backup og meta

Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း)

Heart Failure နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း ဆိုတာက နှလုံးက သူရဲ့အလုပ်ဖြစ်တဲ့ သွေးကို တစ်ကိုယ်လုံး လှည့်ပတ်စီးဆင်းအောင် မညှစ်ထုတ်ပေးနိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။

Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း)

နှလုံးစွမ်းဆောင်ရည်ကျဆင်းတဲ့ လူတွေမှာ သွေးလည်ပတ်မှု မကောင်းတော့ပါဘူး။ သွေးတွေကို လုံလောက်အောင် မညှစ်ထုတ်နိုင်တဲ့အခါ နှလုံးရဲ့အခန်းတွေဟာ သွေးတွေ ပိုပြီးလက်ခံနိုင်အောင် ဆွဲဆန့်ပေးရတယ် သို့မဟုတ် နှလုံးနံရံတွေ မာကြောလာရပါတယ်။

ဒီလိုလုပ်ပေးခြင်းဖြင့် သွေးစီးဆင်းမှုကို ပုံမှန်ပြန်ဖြစ်လာနိုင်ပေမယ့် နှလုံးကြွက်သားတွေက တဖြည်းဖြည်းနဲ့ အားနည်းလာပြီး အလုပ်ကောင်းကောင်း မလုပ်နိုင်တော့တဲ့ အခြေအနေ ဖြစ်သွားတတ်ပါတယ်။ ရလဒ်အနေနဲ့ကတော့ ကျောက်ကပ်ဟာ သွေးတွေ ပြန်ဖြည့်နိုင်ဖို့ ကိုယ်တွင်းမှာရှိတဲ့ ရေနဲ့ ဆားဓာတ်ကို ဆွဲယူဖို့ လုပ်ဆောင်ပေးရတယ်။

ဒါကြောင့် နှလုံးစွမ်းဆောင်ရည် ကျဆင်းလာတဲ့အခါ ကိုယ်တွင်းမှာ ရေဓာတ်တွေစုပုံလာတဲ့အတွက် ဖောတာ၊ မောတာတွေ ဖြစ်လာပါတော့တယ်။

Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီကျန်းမာရေးအခြေအနေက အလွန်ဆိုးရွားနေတဲ့ အခြေအနေဖြစ်တယ်။ အသက်အရွယ်မရွေး ဖြစ်ပွားတတ်တယ်။ နှလုံးစွမ်းဆောင်ရည်ကျတာက ကုသရခက်တဲ့အတွက် ရောဂါဖြစ်စေနိုင်တဲ့ အချက်တွေကို လျှော့ချသင့်ပါတယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။

Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း) ရဲ့ လက္ခဏာတွေကဘာတွေလဲ

နှလုံး စွမ်းဆောင်ရည်ကျဆင်းခြင်းရဲ့ အတွေ့ရများသော လက္ခဏာတွေကတော့

  •  လှုပ်ရှားနေစဉ် သို့မဟုတ် အနားယူနေစဉ်တွင် မောပန်းခြင်း
  • အလွန်အမင်း မောပန်းနေတတ်ခြင်း
  • ခြေဖဝါး၊ ခြေကျင်းဝတ်၊ ဗိုက်နဲ့ ကျောဘက်အောက်နားတွင် ဖောရောင်နေခြင်း

အထက်မှာ ဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသော လက္ခဏာတွေ လည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ နှလုံးပျက်စီးတဲ့ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလား ဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအချက်များဖြစ်ပွားရင် ဆရာဝန်နှင့် ပြသသင့်ပါတယ်။

  • သင့်ခြေဖဝါး၊ ခြေထောက်၊ ခြေကျင်းဝတ်နဲ့ ဝမ်းဗိုက် ပိုဖောရောင်လာခြင်း
  • နေ့စဉ်လုပ်နေကျ အလုပ်တွေကို မလုပ်ဆောင်နိုင်လောက်အောင် မောပန်းခြင်း
  • ညဘက်တွင် ချောင်းဆိုးခြင်း၊ မောပြီး ထထိုင်ရခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • ရေဓာတ်ခမ်းခြောက်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • နှလုံးခုန်မြန်ခြင်း (အနားယူနေချိန်တွင် နှလုံးခုန်နှုန်းက ၁မိနစ်လျှင် ၁၂၀ကြိမ်ထက်များနေခြင်း)

ဒီထဲတွင်မပါသော အချက်များ သို့မဟုတ် သိလိုသောအချက်များကို ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။ လူတိုင်းရဲ့ကိုယ်ဟာ ရောဂါကို တုံ့ပြန်ပုံခြင်း မတူတတ်ကြပါ။ သင့်အခြေအနေကို ဆရာဝန်နဲ့ ဆွေးနွေးခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ ရောဂါကို စောစီးစွာတွေ့လျှင် ဆေးကုသရန်ပိုမိုလွယ်ကူပြီး အကျိုးရှိနိုင်ပါတယ်။

Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း) ကို ဘာတွေက ဖြစ်စေသလဲ

နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းတွေများစွာ ရှိပါတယ်။ ရောဂါအခံတစ်ခုခုကြောင့် နှလုံး စွမ်းဆောင်ရည်ကျဆင်းခြင်းကို ဖြစ်တတ်တာများပါတယ်။ နှလုံး စွမ်းဆောင်ရည် ကျဆင်းခြင်းကို အဖြစ်များစေတဲ့ အကြောင်းရင်းများမှာ

Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နှလုံးပျက်ဆီးခြင်းကို အဖြစ်များစေတဲ့အကြောင်းရင်းများမှာ

  • နှလုံးသွေးကြောရောဂါ
  • သွေးတိုးရောဂါ
  • ဆီးချိုရောဂါ
  • ဆေးလိပ်သောက်ခြင်း
  • အဆီ၊ ကိုလက်စရောများတဲ့ အစားအသောက်နဲ့ ဆားအစားများခြင်း
  • အဝလွန်နေခြင်း

Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ရောဂါကို ရှာဖွေရန် ဆရာဝန်မှ သင့်အား ရောဂါရာဇဝင်နဲ့ ရောဂါလက္ခဏာအကြောင်းကို မေးမြန်းပါလိမ့်မယ်။

  • သင်တွင် ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ ရင်ဘတ်အောင့်တဲ့ရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်းကိုလက်စရောများတဲ့ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ သို့မဟုတ် တခြားနှလုံးနှင့် ပတ်သက်သောရောဂါများ ရှိ၊ မရှိ
  • မိသားစုတွင်းမှာ နှလုံးရောဂါဖြစ်တဲ့သူနဲ့ ရုတ်တရက်နှလုံးကြောင့် သေဆုံးသူ ရှိ၊ မရှိ
  • ဆေးလိပ် သို့ ဆေးရွက်ကြီးသုံးစွဲမှု ရှိ၊ မရှိ
  • အရက်သောက်သုံးမှုနဲ့ သောက်တဲ့ပမာဏ
  • သင်ဟာ ကင်ဆာဆေးကုထုံး သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံး ယူထားခြင်းရှိ၊ မရှိ
  • သင်သောက်နေတဲ့ ဆေးဝါးများ စတာတွေအပြင်

ဆရာဝန်မှ သင့်အား လိုအပ်သလို သွေးစစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန်၊ ECG စစ်ဆေးခြင်းတို့ကို လုပ်ဆောင်ပါလိမ့်မယ်။

Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း)ကို ဘယ်လိုကုသပါသလဲ

ယခုအချိန်တွင် ဒီရောဂါကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသ၍မရပါ။ ရောဂါလက္ခဏာကို ထိန်းချုပ်ခြင်းဖြင့် သက်တမ်းစေ့နေနိုင်အောင်သာ ထိန်းထားနိုင်ပါတယ်။

ဆရာဝန်မှ သင့်ရဲ့သွေးပေါင်ချိန်ကို ထိန်းထားရန်နဲ့ နှလုံးခုန်မှုကို ထိန်းထားရန်အတွက် သောက်သုံးရန်ဆေးဝါးများကို ညွှန်ကြားပါလိမ့်မယ်။ သောက်သုံးရမည့် ဆေးများထဲတွင် နှလုံးပျက်စီးခြင်းကို ထိန်းထားနိုင်မယ့် ဆေးများအပါအဝင် ရောဂါအခံကို ကုသနိုင်မယ့် ဆေးဝါးများလည်း ပါဝင်နိုင်ပါတယ်။

Takeaways

နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းသည် မကုသဘဲ ဒီတိုင်းထားလိုက်မယ်ဆိုရင် ပိုပို ပျက်စီးလာပြီး လုံးဝကုမရတဲ့အဆင့်ကို ရောက်သွားနိုင်ပါတယ်။ စောစောစီးစီး သိမယ်ဆိုရင် ပိုမဆိုးလာအောင် ဆေးများနဲ့ ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင် ရောဂါအခံများကို ကုသခြင်း၊ စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲခြင်းဖြင့် သက်တမ်းစေ့နေနိုင်အောင် ထိန်းထားနိုင်ပါတယ်။

ရေးသားသူ- Phyo Wai Yan

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

When to Call Your Doctor or Nurse About Heart Failure Symptoms. http://my.clevelandclinic.org/services/heart/disorders/heart-failure-what-is/hic_When_to_Call_Your_Doctor_or_Nurse_About_Heart_Failure_Symptoms. Accessed June 12, 2016.

Diagnosis – How Heart Failure is Diagnosed. http://my.clevelandclinic.org/services/heart/disorders/heart-failure-what-is/hic_How_Heart_Failure_is_Diagnosed. Accessed June 12, 2016.

Heart failure. https://www.bhf.org.uk/heart-health/conditions/heart-failure. Accessed June 12, 2016.

ယခုပုံစံ

25/10/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Congestive Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း )

နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းအကြောင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/10/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ