Biopsy လုပ်ရမယ်လို့ဆေးခန်းကပြောတယ်။ လူနာအနေနဲ့တော့ကြောက်စိတ်ကအရင်ဝင်လာမှာပဲ။ ငါများ ကင်ဆာဖြစ်နေပြီလား၊ အသားစယူမယ်ဆို ဘယ်လိုမျိုးလုပ်မှာလဲမသိဘူး၊ နာမှာလား၊ ရလဒ်ကရောကောင်းပါ့မလား စတဲ့ ရင်တုန်စရာအတွေးတွေဖြစ်လာတတ်တာ အနည်းနဲ့အများပါပဲ။
Biopsy ဆိုတာ ဘာလဲ
အသားစယူစစ်ဆေးခြင်း(Biopsy)ဆိုတာရောဂါလက္ခဏာတွေကို စစ်ဆေးပေးတဲ့ စမ်းသပ်မှုတစ်ခုပါ။ ပုံမှန်မဟုတ်ဘူးလို့ ဆရာဝန်တွေက သံသယရှိတဲ့အစိတ်အပိုင်းက တစ်ရှူး သို့မဟုတ် ဆဲလ်နမူနာကို ဓါတ်ခွဲခန်းမှာစစ်ဆေးအဖြေရှာတာဖြစ်ပါတယ်။ ဒါစစ်ဆေးရတိုင်း ကင်ဆာမဖြစ်ပါဘူး။ နမူနာကို ဓါတ်ခွဲခန်းပို့ပြီး အဖြေထွက်လာမှ သိရတာဖြစ်လို့ အရင်ဆုံးကြောက်စိတ်ကိုဖြေသင့်ပါတယ်။
ဘယ်လိုပြင်ဆင်ရမလဲ
ဘာတွေလုပ်ရမယ်၊ရှောင်ရမယ်ဆိုတာ ဆရာဝန်က လိုအပ်တာမှာထားမှာပါ။Biopsy မလုပ်ခင် ဆရာဝန်ညွှန်ကြားထားတာတွေကို လိုက်နာပါ။ ဥပမာ စစ်ဆေးမှုမတိုင်ခင် နာရီအပိုင်းအခြားတစ်ခုအတွင်း မစားဖို့၊ မသောက်ဖို့၊ သွေးကျဲဆေး၊ အက်စပရင်တို့လိုဆေးဝါးတွေမသောက်ဖို့လိုတာမျိုး။
စစ်ပြီးရင်ရော
အသားစယူတဲ့ဧရိယာက ရက်အနည်းငယ်အတွင်း နာနေတာ၊ တမျိုးဖြစ်နေတာရှိနိုင်ပေမယ့် လိုအပ်မယ့်အကိုက်အခဲပျောက်ဆေးကို ဆရာဝန်ကပေးလိုက်မှာပါ။ ပလာစတာကို ဘယ်လောက်ကြာကြာကပ်ထားရမလဲ၊ ဘယ်လိုဂရုစိုက်ရမလဲဆိုတာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာပါ။
စစ်ဆေးမှုအဖြေထွက်ရင်
Biopsy စစ်ဆေးမှုတချို့ကို ရလဒ်မြန်မြန်သိရနိုင်ပေမယ့် တချို့ကျတော့ ရက်ပိုင်းတော့ ကြာတတ်ပါတယ်။
အမျိုးအစားဘယ်နှမျိုးရှိလဲ
အသားစယူစစ်ဆေးခြင်းက အမျိုးမျိုးရှိပေမယ့် အားလုံးနီးပါးက ချွန်ထက်တဲ့ကိရိယာတစ်ခုသုံးပြီး ခန္ဓါကိုယ်တစ်ရှူးအနည်းငယ်ကို ထုတ်ယူတာပါ။ အရေပြား ဒါမှမဟုတ် ထိခိုက်လွယ်တဲ့ဧရိယာတစ်ခုခုမှာbiopsy လုပ်မယ်ဆိုရင် ထုံဆေးတော့ အရင်သုံးကြပါတယ်။ ဥပမာအနေနဲ့ဖော်ပြချင်တဲ့ ဒီ biopsy အမျိုးအစားတချို့ကတော့တွေ့ရများပါတယ် –
– Needle Biopsy
ဒီစစ်ဆေးမှုမှာ ဆရာဝန်ကသံသယရှိစရာဧရိယာတစ်ခုဆီကနေ တစ်ရှူးအနည်းငယ်ကို အပ်နဲ့ ထုတ်ယူမှာပါ။ ဒီနည်းကို ရင်သား၊ပြန်ရည်ကျိတ်၊ သိုင်းရွိုက်ဂလင်း ဒါမှမဟုတ်ဝှေးစေ့ တို့ဆီက နမူနာတစ်ရှူးတွေရယူဖို့ သုံးလေ့ရှိပါတယ်။
ပုံမှန်အားဖြင့် ဒီလုပ်ငန်းစဉ်က တစ်နာရီတောင်မကြာပါဘူး။ ဆရာဝန်က နမူနာယူမယ့်ဧရိယာကို သန့်စင်ပေးပြီး ထုံဆေးသုံးပါမယ်၊ပြီးရင် တစ်ရှူးထုတ်ယူမယ့်ဧရိယာကို အပ်က အတိအကျလုပ်ဆောင်နိုင်အောင် အထောက်အကူဖြစ်စေဖို့ အာထရာဆောင်း သို့မဟုတ် ပုံရိပ်ဖော်နည်းလမ်းတစ်ခုခုသုံးနိုင်ပါတယ်။ပြီးရင်တော့ အသားစယူလိုက်တဲ့နေရာကို ပလာစတာနဲ့ ဖုံးအုပ်ပေးမှာပါ။ အနည်းအကျဉ်းလောက်ပဲ နာကျင်မှုရှိနိုင်မှာပါ။
– Skin Biopsy
ဒီအမျိုးအစားကိုတော့ အရေပြားပေါ်က မှဲ့၊ အသားပို၊ အနီကွက်၊ အနာတွေမှာ စစ်ဆေးလေ့ရှိပါတယ်။melanoma လို အရေပြားကင်ဆာစစ်ဆေးမှုအဖြစ်လည်း လုပ်ဆောင်ကြပါတယ်။ ဒါတွေရှိတဲ့ဧရိယာက အပေါ်ယံအရေပြားမျက်နှာပြင်မှာဆိုရင် ဓါးအသေးစားလေးနဲ့ အသားစနမူနာဖြတ်ယူပါလိမ့်မယ်။ အတွင်းမှာပိုပြီးနက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ အသားပိုမျိုးကိုတော့punch biopsy လို့ခေါ်တဲ့အပေါက်ဖောက်နည်းနဲ့ အသားစယူပါတယ်။ ဒီနည်းဆိုရင် ထိပ်ဝိုင်းကိရိယာတစ်ခုသုံးပြီး အတွင်းပိုင်းအသားစကို နမူနာယူပါလိမ့်မယ်။
အသားစယူလိုက်တဲ့ဧရိယာကို ထုံဆေးပေးထားမှာဖြစ်ပါတယ်။ စစချင်း နည်းနည်းလေးနာကျင်တာ၊ ပူတာ ခံစားရနိုင်ပေမယ့်biopsy လုပ်နေချိန်မှာ ဘာမှခံစားရမှာမဟုတ်ပါဘူး။ပြီးရင်တော့ အဲဒီနေရာမှာ နီမြန်းလာနိုင်တယ်၊ ဒါပေမယ့် မနာဘူး။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးလေးထည့်၊ ပိုးမဝင်အောင်ဂရုစိုက်ပါ။ ၃ ပတ်အတွင်း အနာကျက်ပါတယ်။
– Excisional သို့မဟုတ် Incisional Biopsy
ဒီနည်းကို အများဆုံးသုံးတာက အရေပြား၊ ရင်သား၊ပြန်ရည်ကျိတ် သို့မဟုတ် ကြွက်သားတွေလို ဧရိယာတွေကို စစ်ဆေးဖို့ပါ။ Excisional biopsy ဆိုတာ အသားပို၊ အဖု တစ်ခုလုံး သို့မဟုတ် အရေပြားဧရိယာတစ်ခုကိုဖြတ်ထုတ်တာဖြစ်ပြီးincisional biopsy ဆိုတာက အရေပြားဧရိယာသေးသေးလေးကိုပဲ အတွင်းနက်နက် ခွဲစိတ်နမူနာယူတာဖြစ်ပါတယ်။ အရေပြားကင်ဆာ သံသယနဲ့စစ်ဆေးမယ်ဆိုရင်incisional biopsy က အကျိတ်ရဲ့တစ်စိတ်တစ်ပိုင်းကိုပဲယူမှာဖြစ်ပေမယ့်excisional biopsy က အရေပြားအကျိတ်တစ်ခုလုံးကိုဖြတ်ယူမှာဖြစ်ပါတယ်။
ဧရိယာရဲ့နေရာအစိတ်အပိုင်းနဲ့ အရွယ်အစားကိုမူတည်ပြီး ထုံဆေးပေးရမလား၊မေ့ဆေးပေးရမလားဆိုတာ ဆရာဝန်ကဆုံးဖြတ်မှာပါ။ ဆေးပြယ်တဲ့အခါ ခွဲစိတ်တဲ့နေရာက အနည်းငယ်နာကျင်မှုရှိနိုင်တယ်၊ သွေးအနည်းငယ်ထွက်နိုင်တယ်။ ဒါပေမယ့် နာကျင်မှုက မသက်သာဘူး၊ သွေးထွက်များတယ်ဆိုရင် ဆရာဝန်အမြန်ဆုံးပြန်ပြသင့်ပါတယ်။
– Endoscopic Biopsy
ဒီနည်းမှာတော့ ဆရာဝန်တွေက endoscope လို့ခေါ်တဲ့ အဆုံးမှာ အလင်းမီးနဲ့ကင်မရာပါတဲ့ပြွန်ရှည်တစ်ခုကိုသုံးတာဖြစ်ပါတယ်။ မှန်ပြောင်းကြည့်တယ်လို့လည်းခေါ်ပါတယ်။ Biopsy လုပ်တဲ့နေရာမှာ ခန္ဓါကိုယ်အတွင်းပိုင်းက ဧရိယာတစ်ခုခုကို ကြည့်ရှုဖို့လိုအပ်တဲ့အခါ မှန်ပြောင်း(endoscope) ကိုသုံးရပါတယ်။ ဥပမာ အူမကြီး၊ ဆီးအိမ် ဒါမှမဟုတ် အဆုတ်ကနေ တစ်ရှူးနမူနာရယူဖို့။
ဒီစစ်ဆေးမှုမှာ လူနာကို မေ့ဆေးပေးထားပြီး ပါးစပ်၊ စအိုလမ်းကြောင်း၊ ဆီးလမ်းကြောင်း ဒါမှမဟုတ် အရေပြားမှာဖောက်ထားတဲ့နေရာကတဆင့် မှန်ပြောင်းပြွန်ထည့်မယ်။ ကင်မရာကတဆင့်ကြည့်ပြီး စမ်းသပ်မယ့်တစ်ရှူးနမူနာကို ရယူပါမယ်။ အန္တရာယ်မရှိနိုင်တဲ့ စစ်ဆေးမှုဖြစ်ပေမယ့် ပိုးဝင်တာ၊သွေးယိုတာဖြစ်နိုင်ခြေအနည်းငယ်တော့ရှိပါတယ်။
– Bone Marrow Biopsy
သွေးကင်ဆာလိုမျိုးသွေးနဲ့ဆိုင်တဲ့ရောဂါတွေအတွက် စစ်ဆေးဖို့တော့ ရိုးတွင်းခြင်ဆီနမူနာစစ်ဆေးမှုလုပ်ရပါလိမ့်မယ်။ ဆရာဝန်က ရိုးတွင်းခြင်ဆီနမူနာအနည်းငယ်ကို အပ်ရှည်တစ်ချောင်းနဲ့စုပ်ယူပြီး အဏုကြည့်မှန်ပြောင်းနဲ့ စစ်ဆေးမှာပါ။ ထုံဆေးပေးထားမှာဖြစ်ပေမယ့်နေရခက်တာတော့ ခံစားရနိုင်ပါတယ်။
ဆေးပညာမှာ တခြား biopsy နည်းလမ်းတွေရှိသေးပေမယ့် အနီးစပ်ဆုံးအသားစစစ်ဆေးမှုအမျိုးအစားတွေကိုဖော်ပြခဲ့တာပါ။ အကြမ်းဖျင်းရှင်းပြထားတာဖြစ်လို့ အသေးစိတ်ကိုတော့ ကိုယ်စစ်ဆေးမှုခံယူမယ့်ဆရာဝန်ဆီမှာ ကြိုတင်မေးမြန်းတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။
[embed-health-tool-bmi]