အချစ်မှာမျက်စိမရှိလို့ ရနိုင်ပေမယ့် လူ့ဘဝမှာ မျက်စိမရှိရင် ဘယ်လောက်ဒုက္ခများမလဲကြည့်လိုက်ပါ။ကိုယ်ရှင်သန်နေတဲ့ဘဝမှာ မျက်စိက သိပ်ကိုအရေးပါတယ်ဆိုတာ လက်ခံတယ်မဟုတ်လား။ အလုပ်ပဲဖြစ်ဖြစ်၊ ဘဝတိုးတက်ရေးပဲဖြစ်ဖြစ်၊ အလှအပအတွက်ပဲဖြစ်ဖြစ် မျက်စိက သိပ်ကိုအရေးပါတဲ့အထောက်အပံ့တစ်ခုဖြစ်ပါတယ်။ မျက်လုံး၊ မျက်ခုံးလေး၊ မျက်တောင်လေးကြည့်ကောင်းဖို့ကို ယောကျာ်း၊မိန်းမ မရွေးပြုပြင်ဂရုစိုက်နေကြတာပဲလေ။
ဘယ်လိုဂရုစိုက်သလဲ
မျက်စဉ်းလေးဝယ်ခတ်တာ၊ မျက်တောင်ကော့ဆေး သုံးတာလောက်က လုံလောက်တဲ့ဂရုစိုက်မှုမဟုတ်ပါဘူး။ ဒါတင်မကဘဲ မျက်လုံးနဲ့ပတ်သက်ပြီး ကိုယ်လုပ်မိနေတဲ့အမှားတွေ ဘယ်လောက်များရှိနေပြီလဲ။ ဆက်ပြီးကြည့်ရအောင် –
(၁) မျက်စိကျန်းမာရေးစစ်ဆေးမှု ပုံမှန်မလုပ်ဘူး
မျက်စိဆရာဝန်နဲ့ ပုံမှန်စစ်ဆေးပြသမှု ရှိတာကောင်းပါတယ်။ ဒါမှ ဖြည့်သင့်တာဖြည့်၊ ကုသင့်တာကုဖို့ မျက်စိအမြင်အာရုံအခြေအနေကို စောစောသိနိုင်မှာပါ။ မျက်စိပါဝါတက်လာသလား၊ ထိခိုက်မှုရှိသလား၊ တိမ်စွဲနေသလား၊ ကုသဖို့လိုသလား ဆိုတာ စစ်ဆေးမှသိနိုင်မှာပါ။ တစ်ခုခုဖြစ်မှ သွားပြတာထက် ပုံမှန်ပြရင်းစောစောဖြေရှင်းနိုင်တာ ပိုကောင်းပါတယ်။
(၂) မျက်စိပြဿနာကို ပေါ့ဆတာ
မျက်စိနီပြီး မျက်ရည်တွေထွက်တာ၊ ယားတာ၊ ပူတာတွေက ဓာတ်မတည့်မှုလက္ခဏာတွေဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် တကယ်လို့ ဒီလက္ခဏာတွေပါဖြစ်နေတယ်ဆိုရင် ရောဂါပိုးဝင်တာဖြစ်နေနိုင်တယ် –
- နာကျင်တာ
- မျက်လုံးထဲမှာ ခိုးလို့ခုလုနဲ့ စပ်နေတာ
- အလင်းရောင်မခံနိုင်တာ
- မျက်ဝတ်ပျစ်ပျစ်တွေထွက်တာတွေပါဝင်ပါတယ်။
ဒီလက္ခဏာတွေဖြစ်လာတာနဲ့ ဆရာဝန်ပြဖို့ အရေးကြီးပါတယ်။ ရောဂါပိုးဝင်တာကို မကုသဘဲထားလိုက်ရင် မျက်စိထိခိုက်စေနိုင်ပြီး တခြားသူတွေဆီကိုပါ ကူးစက်သွားနိုင်ပါတယ်။
(၃) နေကာမျက်မှန်မတပ်တာ
နေကာမျက်မှန်ဆိုတာက စတိုင်ထုတ်ဖို့သက်သက်မဟုတ်ပါဘူးနော်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေဒဏ်ကနေ မျက်စိကိုကာကွယ်ပေးတဲ့ မျက်မှန်တွေပါ။ ဒီရောင်ခြည်နဲ့ထိတွေ့တာက အတွင်းတိမ်၊ မျက်စိမှုန်ခြင်းတို့လို ဆိုးကျိုးရလဒ်တွေဖြစ်စေနိုင်တယ်။
(၄) မျက်လုံးပွတ်တာ
မျက်လုံးပွတ်တဲ့အကျင့်က မျက်စိသွေးကြောတွေကို ပွန်းပဲ့၊ ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် လက်မှာက ကိုယ်ထိတွေ့ထားသမျှနေရာတွေဆီက ရောဂါပိုးမွှားတွေ ကပ်ပါလာနိုင်ပါသေးတယ်။
(၅) ဒစ်ဂျစ်တယ်မျက်နှာပြင်တွေကို အကြည့်များနေတာ
ကွန်ပျူတာ၊ တက်ဘလက်၊ စမတ်ဖုန်းတို့ကို သိပ်ကြည့်လွန်းရင် မျက်လုံးကြွက်သားတွေ ပိုအလုပ်လုပ်ရပါတယ်။ ဒစ်ဂျစ်တယ်မျက်နှာပြင်တွေကို ကြည့်ရှုချိန်ကြာရှည်တဲ့အခါ မျက်စိညောင်းလာပြီး ခေါင်းကိုက်လာစေနိုင်တယ်။ ဒါတွေကို မဖြစ်မနေသုံးနေရတဲ့ အခုခေတ်မှာတော့ ၂၀-၂၀-၂၀ နည်းလို့ခေါ်တဲ့ မိနစ် ၂၀ တစ်ကြိမ်လောက် ပေ ၂၀ အကွာအဝေးကို စက္ကန့် ၂၀ ကြာ ကြည့်ပေးတာ အကောင်းဆုံးနည်းပါပဲ။ မျက်လုံးကို အစိုဓာတ်ထိန်းဖို့ မျက်တောင်လည်း မကြာခဏခတ်ပေးပါ။
(၆) မျက်ကပ်မှန်ထိန်းသိမ်းမှုကို ဂရုမစိုက်တာ
မျက်စိကျန်းမာဖို့ဆိုရင် မျက်မှန်နဲ့မတူဘဲ မျက်လုံးနဲ့ အနီးဆုံးထိတွေ့နေရမယ့် မျက်ကပ်မှန်ကို ပိုပြီးဂရုစိုက်သင့်ပါတယ်။ မျက်ကပ်မှန်ကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဒါမှမဟုတ် ဝယ်ယူတဲ့ဘူးမှာပါတဲ့အတိုင်း ဆေးရည်နဲ့သန့်စင်ပါ။ သူ့ကိုထည့်တဲ့ဘူးကို ၃ လတစ်ကြိမ် အသစ်လဲပါ။ ညမအိပ်ခင်မှာ ချွတ်ဖို့လည်း အရေးကြီးပါတယ်။
(၇) မိတ်ကပ်မဖျက်ဘဲ အိပ်တာ
မျက်နှာမသစ်ဘဲ အိပ်လိုက်တဲ့အခါ မျက်တောင်ကော့ဆေး၊ အိုင်းလိုင်နာ၊ အိုင်းရှဲဒိုးတို့ဆီက အကြွင်းအကျန်အမှုန်တွေက မျက်လုံးထဲဝင်ရောက်ပြီး ပိုးဝင်စေနိုင်ပါတယ်။ ဒါ့ကြောင့် ညတိုင်း မိတ်ကပ်ဖျက်၊ မျက်နှာသန့်စင်ပြီးမှ အိပ်ပါ။
(၈) အကာအကွယ်မျက်မှန်မတပ်တာ
လုပ်ငန်းခွင်မှာ ဒါမှမဟုတ် အားကစားလုပ်တဲ့အခါ မျက်စိထိခိုက်မှုကိုကာကွယ်ဖို့အတွက် ဒါတွေတပ်သင့်ပါတယ်။ ကိုယ်လုပ်ရမယ့် အလုပ်အမျိုးအစားကိုမူတည်ပြီး အကာအကွယ်မျက်မှန်လေးတွေ တပ်ထားသင့်ပါတယ်။
(၉) လိုအပ်နေလျက်နဲ့ မျက်မှန်မတပ်တာ
အမြင်အာရုံဆိုတာ အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲနေမှာပါပဲ။ အဓိကအရေးကြီးတာက အဲဒီအပြောင်းအလဲတွေကြားမှာ မျက်စိကျန်းမာရေးကို ဂရုစိုက်အားဖြည့်ပေးဖို့ပါပဲ။ မျက်စိစစ်ဆေးမှုတွေ ပုံမှန်လုပ်ပြီး မျက်မှန်တပ်ဖို့လိုတယ်ဆို တပ်ဖြစ်အောင်တပ်ပါ။ မတပ်ဘဲ ပိုဆိုးလာရင် ကိုယ့်မျက်လုံးပဲ ထိခိုက်နစ်နာမှာပါ။
(၁၀) ဆေးလိပ်သောက်တာ
ဆေးလိပ်သောက်တာက ခန္ဓာကိုယ်အတွက်မကောင်းသလို မျက်စိကိုလည်း ထိခိုက်စေနိုင်ပါတယ်။ဆေးလိပ်ကြောင့် –
- အတွင်းတိမ်ဖြစ်စေနိုင်တယ်၊
- မျက်စိအာရုံကြောကို ထိခိုက်စေနိုင်တယ်၊
- မျက်စိမှုန်စေနိုင်တယ် ဆိုတဲ့ဆိုးကျိုးတွေရှိနိုင်ပါတယ်။
[embed-health-tool-bmi]