backup og meta

အီဘိုလာ (Ebola) ဆိုသည်မှာ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အီဘိုလာ (Ebola) ဆိုသည်မှာ

    အီဘိုလာဆိုတာ ဗိုင်းရပ်စ်ပိုးတစ်မျိုးရဲ့ နာမည်ဖြစ်ပြီး အီဘိုလာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါကိုတော့ Ebola virus disease (EVD) (သို့) Ebola hemorrhagic fever (EHF) လို့ ခေါ်ပါတယ်။ အီဘိုလာရောဂါလို့ အလွယ်ခေါ်ပါတယ်။ ၁၉၇၆ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပြီး တောင်ဆူဒန်နိုင်ငံနဲ့ DR ကွန်ဂိုနိုင်ငံက ရွာတွေမှာ စပြီးပျံ့နှံ့ခဲ့ပါတယ်။ အီဘိုလာမြစ်အနီးမှာ စတင်ဖြစ်ပွားတာမို့ အီဘိုလာဆိုတဲ့ နာမည်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ စတင်တွေ့ရှိခဲ့ချိန်ကနေ ယနေ့ထိ အစုလိုက်အပြုံလိုက်ဖြစ်ပွားမှု ၂၄ကြိမ်ခန့် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

    ရောဂါလက္ခဏာတွေအနေနဲ့ ဖျားနာခြင်း၊ အဆစ်အမြစ်များကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အားနည်းခြင်း၊ မောပန်းသလိုခံစားရခြင်း၊ အစားအသောက်ပျက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကြို့ထိုးခြင်း စတာတွေဖြစ်နိုင်ပါတယ်။ ဝမ်းပျက်ခြင်းနဲ့ ပျို့အန်ခြင်းတွေကြောင့် အလွန်အမင်းရေဓါတ်ခန်းခြောက်ခြင်း ဖြစ်နိုင်ပါတယ်။ အသက်ရှုကြပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်းလည်း ဖြစ်တတ်ပါတယ်။ အရေပြားပေါ် အနီစက်များ အပိမ့်များထွက်လာနိုင်ပါတယ်။

    ဆိုးရွားတဲ့အခြေအနေတွေမှာ သွေးခဲနှုန်းကျဆင်းပြီး သွေးမတိတ်ခြင်း၊ ကိုယ်ခန္ဓါကိုယ်တွင်းကိုယ်ပ သွေးယိုခြင်းဖြစ်နိုင်ခြင်း ဖြစ်နိုင်ပါတယ်။ အရေပြားပေါ်မှာ သွေးစက်ဥတွေ၊ သွေးခြေဥခြင်းတွေ တွေ့နိုင်ပြီး သွေးအန်ခြင်း၊ ဝမ်းတွင်သွေးပါခြင်း၊ ချောင်းဆိုးသွေးပါခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

    ကူးစက်ပုံ

    အီဘိုလာဗိုင်းရပ်စ်ဟာ သွေး ဒါမှမဟုတ် ခန္ဓါကိုယ်ကနေ ထွက်တဲ့အရည်တွေကတဆင့် ကူးစက်နိုင်ပါတယ်။ ခန္ဓါကိုယ်ကထွက်တဲ့အရည်ဆိုရာမှာ နှပ်၊ တံတွေး၊ အန်ဖတ်၊ ချွေး၊ မျက်ရည်၊ ဆီး၊ နို့ရည်၊ သုတ်ရည် စတာတွေပဲ ဖြစ်ပါတယ်။ ကူးစက်ခံရသူအတွက် ရောဂါပိုးဝင်ရောက်နိုင်တဲ့ နေရာတွေကတော့ ပါးစပ်၊ နှာခေါင်း၊ မျက်လုံး၊ ထိခိုက်ရှနာ ပွန်းပဲ့ဒဏ်ရာများပဲ ဖြစ်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ပိုးဟာ လူကိုယ်ခန္ဓါကထွက်တဲ့အရည်ထဲမှာ တည်ရှိနေပြီး အဲဒီအရည်ဟာ ကိုယ်ခန္ဓါပြင်ပကို ရောက်သွားခဲ့ရင် ဗိုင်းရပ်စ်ပိုးဟာ ရက်အနည်းငယ်ထိ ရှင်သန်နိုင်ပါတယ်။ ဆိုလိုတာကတော့ အဲဒီအတောအတွင်းမှာ ကူးစက်နိုင်ခြေ ရှိနေပါတယ်။ အရည်ထဲမဟုတ်ဘဲ အရာဝတ္တုတစ်ခုခုရဲ့ မျက်နှာပြင်ပေါ် ရောက်ရှိသွားမယ်ဆိုရင်တော့ နာရီအနည်းငယ် အသက်ရှင်နိုင်ပါတယ်။ လူလူချင်းကူးစက်နိုင်သလို တိရစ္ဆာန်တွေကတဆင့်လည်း ကူးစက်နိုင်ပါတယ်။ နှာရည်ထဲမှာလည်း အီဘိုလာဗိုင်းရပ်စ်ရှိနိုင်လို့ နှာချေတဲ့အခါ လေထဲမှာရောဂါပိုး ပျံ့နှံ့နိုင်ပါတယ်။ ဒါကြောင့် လေထုကနေ ကူးစက်ဖို့လည်း ဖြစ်နိုင်ပါသေးတယ်။

    အသက်အန္တရာယ်ရှိသလား

    အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ကိုယ်ခန္ဓါကနေ ရေဓါတ်အလွန်အမင်းခန်းခြောက်ရင်၊ သွေးလွန်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ ပြီးခဲ့တဲ့ဖြစ်ပွားမှုတွေမှာ သေဆုံးမှုနှုန်းဟာ ၅၀ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။

    ကာကွယ်ခြင်း

    အီဘိုလာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးကို ပြီးခဲ့တဲ့နှစ်အနည်းငယ်က ထုတ်လုပ်ထားပါတယ်။ ကာကွယ်ဆေးကတော့ ထိရောက်မှုရှိပြီး လူတစ်သိန်းခြောက်သောင်းကျော်ကို ထိုးနှံပြီးပြီလို့ သိရပါတယ်။ ဒါပေမယ့် တကယ်ဖြစ်ပွားရာ အာဖရိကမှာတောင် ကာကွယ်ဆေးနဲ့ ဖြစ်ပွားနိုင်ခြေဧရိယာကို လွှမ်းခြုံနိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် ရောဂါဖြစ်ပွားနေတယ်လို့ ယူဆရတဲ့နေရာတွေကို ခရီးထွက်ခြင်းကနေ ရှောင်ကြဉ်ရပါမယ်။ ရောဂါဖြစ်ပွားတယ်လို့ ယူဆရသူတွေနဲ့ ထိတွေ့ခြင်း မပြုရပါဘူး။ လက်ကိုလည်း မကြာခဏဆေးကြောသင့်ပါတယ်။

    လက်ရှိအနေအထား

    ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းကစပြီး ယနေ့အချိန်ထိ DR ကွန်ဂိုနိုင်ငံမှာ တကျော့ပြန်ဖြစ်ပွားနေပြီး ပြည်နယ်နှစ်ခုမှာ လူပေါင်း ၂၅၀၀ အနည်းဆုံး ရောဂါကူးစက်မှု ဖြစ်ပွားခဲ့ပြီး လူနာတွေထဲက ၃ပုံ၂ပုံဟာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကွန်ဂိုနိုင်ငံမှာ လက်ရှိ အရေးပေါ်အခြေအနေကြေငြာထားဆဲရောဂါ ဖြစ်ပါတယ်။ အာဖရိကမှာ အဓိကဖြစ်ပွားတယ်ဆိုပေမယ့် အမေရိကန် နဲ့ ဥရောပနိုင်ငံတွေမှာလည်း တွေ့ရှိရတာမို့ ဂရုစိုက်စောင့်ကြည့်သင့်တဲ့ရောဂါ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က မြန်မာနိုင်ငံမှာလည်း အီဘိုလာရောဂါလို့ သံသယရှိသူအချို့ကို စောင့်ကြည့်ကုသခဲ့ဖူးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement