက နားကို ခြောက်သွေ့စေပြီး ဘက်တီးရီးယားနဲ့ မှိုတွေ မပေါက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    • ညစ်ပတ်တဲ့ ကန်တွေမှာ မကူးပါနဲ့။

    ကလိုရင်း သေချာမခတ်ထားတဲ့ ကန်တွေမှာ ဘက်တီးရီးယားတွေ အများကြီး ရှိနိုင်ပြီး ဒီကနေ ပိုးကူးနိုင်ပါတယ်။ ပိုးသေချာ မသတ်ထားတဲ့ ရေကူးကန်အပါအဝင် တခြားညစ်ပတ်တဲ့ နေရာတွေမှာ ရေကူးခြင်းကို ရှောင်ကြဉ်ပါ။

    • နားထဲကို ဘာမှမထည့်ပါနဲ့။ 

    နားယားလို့၊ နားဖာချေးရှိလို့ဆိုပြီး နားကျပ်တံတွေ၊ ဆံညှပ်တွေ၊ ကလစ်တွေနဲ့ နားထဲကို မကလော်ပါနဲ့။ ဒီလိုလုပ်လိုက်မှ နားဖာချေးတွေ အတွင်းထဲကို ပိုရောက်သွားတာ၊ နားအတွင်းထဲက အရေပြားတွေ ပွန်းပဲ့တာတွေ ဖြစ်ပြီး ပိုးဝင်တတ်ပါတယ်။

    • နားအရေပြားကို ထိခိုက်ပွန်းပဲ့စေမယ့်အရာတွေကို ရှောင်ပါ။

    Hair spray တွေ သုံးတဲ့အခါ၊ ဆံပင်ဆေးဆိုးတဲ့အခါ နားကို အကာအကွယ်တစ်ခုခုနဲ့ အုပ်ထားပါ။

    • နားပိုးဝင်ပြီးစ၊ နားခွဲပြီးစမှာ ရေကူးတာကို သတိထားပါ။

    နားပိုးဝင်ပြီးလို့ ကုထားတာ မကြာသေးဘူး။ ဒါမှမဟုတ် နားနဲ့ ပတ်သက်လို့ ခွဲစိတ်မှု တစ်ခုခုလုပ်ထားမယ် (နားဖောက်တာအပါအဝင်) ဆိုရင် သေချာသက်သာမှ ရေပြန်ကူးပါ။ ရေကူးပြန်သင့်မသင့်ကို ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

    ရေချိုးတဲ့အခါမှာလည်း နားကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။ နားစိုစိုကြီးနဲ့ အကြာကြီးမနေမိအောင် သတိထားပါ။

    နားကို သေသေနားထဲကို ရေဝင်တာကြောင့် နောက်ဆက်တွဲ ဖြစ်လာမယ့် ပြဿနာတွေကို အခုပြောခဲ့တဲ့ နည်းလေးတွေ သုံးလို့ အကောင်းဆုံး ကာကွယ်လိုက်ရအောင်လား…………

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/08/2023 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။