backup og meta

သင့်အတွက် အိမ်မှာလေ့ကျင့်နိုင်မည့် အကောင်းဆုံး ယောဂလေ့ကျင့်ခန်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အတွက် အိမ်မှာလေ့ကျင့်နိုင်မည့် အကောင်းဆုံး ယောဂလေ့ကျင့်ခန်းများ

    လက်ရှိအချိန်မှာတော့ ယောဂဟာ သင့်ရဲ့ စိတ်နဲ့ ခန္ဓါကို ညီညွတ်မျှတစေဖို့နဲ့ ဟာမိုနီတစ်ခုကိုဖန်တီးနိုင်တဲ့ လေ့ကျင့်ခန်းတစ်မျိုးလို့ လက်ခံထားကြပါတယ်။ ယောဂဟာ သင့်ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ ကောင်းကျိုးတွေကို ယူဆောင်လာပေးနိုင်ပါတယ်။ ပျော့ပျောင်းမှု၊ သက်လုံနဲ့ ခုခံအားတွေ၊ ခန္ဓါကိုယ်ဖွဲ့စည်းပုံ အလုပ်လုပ်ဆောင်မှုတွေကို တိုးတက်လာစေဖို့နဲ့ စိတ်ဝိဉာဉ်ကို လန်းဆန်းစေပြီး စိတ်ကို တည်ငြိမ်အေးချမ်းစေဖို့တွေ အပါအဝင်ပေါ့။ စိတ်ကို တည်ငြိမ်အေးချမ်းစေခြင်းဟာ အလုပ်ထဲမှာဖြစ်စေ၊ စာတွေလေ့လာရာမှာဖြစ်စေ။ အာရုံစူးစိုက်မှုအားကောင်းစေပါတယ်။

    ဒါကြောင့် ယောဂဟာ ကိုယ့်ကိုယ်ကိုယ် တိုးတက်စေလိုတဲ့သူတွေအတွက်တော့ ပြီးပြည့်စုံတဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ ဒါပေမဲ့ လူတိုင်းဟာ ယောဂသင်တန်းကိုသွားပြီး ယောဂလေ့ကျင့်နေဖို့ အချိန်ရနေမှာ၊ အခြေအနေပေးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ယောဂကိုအိမ်မှာ လေ့ကျင့်လို့တော့ရပါတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော်တို့ မိတ်ဆက်ပေးလိုတဲ့ တကယ်ကို ထိရောက်မှုရှိတဲ့ ယောဂလေ့ကျင့်ခန်းပုံစံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

    ပထမဆုံးကတော့ Mountain Pose ယောဂလေ့ကျင့်ခန်းပါ။ ယောဂလေ့ကျင့်ခန်းတွေအားလုံးထဲမှာတော့ အရိုးရှင်းဆုံးနဲ့ အခြေခံအကျဆုံးပါပဲ။ ခန္ဓါကိုယ်ရဲ့ မောပန်းမှုတွေ ပြေပျောက်သွားနိုင်ပြီး ခြေထောက်နာခြင်းတွေ၊ ကြွက်တက်ခြင်းတွေကို သက်သာစေပါတယ်။ ဒီအနေအထားဟာ ကျောရိုးကို တစ်ဖြောင့်တည်းဖြစ်အောင် ချိန်ညှိပေးနိုင်ပြီး ကျောရိုးနဲ့ ခြေထောက်ကြားလွဲချော်မှုတွေကိုပြုပြင်ပေးနိုင်ပါတယ်။ ခန္ဓါကိုယ်တွင်းက အင်္ဂါတွေရဲ့ အလုပ်လုပ်ပုံတွေ ပိုပြိးကောင်းမွန်စေဖို့နဲ့ ပိုပြီးထိရောက်မှုရှိစေဖို့ ကူညီပေးနိုင်ပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။

    လေ့ကျင့်သူတွေမှာ နံနက်ခင်းပိုင်း ယောဂလေ့ကျင့်ခန်းပြီးဆုံးတဲ့အချိန်မှာ စွမ်းအင်တွေ ပြည့်ဝနေမယ့်အပြင် စွမ်းအင်သစ်တွေ ရရှိလာနိုင်ပါတယ်။ မတ်မတ်ရပ်ပါ။ အသက်ကိုပြင်းပြင်းရှူပြီး ဗိုက်ကိုလျှော့လို့ ရင်ဘတ်ကိုမထားကာ ခန္ဓါကိုယ်ကို ဆန့်ထားပါ။ ဒီအနေအထားကို စက္ကန့် ၃၀ကနေ ၁မိနစ်ထိရအောင် ထိန်းထားပြီး မျက်လုံးတွေကို မှိတ်ထားပါ။ ပြီးရင်တော့ လက်တွေကို အောက်ချလိုက်ပြီး ပုခုံးကိုလျှော့ချလိုက်ပါ။ ဖြည်းဖြည်းချင်း ၃၀ဒီဂရီလောက်ကုန်းလိုက်ပြီး အသက်ပိုရှူကာ ၁၀စက္ကန့်လောက်နားလိုက်ပါ။ ဒီအနေအထားတွေအတိုင်း နောက်တစ်ကြိမ်ပြန်လုပ်ပါ။

    နောက်တစ်ခုကတော့ Cobra Pose ယောဂပါ။ ဒီလေ့ကျင့်ခန်းကတော့ သင့်ရဲ့ ကျောရိုးအတွက် တကယ်ကို အထောက်အကူဖြစ်မှာဖြစ်ပြီး ကျောကို ဆန့်လို့ ဗိုက်သားကိုလေ့ကျင့်ခန်းလုပ်တာဟာ ကျောရိုးကို ပိုပျော့ပျောင်းစေပြီး ကျန်းမာစေပါတယ်။ ဒါ့အပြင် ဒီယောဂအနေအထားဟာ အစာပိုကြေစေပြီး ယောဂရဲ့ အနေအထားဟာ သင့်ရဲ့ဝမ်းဗိုက်အတွက် တကယ်ကို အကျိုးရှိစေပါတယ်။

    မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ဓါတ်ကျခြင်းစတဲ့ စိတ်ဖိစီးမှု လက္ခဏာတွေကို ကုသရာမှာ ထိရောက်ပြီး သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်သွားမယ်ဆိုရင် သင်က အလေးချိန်ကို ထိထိရောက်ရောက်လျှော့ချနိုင်မှာဖြစ်ပြီး ကြွက်သားတွေနဲ့ တင်သားတွေကို တင်းရင်းစေပါတယ်။

    ယောဂဖျာပေါ်မှာ မှောက်ရက်အနေအထားနဲ့နေပါ။ လက်ကို ရင်ဘတ်နားမှာထားပြီး ကြမ်းပြင်ပေါ်ထောက်ထားပါ။ အသက်ရှူသွင်းပါ။ လက်မောင်းအားကိုသုံးပြီး ကြမ်းပြင်ကနေကြွပါ။ ကျောကို တတ်နိုင်သလောက်ဆန့်ပြီး မျက်လုံးက အပေါ်မျက်နှာကြက်ကိုကြည့်ပါ။ အသက်ဆယ်ကြိမ်ရှူစာလောက် ဒီအနေအထားအတိုင်းနေပါ။ ပြီးရင် အသက်ရှူထုတ်ပြီး ကြမ်းပြင်ပေါ် ဖြည်းဖြည်းချင်း ပြန်မှောက်လိုက်ပါ။ မှောက်ရက် သက်တောင့်သက်သာအနေအထားမှာ နေပါ။

    နောက်ဆုံးကတော့ wall legs up ပါပဲ။ ဒါဟာ ယောဂစကျင့်သူတွေအတွက် အကောင်းဆုံးသော အဆုံးသတ်တစ်ခုပါ။ ဒါဟာသင့်ရဲ့နောက်ကျောကို ပြေလျော့စေပြီး တစ်ကိုယ်လုံး သက်တောင့်သက်သာဖြစ်စေကာ တက်ကြွမှုကို ထိန်းသိမ်းထားနိုင်ပြီး ဦးနှောက်ဆီကို သွေးတွေပို့ဆောင်ပေးနိုင်ပါတယ်။ ဖောရောင်ခြင်းကို လျှော့ချပေးနိုင်ပြီး ခန္ဓါကိုယ်ကို ညီညွတ်မျှတစေပါတယ်။ ဒီယောဂလေ့ကျင့်ခန်းဟာ လုပ်ရလွယ်ကူပြီး ရိုးရှင်းပါတယ်။

    အိပ်ရာပေါ် သို့မဟုတ် နံရံနားကပ်ထားတဲ့ ကူရှင်ပေါ် လဲလိုက်ပါ။ တင်ပါးကို နံရံနဲ့ကပ်ပြီး နံရံကိုထောင့်မှန်ကျအနေအထားဖြစ်အောင် ခန္ဓါကိုယ်ကို ထိန်းထားပါ။ ပက်လက်လန်ပြီး လက်တွေကို ဗိုက်သားပေါ်တင်ထားပြီး ခါးကိုတော့ နံရံကနေ ၁၀စင်တီမီတာလောက် ခွာထားပါ။ ဒီအနေအထားအတိုင်း ၅မိနစ်မှ ၁၀မိနစ်နေပါ။ နေ့စဉ် တစ်ရက်ကို ၁ကြိမ်ကနေ ၂ကြိမ်ထိ လုပ်ပေးသင့်ပါတယ်။

    သင့်ရဲ့ယောဂလေ့ကျင့်ခန်းတွေကို အဆုံးသတ်တော့မယ်ဆိုရင်တော့ အတွင်းစိတ်ထဲထိ နက်နက်ရှိုင်းရှိုင်းအနားရနိုင်မယ့် လေ့ကျင့်ခန်းတွေနဲ့ အဆုံးသတ်ပါ။ အနားယူခြင်းဟာ ယောဂလေ့ကျင့်ခန်းတွေရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုပါပဲ။ ယောဂလေ့ကျင့်ထားတဲ့ သင့်ခန္ဓါကိုယ်ကို အနားရစေဖို့အတွက် လေ့ကျင့်မှုပြီးဆုံးတဲ့အချိန်မှာ အနည်းဆုံး ၅မိနစ်လောက်နားပေးပါ။

    အနားယူသော အနေအထား။ ။ ပက်လက်လှဲလိုက်ပါ။ လက်တွေကို ရေပြင်ညီအတိုင်းဖြန်ကား ဆန့်ထားပြီး ခေါင်းကို ဘယ်ဘက်ကိုလိမ်လိုက်ပါ။ ညာခြေအောက်မှာ ဘယ်ခြေကိုထားပြီး ခြေထောက်တွေကို လိမ်ယှက်ထားပါ။ ဘက်ပြောင်းလုပ်ပါ။

    ခြုံပြောရမယ်ဆိုရင်တော့ ယောဂဟာ ခန္ဓါကိုယ်အတွက်ရော စိတ်အတွက်ပါ ကျန်းမာရေးအကျိုးများစွာကို ပေးစွမ်းနိုင်ပါတယ်။ ယောဂလေ့ကျင့်တဲ့ အလေ့အထကို တစ်ရက်မှာ မိနစ်၂၀လောက်နဲ့ နေ့စဉ်လေ့ကျင့်တာမျိုးနဲ့ ထိန်းထားသင့်ပါတယ်။ ဒါမှ ထိရောက်မှုရှိနိုင်မှာပါ။ ယောဂလုပ်သင့်တဲ့ အကောင်းဆုံးအချိန်ကတော့ နံနက်ခင်းပိုင်းနဲ့ ညဉ့်နက်ပိုင်းတွေမှာပါ။ ယောဂလေ့ကျင့်ရာနေရာဟာ လေ့ကျင့်လို့ရအောင် ကျယ်ဝန်းရမယ်။ တိတ်ဆိတ်အေးချမ်းရပါမယ်။ အထက်ပါ လေ့ကျင့်ခန်းတွေကတော့ သင့်ကျန်းမာရေးတိုးတက်လာစေဖို့ အိမ်မှာလေ့ကျင့်နိုင်တဲ့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းအချို့ပါပဲ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်

    ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement