backup og meta

ဆီးချိုနောက်ဆက်တွဲ အာရုံကြောဆိုင်ရာပြဿနာများ-အာရုံကြောရောဂါ

ဆီးချိုနောက်ဆက်တွဲ အာရုံကြောဆိုင်ရာပြဿနာများ-အာရုံကြောရောဂါ

ဆီးချိုကြောင့်ဖြစ်သောအာရုံကြောဆိုင်ရာပြသနာများ

ဆီးချိုကြောင့် အာရုံကြောရောဂါဖြစ်ခြင်း

အာရုံကြောရောဂါဖြစ်ခြင်းသို့ အာရုံကြောထိခိုက်ခြင်းဟာဆီးချိုရဲ့ ဆိုးရွားပြီးပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာ ဖြစ်ပါတယ်။ လေ့လာချက်တွေအရဆီးချိုရောဂါရှိသူ ၅၀ ရာခိုင်နှုန်းဟာအာရုံကြောရောဂါ ဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာမပြရင်တောင် ဆီးချိုရောဂါရှိတာသေချာပြီဆိုရင် ဆယ်နှစ် ဒါမှမဟုတ် အနှစ် ၂၀ မှာအာရုံကြောထိခိုက်ခြင်း ဖြစ်လာတတ်ပါတယ်။ သင့်အနေနဲ့ အာရုံကြောထိခိုက်မှုတွေ နည်းနိုင်သမျှနည်းအောင် သွေးထဲကသကြားဓါတ်ကိုသေချာထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

လေ့လာချက်များအရဂလူးကို့စ်ဓါတ်ကိုကျန်းမာစေတဲ့ အတိုင်းအတာထဲမှာထိန်းထားတဲ့အပြင် ဆီးချိုနောက်ဆက်တွဲတွေ ထပ်မလာအောင် သွေးပေါင်ချိန်ကိုထိန်းထားနိုင်ခြင်းဟာလည်းအရေးကြီးလှပါတယ်။ ၂၀၁၀ ခုနှစ်ထုတ် ဗြိတိန်ဆေးပညာဂျာနယ်မှာအမျိုးအစား (၂) ဆီးချိုရောဂါဟာသွေးတိုးခြင်းနဲ့ ခိုင်မာစွာဆက်စပ်မှုရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ သွေးပေါင်ချိန်ကိုနိမ့်စေခြင်းမှန်ရင်နောက်ဆက်တွဲဖြစ်လာနိုင်ခြေတွေကို ထိန်းပေးခြင်းပဲဖြစ်ပြီး အပေါ်သွေး ၁၂၀ အောက်လျော့နည်းတဲ့အေခြေအနေဟာ အန္တရာယ်အနည်းဆုံးပါပဲ။

အာရုံကြောရောဂါဘာကြောင့်ဖြစ်လဲ

ဆီးချိုကြောင့်အာရုံကြောရောဂါဖြစ်ခြင်းဟာပုံမှန်မဟုတ်ဘဲ မြင့်တက်နေတဲ့ သွေးတွင်းဂလူးကို့စ်ဓါတ်ကိုသတိမထားဘဲနေခဲ့ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ သွေးတွင်းသကြားဓါတ်မြင့်တက်တာ ကြာလာရင် အာရုံကြောတွေဆီအာဟာရဓါတ်နဲ့ အောက်ဆီဂျင်တွေ ပို့ပေးနေတဲ့ သွေးကြောတွေကိုထိခိုက်ပျက်စီးစေပါတယ်။ သွေးထောက်ပံ့မှုမလုံလောက်တာ နှစ်များစွာကြာလာတဲ့အခါ အာရုံကြောတွေထုံလာပါတယ်။ အာရုံကြောရောဂါရလာသူတွေဟာနာကျင်ခြင်းကိုခံစားလာရပါတယ်။ ဒါပေမယ့် ပိုဆိုးလာခဲ့ရင် နာကျင်ခြင်းဟာပျောက်သွားတတ်ပါတယ်။ အာရုံကြောတွေဟာခံစားမှုမရနိုင်အောင် အရမ်းပျက်စီးသွားလို့ ဖြစ်ပါတယ်။

အာရုံကြောရောဂါအမျိုးအစားတွေကဘာတွေလဲ

အာရုံကြောရောဂါဆိုတာအာရုံကြောပျက်စီးမှုတွေအားလုံးကို ခြုံငုံမိစေတဲ့ အသုံးအနှုန်းတခု ဖြစ်ပါတယ်။ အစွန်အဖျားပိုင်းအာရုံကြောရောဂါ (Peripheral neuropathy)ကတော့ ခြေဖဝါး၊ ခြေမ၊ ခြေထောက်၊ လက်နဲ့ လက်မောင်းကိုထိခိုက်စေတဲ့ အာရုံကြောပျက်စီးမှု ဖြစ်ပါတယ်။ အလိုအလျောက်ထိန်းချုပ်သောအာရုံကြောများရောဂါရခြင်း (Autonomic neuropathy)ကတော့ အစာခြေလုပ်ငန်း၊ ဆီးအိမ်၊ အစာအိမ်အူလမ်းကြောင်း၊နှလုံးနဲ့ လိင်ပိုင်းဆိုင်ရာလုပ်ငန်းများအတွက် အလုပ်လုပ်သောအာရုံကြောများကိုထိခိုက်စေခြင်း ဖြစ်ပါတယ်။ အရင်းပိုင်းအာရုံကြောရောဂါ (Proximal neuropathy)ကတော့ ပေါင်၊ ပေါင်ထိပ်နဲ့ တင်ပဆုံနေရာတွေကအာရုံကြောတွေကိုထိခိုက်စေပါတယ်။ နေရာသီးသန့်အာရုံကြောရောဂါ (Focal neuropathy)ကတော့ ကိုယ်ခန္ဓါဘယ်အပိုင်းမဆိုတစ်နေရာဒါမှမဟုတ် နေရာအများမှာရုတ်တရက်ချည့်နဲ့သွားခြင်း ဖြစ်ပါတယ်။

အစွန်အဖျားအာရုံကြောရောဂါ (Peripheral Neuropathy)

အမျိုးအစား (၂) ဆီးချိုရောဂါမှာအစွန်အဖျားအာရုံကြောရောဂါဟာလက်မောင်းနဲ့လက်တွေမှာမဖြစ်ခင်ခြေဖဝါးနဲ့ ခြေထောက်တွေကိုအရင်ထိခိုက်ပါတယ်။ လက္ခဏာတွေဟာသာမန်လောက်ကနေဆိုးရွားတဲ့အဆင့်ထိအမျိုးမျိုးကွဲပါတယ်။ ထုံခြင်း၊ ကျဉ်ခြင်း၊ မီးစနဲ့ထိသကဲ့သို့ပူခြင်း၊ အထိမခံနိုင်ခြင်း၊ အပူအအေးကိုမသိခြင်း၊ နာခြင်းနဲ့ ကြွက်တက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အာရုံကြောရောဂါသည်တချို့ရဲ့ လက္ခဏာတွေဟာ ညဖက်မှာပိုပြတတ်ပါတယ်။

အလိုအလျောက်ထိန်းချုပ်သောအာရုံကြောများအားနည်းခြင်း (Autonomic Neuropathy)

ဒီအမျိုးအစားမှာကိုယ်တွင်းအင်္ဂါတွေကိုတုံ့ပြန်ပေးတဲ့ အလိုအလျောက်ထိန်းချုပ်အာရုံကြောတွေကိုအကျိုးသက်ရောက်စေပါတယ်။ ဆီးချိုအမျိုးစအား (၂) မှာအစာခြေခြင်း၊ အသက်ရှူခြင်းဆိုင်တွေမှာ ပြသနာရှိပြီးဆီးမထိန်းနိုင်တာ၊ ပန်းသေတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ချွေးဂလင်းတွေနဲ့ မျက်လုံ့းတွေလည်းအားနည်းတတ်ပါတယ်။ လက္ခဏာတွေဟာသာမန်လောက်ကနေဆိုးရွားတဲ့အဆင့်ထိအမျိုးမျိုးကွဲပါတယ်။

အစွန်အဖျားအာရုံကြောရောဂါဟာ ကြွက်သားအားနည်းခြင်းနဲ့ တုံ့ပြန်မှုမရှိခြင်းတွေဖြစ်စေပြီးတဦးချင်းစီရဲ့ ရွေ့လျားသွားလာပုံရပ်တည်ပုံတွေကိုအပြောင်းအလဲဖြစ်စေပါတယ်။ လမ်းလျှောက်ပုံမှာပြောင်းလဲခြင်းကြောင့် ခြေဖဝါးပုံပျက်တာ ဒဏ်ရာရတာတွေ ဖြစ်တတ်ပါတယ်။ ခြေထောက်ဒဏ်ရာရခြင်းဟာဆီးချိုအတွက် အန္တရာယ်များပါတယ်။ အာရုံကြောအားနည်းခြင်းနဲ့ သွေးကောင်းကောင်းမလျှောက်တာပေါင်းရင် အနာတွေ ကျက်ဖို့ခက်ခဲသွားတာကြောင့်ပါ။ အနာကျက်ချိန်ကြာရင် ရောဂါပိုးဝင်ရောက်နိုင်ခြေများပါတယ်။ အဆိုးဆုံးအခြေအနေတွေမှာ ဖြတ်တောက်ရတဲ့ထိ ဖြစ်နိုင်ပါတယ်။

အလိုအလျောက်ထိန်းချုပ်တဲ့အာရုံကြောရောဂါရဲ့ ပြဿနာကတော့ သွေးတွင်းဂလူးကို့စ်အရမ်းကျ နေတာ (hypoglycaemia)ကိုလက္ခဏာမပြနိုင်အောင်ဖုံးကွယ်ထားနိုင်တဲ့အတွက် hypoglycaemia ဖြစ်လျှင်မသိဘဲဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ဂလူးကို့စ်ဓါတ်နည်းတဲ့ လက္ခဏာတွေဖြစ်တဲ့ ချွေးထွက်များခြင်း၊ ရင်တုန်ခြင်းတွေဟာထင်ရှားပါတယ်။ ဒါပေမယ့် အာရုံကြောထိခိုက်မှုဟာဒီလက္ခဏာတွေကိုဖုံးကွယ်ထားတတ်ပါတယ်။ ထို့ပြင် အလိုအလျောက်အာရုံကြောရောဂါဟာ နှလုံးသွေးကြောရုတ်တရပ်ပိတ်ဆို့ခြင်းရဲ့လက္ခဏာတစ်ရပ်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်းကိုလည်း ဖုံးကွယ်ထားနိုင်တဲ့အတွက် နှလုံးရောဂါသည်မှာတခြားလက္ခဏာတွေဖြစ်တဲ့ ချွေးထွက်များခြင်း၊ လက်မောင်းအောင့်ခြင်း၊ ကျောလည်ပင်းမေးရိုးနဲ့ အစာအိမ်အောင့်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ပျို့အန်ချင်စိတ်ရှိခြင်းနဲ့ မူးမေ့ခြင်းတွေ ရှိမရှိသိဖို့အရမ်းအရေးကြီးပါတယ်။

အစာခြေလမ်းကြောင်းကိုထိခိုက်စေရင်တော့ ဝမ်းချုပ်ခြင်း၊ အစာမျိုချရန်ခက်ခြင်း၊ အစာခြေရန်ခက်ခြင်းစတဲ့ပြသနာတွေ ဖြစ်စေပါတယ်။ အစာခြေရခက်ခြင်းဟာအချိန်ကြာတာနဲ့အမျှပိုဆိုးလာပြီးလူနာပါာမကြာခဏ ပျို့အန်ခြင်းတွေကြောင့် အားနည်းလာတဲ့အထိဖြစ်တတ်ပါတယ်။ အစာခြေတဲ့နေရာမှာနှေးရင် ဂလူးကို့စ် တိုင်းတာဖို့ ခက်ခဲပါတယ်။ အစာခြေရအရမ်းခက်သူတွေမှာတော့ အရည်သောက်ပဲကျွေးတာဖြစ်ဖြစ်၊ နှာခေါင်းပိုက်ကနေကျွေးတာဖြစ်ဖြစ် လုပ်ဆောင်ရပါမယ်။

အာရုံကြောပျက်စီးမှုဟာ နှလုံးကိုပါ ထိခိုက်နိုင်ပြီးလူတယောက်ရဲ့ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကိုအပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် အာရုံကြောမကောင်းတဲ့ အမျိုးအစား (၂) ဆီးချိုသမားတွေဟာအထိုင်အထမှာသွေးပေါင်ချိန်ကျပြီးမူးမေ့တာမျိုး ဖြစ်တတ်ပါတယ်။

ဆီးလမ်းကြောင်းနဲ့ လိအင်္ဂါတွေရဲ့ အာရုံကြောကိုထိခိုက်ရင် ဆီးသွားရခက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ပြသနာတွေ ရှိတတ်ပါတယ်။ ဥပမာဆီးအိမ်အာရုံကြောမကောင်းရင် ဆီးမထိန်းနိုင်တာ၊ ဆီးအားလုံးမစွန့်နိုင်တာ ဖြစ်တတ်ပါတယ်။ လိင်ပိင်းဆိုင်ရာပြသနာတွေလည်း ဖြစ်နိုင်ပြီးအမျိုးသားများပန်းညှိုးတာပုံမှန်အတိုင်းသုတ်ရည်မလွှတ်တာ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးများအနေနဲ့ မိန်းမကိုယ်ခြောက်သွေ့တာ၊ စိတ်ကျေနပ်မှု အပြည့်အဝမရတာ ဖြစ်နိုင်ပါတယ်။

အရင်းပိုင်းအာရုံကြောရောဂါ(Proximal neuropathy)

ဒီအာရုံကြောရောဂါမျိုးဟာအမျိုးအစား (၂) ဆီးချိုကိုထိခိုက်တတ်ပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီးသူတွေ ပိုဖြစ်တတ်ပါတယ်။ ပေါင်၊ ပေါင်ရင်းပိုင်း၊ တင်ပါးနဲ့ခြေထောက်တွေကိုထိခိုက်တတ်ပြီးကိုယ်တဖက်ခြမ်းမှာစဖြစ်တတ်ပါတယ်။ အရင်းပိုင်းအာရုံကြောရောဂါဟာခြေထောက်တွေကိုအားနည်းစေပြီးပိုဆိုးတဲ့ဖြစ်ရပ်တွေမှာ ကြွက်သားအားနည်းသွားပြီးအကူမပါဘဲထသွားထလာမလုပ်နိုင်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီအမျိုးအစားဟာနာကျင်တတ်ပါတယ်။

နေရာသီးသန့်အာရုံကြောရောဂါ (Focal neuropathy)

ဦးခေါင်းပိုင်း၊ ကိုယ်အပေါ်ပိုင်းနဲ့ ခြေထောက်တွေကိုနေရာသီးသန့်အာရုံကြောရောဂါကဒုက္ခပေးတတ်ပြီးရုတ်တရက်ဖြစ်လာတတ်ပြီးနာကျင်တတ်ပါတယ်။ တချို့မှာတော့ ရက်သတ္တပတ်အနည်းငယ်နေရင် ပျောက်သွားတတ်ပြီးထိခိုက်မှု မကျန်ခဲ့ပါဘူး။

နေရာသီးသန့်အာရုံကြောရောဂါရဲ့ လက္ခဏာတွေမှာမစူးစိုက်နိုင်ခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း၊ မျက်လုံးနောက်ပိုင်းကိုက်ခြင်း၊ မျက်နှာတခြမ်းလေဖြန်းခြင်း၊ လက်များထုံကျင်ခြင်းနဲ့ ပေါင်အရှေ့ပိုင်း၊ ခါး၊ တင်ပဆုံ၊ ရင်ညွန့်၊ အစာအိမ်၊ ခြေဖဝါးနဲ့ ညို့သကျည်းစတဲ့နေရာတွေမှာကွက်ပြီးနာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

နေရာသီးသန့်အာရုံကြောရောဂါအတွက် နာကျင်မှုသက်သာအောင်ကုသရတာဟာခက်ခဲတဲ့အပိုင်းတစ်ခုပါပဲ။ ကုသပုံနည်းလမ်းတွေ ပေါင်းစပ်ပြီးသက်သာအောင်ကြိုးစားပေမဲ့လူတချို့မှာတော့ နာကျင်မှုဟာအရှင်းမပျောက်တတ်ပါဘူး။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Diabetes Statistics. (2011) Data from the 2011 National Diabetes Fact Sheet. National
Diabetes Fact Sheet, 2011. American Diabetes Association.

http://www.diabetes.org/diabetes-basics/diabetes- statistics/ Diabetic Neuropathies:

The Nerve Damage of Diabetes. (2009) National Diabetes
Information Clearinghouse (NDIC). National Institute of Diabetes and Kidney

Diseases/Institutes of Health.

http://diabetes.niddk.nih.gov/DM/pubs/neuropathies/

Diabetic Neuropathy. (2011) National Institutes of Health.

http://www.ncbi.nlm.nih.gov/pubmedhealth/PMH0001713/?report=printable

Nerve Complications. Living With Diabetes. (2011) Diabetes Teaching Center at theUniversity of California at San Francisco.

http://dtc.ucsf.edu/living-with-diabetes/complications/individual-complications/nerve- complications/

ယခုပုံစံ

12/05/2020

Written by Dr. Thant Zin

Yu Wadi Lwin မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုဝေဒနာရှင်တွေအတွက်အကောင်းဆုံးသောလေ့ကျင့်ခန်း ၅ မျိုး

ဆီးချိုရောဂါကြိုတင်ကာကွယ်နိုင်မယ့် နေထိုင်မှုပုံစံပြောင်းလဲမှု (၈) ချက်


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement