backup og meta

ပြာမှုန့် ရှုရှိုက်မိခြင်းနှင့် ကျန်းမာရေးအန္တရာယ်

ပြာမှုန့် ရှုရှိုက်မိခြင်းနှင့် ကျန်းမာရေးအန္တရာယ်

ပြာမှုန့်လို့ ဆိုလိုက်ရင် ထင်းမီးတွေ တောမီးတွေကနေပဲဖြစ်ဖြစ်၊ မီးတောင်ကနေပဲဖြစ်ဖြစ်၊ အမှိုက်မီးရှို့မှုတွေကနေပဲဖြစ်ဖြစ်၊ ကျောက်မီးသွေးနဲ့ ထင်းမီးသွေးတွေကနေပဲဖြစ်ဖြစ်၊ ဆေးလိပ်တွေကနေပဲဖြစ်ဖြစ် ထွက်ရှိလာတဲ့ မီးခိုးရောင် ဒါမှမဟုတ် အမည်းရောင် အမှုန်အဖတ်တွေ ဆိုတာကို လူအတော်များများ သိကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ပြာမှုန့် ရှုရှိုက်မိခြင်းက ဘာတွေ ဖြစ်နိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ပြာမှုန့်တွေဟာ နေရာတိုင်းမှာ တွေ့မြင်ရနိုင်ပါတယ်။ မီးဖိုချောင်ထဲကနေစလို့ သဘာဝ ဘေးအန္တရာယ်ကြုံဆုံနေရတဲ့ နေရာတွေအထိပေါ့။

ဒီလို ပြာမှုန့်လို့ ခေါ်ဆိုကြတဲ့ ဒီ အမှုန်လေးတွေနဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုးရှိပါတယ်။ တချို့က ဒီအမှုန်တွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ယူဆထားကြပြီး တချို့သော ရိုးရာတိုင်းရင်းဆေးနည်းတွေမှာတော့ ဒီအမှုန်အဖတ်တွေကို ဆေးဖက်ဝင်ဓာတ်စာ တစ်မျိုးအဖြစ် ထည့်သွင်းအသုံးချကြပါတယ်။

ပြာမှုန့် ရှုရှိုက်မိခြင်းနှင့် ကျန်းမာရေးအန္တရာယ်

တချို့သော ဆေးမြီးတိုကုသမှုနည်းလမ်းတွေမှာ ပြာမှုန့်ကို စားသုံးပေးတာ၊ ရေနဲ့ဖျော်သောက်တာ စတဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်။ တကယ်တမ်းမှာ ဒီနည်းလမ်းတွေဟာ ကျန်းမာရေးကို တကယ်အကျိုးရှိစေရဲ့လား။ သဘာဝပတ်ဝန်းကျင်အခြေအနေကြောင့် ပြာမှုန့်တွေကို ရှုရှိုက်မိနေတယ်ဆိုရင်ရော ဘယ်လို ဘေးအန္တရာယ်တွေ ရှိလာမလား။

ပြာမှုန့် နဲ့ ကျန်းမာရေး

သိပ္ပံနည်းကျလေ့လာချက်တွေမှာတော့ ပြာမှုန့်တွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အမျိုးမျိုးသော အသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာတွေနဲ့ တခြားသော ဆိုးရွားတဲ့ ရောဂါတွေ ဖြစ်လာစေနိုင်တဲ့ ဆိုးကျိုးမျိုးပေးနိုင်ပါတယ်။

ပြာမှုန့်တွေဟာ အဆုတ်ထဲကို ရောက်ရှိသွားပြီဆိုရင် အဆုတ်ကို အဆိပ်သင့်စေမှာဖြစ်ပြီး အနည်းနဲ့အများဆိုသလို ထိခိုက်မှု ရှိမှာဖြစ်ပါတယ်။ ပမာဏများပြားလာတာ၊ အကြိမ်ရေများပြားလာတဲ့အမျှ ပြာတွေကြောင့် အဆုတ်ထဲမှာ ရောင်ရမ်းတာ၊ နာကျင်တာနဲ့ ခုခံအားစနစ်ကို ထိခိုက်စေတာမျိုးတွေဖြစ်ပေါ်လေ့ရှိပါတယ်။

ကျွမ်းကျင်သူတွေကတော့ ပြာမှုန့်တွေဟာ အဆိပ်သင့်နေတဲ့ရေထက်ပိုပြီး အန္တရာယ်များတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ကိုင်တွယ်မိမယ်ဆိုရင်လည်း ဓာတ်မတည့်မှုနဲ့ အဆိပ်သင့်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အလွန်အမင်းဆိုးရွားတဲ့အခြေအနေမှာ အသက်ရှူရပ်ပြီး သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။

ပြာမှုန့်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ ရောဂါဆိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ကင်ဆာ – အမျိုးမျိုးသော ပြာမှုန့်တွေထဲမှာ ခဲဓာတ် ပမာဏလည်း အများအပြားပါဝင်နေတာမို့ အသက်ရှူလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ ကင်ဆာရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။
  • အဆုတ်နဲ့သက်ဆိုင်သော ရောဂါများ – ပြာမှုန့်တွေကို ပမာဏအများအပြား ရှူရှိုက်မိမယ်ဆိုရင် အသက်ရှူလမ်းကြောင်းမှာတင်မကပဲ အဆုတ်အထိပါ ထိခိုက်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ပြာမှုန့်ဟာ အဆုတ်နဲ့သက်ဆိုင်တဲ့ ရောဂါအမျိုးအစား အမျိုးမျိုးဖြစ်ပေါ်လာအောင်လည်း တွန်းအားပေးပါတယ်။
  • ရင်ကျပ် – ဒါ့အပြင် ရင်ကျပ်ဝေဒနာသည်တွေအနေနဲ့လည်း ပြာမှုန့်တွေ ရှူရှိူက်မိမယ်ဆိုရင် ရောဂါပိုမိုဆိုးရွားစေနိုင်တယ်လို့ ဆိုထားပါတယ်။
  • အဆိပ်သင့်ဝေဒနာ – ကျောက်မီးသွေးနဲ့ မီးတောင်ပြာမှုန့်တွေဟာ လူတွေကို အဆိပ်သင့်စေနိုင်ပါတယ်။ ဒီပြာမှုန့်တွေအထဲမှာ Metals၊ Polycyclic aromatic hydrocarbons နဲ့ Crystalline Silica (alpha-quartz) တွေပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ အဆုတ်ဝေဒနာတစ်မျိုးဖြစ်တဲ့ Pneumoconiosis နဲ့ အဆုတ်လေအိတ်ရောဂါဖြစ်တဲ့ Emphysema လို ဝေဒနာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ပြာမှုန့်တွေဟာ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့ အရာတွေဖြစ်ပါတယ်။ ဒါကြောင့် တိုက်ရိုက်နည်းနဲ့ မဟုတ်ပေမယ့် သွယ်ဝိုက်တဲ့နည်းလမ်းမျိုးနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဝေဒနာတွေလည်း ရှိနေပါသေးတယ်။ ဒါတွေကတော့ လေသင်တုန်းဖြတ်တာနဲ့ နှလုံးဖောက်ပြန်မှုဝေဒနာတွေပါပဲ။

ဒါကြောင့်ပဲ မိမိတို့ရဲ့ နေအိမ်မှာ ပြာမှုန့်တွေကင်းစင်နေအောင် ဂရုတစိုက် ရှင်းလင်းဖယ်ရှားဖို့လိုအပ်သလို ဆေးလိပ်သောက်သုံးမှုလျှော့ချတာ၊ ထင်းနဲ့ မီးသွေးအသုံးပြုမှုကို လျှော့ချတာမျိုးတွေပြုလုပ်ပေးဖို့ တိုက်တွန်းလိုပါတယ်။

ပြာမှုန့်တွေကို ရှောင်ပါ

ဆေးလိပ်သောက်သုံးမှုဟာ သူ့ချည်းအတိုင်းကို မိမိနဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ပြာမှုန့်တွေ ထိတွေ့မိမှုနဲ့ပါ ပေါင်းစပ်လိုက်မယ်ဆိုရင် ကျန်းမာရေးထိခိုက်နိုင်ခြေဟာ အလွန်အမင်းမြင့်မားလာမှာဖြစ်ပါတယ်။

မီးဖိုချောင်ကနေ ထွက်ရှိလာနိုင်တဲ့ ပြာမှုန့်တွေ ကတော့ ထင်းနဲ့ မီးသွေး သုံးစွဲမှုကို လျှော့ချလိုက်မယ်ဆိုရင် ကျန်းမာရေးအတွက်လည်း ကာကွယ်ပြီးသားဖြစ်သွားမှာဖြစ်သလို သဘာဝပတ်ဝန်းကျင်ကိုလည်း စောင့်ရှောက်ရာရောက်မှာပါ။

ဒါ့အပြင် ပြာမှုန့်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ပြာမှုန့်တွေကို အသုံးပြုပြီး ဆေးမြီးတိုတွေ၊ ယုံတမ်းကုသနည်းတွေနဲ့ ကုသတာမျိုးတွေမပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။ ဒီအချက်တွေဟာ အဆုတ်ထဲကို ပြာမှုန့် ရောက်ရှိအောင် မလုပ်နိုင်ပေမယ့် သိသိသာသာ ထိတွေ့ကိုင်တွယ်မိတာနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းထဲအထိ ပြာမှုန့်တွေကို မြိုချမိနိုင်တာမို့ ဘေးထွက်ဆိုးကျိုးနဲ့ ကျန်းမာရေး အန္တရာယ်က အတူတူပဲဆိုတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ မီးတောင် ပြာမှုန့် နဲ့ တောမီးဘေးက ပြာမှုန့်တွေကတော့ ထိန်းချုပ်လို့မရနိုင်တဲ့ အရာတွေ ဖြစ်တာမို့ ကြုံဆုံလာချိန်မှာ လမ်းညွှန်ချက်တွေကို လိုက်နာပြီး ရှောင်လွှဲနိုင်ဖို့သာ ကြိုးပမ်းရမှာဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/pica

https://www.webmd.com/vitamins/ai/ingredientmono-285/ash

https://earthjustice.org/news/press/2014/ash-in-lungs-how-breathing-coal-ash-is-hazardous-to-your-health

https://www.ivhhn.org/information/health-impacts-volcanic-ash

https://www.ncbi.nlm.nih.gov/pubmed/9375525

ယခုပုံစံ

26/12/2022

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးငယ်များတွင်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများနှင့် ပတ်သက်ပြီး သိထားရမည့် အချက်များ

Respiratory Tract Infection (အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 26/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement