backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Anterior prolapse (cystocele) (ဆီးအိမ်ပြိုကျခြင်း)

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


14/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Anterior prolapse (cystocele) (ဆီးအိမ်ပြိုကျခြင်း) ကဘာလဲ။

ဆီးအိမ်ပြိုကျခြင်းဆိုတာ အမျိုးသမီးတွေမှာ ဆီးအိမ်နဲ့ မိန်းမကိုယ်နံရံကြားက ကျားကန်ထားတဲ့ တစ်သျှူးတွေအားနည်းလို့ ဆီးအိမ်က မိန်းမကိုယ်ထဲကို ကျွံလာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

ဆီးခုံရိုးကွင်းအင်္ဂါအစိတ်အပိုင်းတွေကို ကျားကန်ပေးထားရတဲ့ ကြွက်သားတွေ အားစိုက်ရလွန်းတဲ့အခါ ဆီးအိမ်ပြုကျခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုအားစိုက်ရတဲ့ အခြေအနေတွေကတော့ ကလေးမွေးခြင်း၊ ဝမ်းအလွန်ချုပ်ခြင်း၊ ချောင်းအလွန်ဆိုးခြင်းနဲ့ အလေးအပင်မခြင်း တို့ပဲ ဖြစ်ပါတယ်။ သွေးဆုံးပြီးလို့ မဟော်မုန်း ပမာဏကျသွားချိန်မှာလည်း ဆီးအိမ်ပြိုခြင်း ဖြစ်ပေါ်နိုင်ပါတယ်။

သိပ်မပြင်းထန်တဲ့ ဆီးအိမ်ပြုကျခြင်းအတွက်ကတော့ ခွဲစိတ်စရာမလိုတဲ့ ကုသနည်းတွေနဲ့ အဆင်ပြေပါတယ်။ ဆိုးရွားတဲ့ အခြေအနေမှာတော့ အင်္ဂါအစိတ်အပိုင်းတွေ နေသားတကျပြန်ဖြစ်ဖို့ ခွဲစိတ်ကုသမှု လိုအပ်ပါတယ်။

Anterior prolapse (cystocele) (ဆီးအိမ်ပြိုကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Anterior prolapse (cystocele) (ဆီးအိမ်ပြိုကျခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အောက်ပါလက္ခဏာတွေ တွေ့ရများပါတယ်။

  • ဆီးခုံနဲ့ မိန်းမကိုယ်ထဲမှာ ပြည့်နေသလို၊ ဆွဲထားသလို ခံစားရခြင်း
  • တခုခုအားစိုက်တဲ့အခါ၊ ချောင်းဆိုးရာမှာ၊ အလေးအပင်မရာမှာ ပိုဆိုးတတ်ခြင်း
  • ဆီးသွားပြီးသော်လည်း ဆီးကျန်နေသလို ခံစားရခြင်း
  • ဆီးအိမ် မကြာခဏ ပိုးဝင်ခြင်း
  • လိင်ဆက်ဆံချိန်တွင် နာကျင်ခြင်း၊ ဆီးထွက်ခြင်း
  • ပိုဆိုးသော အခြေအနေတွင် မိန်းမကိုယ်အဝမှ ပြူထွက်လာပြီး ကြက်ဥပေါ် ထိုင်ထားသလို ခံစားရခြင်း
  • အချိန်အတော်ကြာ မတ်တပ်ရပ်နေလျှင် လက္ခဏာများတွေ့လာရပြီး လှဲနေချိန်တွင် ပျောက်ကွယ်သွားတတ်ခြင်း

သိပ်မဆိုးရွားတဲ့ အခြေအနေမှာတော့ ဒီလက္ခဏာတွေကို သတိမထားမိပါဘူး။

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Anterior prolapse (cystocele) (ဆီးအိမ်ပြိုကျခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းရင်းမျိုးစုံကြောင့် ဖြစ်တတ်ပါတယ်။ အဓိက အကြောင်းရင်းကတော့ ကလေးမွေးချိန်မှာ အားစိုက်ထုတ်ရလို့ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကြိမ်ရေများသူ၊ သဘာအတိုင်းမွေးဖွားသူ၊ မွေးချိန်ကြာသူ စသူတွေမှာ ဖြစ်ပွားနိုင်ခြေ များပါတယ်။

တခြားအကြောင်းအရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • အလေးအပင်မခြင်း
  • ချောင်းအလွန်ဆိုးခြင်း
  • ဝမ်းသွားရန် မကြာခဏ အားစိုက်ထုတ်ရခြင်း
  • အဝလွန်ခြင်း
  • သွေးဆုံးခြင်း
  • ယခင်က တင်ဆုံရိုးကွင်း ခွဲစိတ်ထားဖူးခြင်း
  • အသက်ကြီးလာခြင်း

ဖြစ်နိုင်ခြေများ

Anterior prolapse (cystocele) (ဆီးအိမ်ပြိုကျခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါအကြောင်းအရာတွေကြောင့် ဖြစ်နိုင်ခြေ မြင့်တက်စေနိုင်ပါတယ်။

  • ကလေးမွေးခြင်း။ သဘာဝအတိုင်း ကလေးတဦး (သို့) ပိုပြီး မွေးဖွားခြင်း
  • အသက်အရွယ်ကြီးလာခြင်း။ သွေးဆုံးတဲ့အခါ တင်ဆုံရိုးကွင်းအတွင်း ကြွက်သားများကို သန်မာစေတဲ့ မဟော်မုန်း ထုတ်လုပ်ခြင်း ရပ်သွားလို့ ဖြစ်ပါတယ်။
  • မျီုးရိုးဗီဇ။ အမျိုးသမီးအချို့ရဲ့ သွယ်ဆက်တစ်သျှူးတွေဟာ မွေးရာပါ အားနည်းတာကြောင့် ဖြစ်တတ်ပါတယ်။
  • အဝလွန်ခြင်း။ ကိုယ်အလေးချိန်များသူ၊ အဝလွန်နေသူတွေဟာ ဆီးအိမ်ပြိုကျခြင်း ဖြစ်နိုင်ခြေ များပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Anterior prolapse (cystocele) (ဆီးအိမ်ပြိုကျခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါရာဇဝင်မေးခြင်းနဲ့ စမ်းသပ်ခြင်းကတဆင့် သိနိုင်ပါတယ်။ စမ်းသပ်စစဆေးခြင်းကို လှဲပြီး၊ အားစိုက်ပြီး၊ မတ်တပ်ရပ်ပြီး စမ်းသပ်နိုင်ပါတယ်။ ဆီးအိမ်ပြိုကျခြင်း ဘယ်လောက်ထိဆိုးလဲ၊ ဘယ်အပိုင်းဖြစ်နေသလဲဆိုတာ စစ်ဆေးနိုင်ပါလိမ့်မယ်။

တခြားစစ်ဆေးခြင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • မှန်ပြောင်းကြည့်ခြင်း
  • ဆီးအိမ်စမ်းသပ်ခြင်း
  • ဓါတ်မှန်ရိုက်ခြင်း
  • အာထရာဆောင်းရိုက်ခြင်း
  • MRI ရိုက်ခြင်း

Anterior prolapse (cystocele) (ဆီးအိမ်ပြိုကျခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုဟာ ဆီးအိမ်ပြိုကျခြင်း ဘယ်လောက်ဆိုးရွားသလဲ၊ တခြား ဆက်စပ်တဲ့ အခြေအနေ ဘတွေရှိသလဲဆိုတာပေါ် မူတည်ပါတယ်။ ဥပမာ သားအိမ်ကပါ ပွေးလမ်းကြောင်းထဲ ကျွံကျခြင်း ဖြစ်ပါတယ်။

သိပ်မဆိုးရွားရင် ကုသမှု မလိုအပ်ပါဘူး။ ဆရာဝန်နဲ့ ပုံမှပြသပြီး စောင့်ကြည့်စစ်ဆေးမှု ခံယူနိုင်ပါတယ်။ တင်ဆုံရိုးတွင်း အင်္ဂါများကို သန်မာစေတဲ့ လေ့ကျင့်ခန်းများကို မိမိဖာသာ ပြုလုပ်နိုင်ပါတယ်။

မိမိဖာသာ လေ့ကျင့်ရုံနဲ့ မထိရောက်ရင် အောက်ပါအတိုင်း ကုသမှု ခံယူနိုင်ပါတယ်။

အထောက်အကူပြုပစ္စည်းထည့်ခြင်း (သားရေကွင်းစည်းခြင်း)။ ပလတ်စတစ် ဒါမှမဟုတ်ရာဘာကွင်းကို မိန်းမကိုယ်ထဲ ထည့်သွင်းပြီး ဆီးအိမ်ကို ကျားကန်ပေးခြင်း ဖြစ်ပါတယ်။ ဆရာဝန်က ထည့်သွင်းပေးပြီး ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲ၊ ဘယ်လို ပြန်ထည့်ရမလဲဆိုတာပါ ပြသပေးပါလိမ့်မယ်။ အမျိုးသမီးတချို့ဟာ ခွဲစိတ်မှုကို ရှောင်လွှဲဖို့ ရာဘာကွင်းထည့်ကြပါတယ်။ တချို့ကတော့ ခွဲစိတ်ရင် အန္တရာယ်များလို့ သုံးကြပါတယ်။

မဟော်မုန်းဖြင့်ကုသခြင်း။ အီစထရိုဂျင်ဟော်မုန်းကို မိန်းမကိုယ်လိမ်းဆေး၊ သောက်ဆေး၊ ကွင်း စတဲ့ပုံစံတွေနဲ့ အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် သွေးဆုံးချိန်မှာ ဖြစ်ပါတယ်။ မဟော်မုန်းဟာ တင်ဆုံရိုးတွင်း အင်္ဂါတွေကို သန်မာစေပြီး သွေးဆုံးချိန်မှာ ဟော်မုန်းနည်းသွားလို့ ဖြစ်ပါတယ်။

ခွဲစိတ်ခြင်း

ဆီးအိမ်ပြိုကျခြင်း လက္ခဏာတွေ သိသာနေရင် ခွဲစိတ်မှု လိုအပ်ပါတယ်။

မိန်းမကိုယ်ကနေတဆင့် ခွဲစိတ်ခြင်းကို ပြုလုပ်ပြီး ဆီးအိမ်ကို မူလနေရာကို ပြန်လည် မတင်ပါတယ်။ တစ်သျှူးအပိုတွေကို ဖယ်ထုတ်ပြီး ကြွက်သားတွေကို သန်မာအောင်ချည်ပါတယ်။ မိန်းမကိုယ်နံရံဟာ ပါးလွန်းတယ်ထင်ရင် တစ်သျှူးအစားထိုးထည့်ပြီး ပြုပြင်ပါတယ်။

သားအိမ်ပါကျွံကျရင် သားအိမ်ကိုထုတ်ပြီး ကြွက်သားတွေ၊ အရွတ်တွေကို ပြုပြင်ပါတယ်။

ကိုယ်ဝန်ဆောင်ဖို့ စဉ်းစားသေးရင် ကလေးမွေးပြီးချိန်ထိ ခွဲစိတ်မှုကို ရွှေ့ဆိုင်းထားပါလိမ့်မယ်။ ဒီအတောအတွင်း ရာဘာကွင်း ထည့်နိုင်ပါတယ်။ ခွဲစိတ်ခြင်းဟာ နှစ်ပေါင်းများစွာ ခံပေမယ့် ပြန်ဖြစ်နိုင်ခြေနဲ့ နောက်ထပ်ခွဲစိတ်ရနိုင်ခြေတော့ ရှိနိုင်ပါသေးတယ်။

ဆီးမထိန်းနိုင်ခြင်း

ဆီးမထိန်းနိုင်ခြင်းနဲ့ပါ ဆက်စပ်နေရင် ဆီးသွားပြွန်ကို အထောက်အကူပြုမယ့် နည်းစနစ်တွေ ပြုလုပ်ပေးပါလိမ့်မယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ဆီးအိမ်ပြိုကျခြင်း အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

ကီးဂဲလ်လေ့ကျင့်ခန်းဟာ သားအိမ်၊ ဆီးအိမ်နဲ့ အူများကို ထောက်ကန်ပေးထားတဲ့ တင်ဆုံရိုးကွင်းကြွက်သားတွေကို သန်မာစေပါတယ်။ အင်္ဂါအစိတ်အပိုင်းတွေကို အကောင်းဆုံး ကျားကန်ပေးနိုင်တဲ့အပြင် ဆီးအိမ်ပြိုကျခြင်းနဲ့ ပတ်သက်တဲ့ ဝေဒနာတွေကိုလည်း သက်သာစေပါတယ်။

ကီးဂဲလ်လေ့ကျင့်ခန်းကို အောက်ပါအတိုင်း လေ့ကျင့်နိုင်ပါတယ်။

ဆီးသွားချိန်မှာ ရပ်တန့်တဲ့ကြွက်သားကို လေ့ကျင့်ခြင်း ဖြစ်ပါတယ်။

အဲဒီကြွက်သားကို ၅စက္ကန့်လောက် ညှစ်ထားပြီး နောက် ၅စက္ကန့်လောက် ဖြေလျှော့ပါ။ (၅စက္ကန့်ထိန်းထားဖို့ ခက်ရင် ၂စက္ကန့် ထိန်းထားပြီး ၃စက္ကန့် ဖြေလျှော့ပါ)

ဒီလိုနည်းနဲ့ ၁၀စက္ကန့်လောက်ထိ ထိန်းထားနိုင်အောင် အားထုတ်ပါ။

တခါလုပ်ရင် ၁၀ကြိမ်ခန့်နဲ့ တနေ့ ၃ခါလေ့ကျင့်ပါ။

ဒီလေ့ကျင့်ခန်းကို ကာယကုကျွမ်းကျင်သူနဲ့ အထောက်အကူပြု စက်ကိရိယာသုံးပြီးလုပ်ရင် ပိုပြီးထိရောက်ပါတယ်။ အထောက်အကူပြု ကိရိယာဟာ ကြွက်သားတွေအနေနဲ့ ရှိသင့်တဲ့အားနဲ့ အလုပ်လုပ်နိုင်တဲ့ အချိန်အတိုင်းအတာ ရှိရဲ့လား သိနိုင်စေပါတယ်။

လေ့ကျင့်ခန်းကို ပုံစံမှန်မှန်ပြုလုပ်နိုင်အောင် တခေါက်လေ့လာပြီးရင် နောင်ဘယ်အချိန်ဖြစ်ဖြစ် အလုပ်စားပွဲမှာ ထိုင်နေချိန်ဖြစ်ဖြစ်၊ ခုံမှာထိုင်နေချိန်ဖြစ်ဖြစ် လေ့ကျင့်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


14/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement