backup og meta

မျက်ကြောဆွဲခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်ကြောဆွဲခြင်း

    မျက်ကြောဆွဲခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။ မျက်ခွံလေး အကြောမဆွဲလိုက်နဲ့။ ငါတော့ မျက်ခုံးလှုပ်နေပြီ ဘာဖြစ်တော့မလဲမသိဘူးလို့ တွေးဖူးကြတယ်ဟုတ်။ မျက်ခွံမှာ ရှိတာတွေက ကြွက်သားတွေပါ။ ဒီကြွက်သားတွေကြောင့် မျက်လုံးအဖွင့်အပိတ် လုပ်လို့ရတာပေါ့။ ကြွက်သားတွေ ကျုံ့ဖို့ ဆန့်ဖို့ဆိုရင် လျှပ်စီးဓာတ်လိုပါတယ်။ ဟုတ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ လျှပ်စီးဓာတ်ရှိပါတယ်။ Action potentialလို့ ခေါ်ပါတယ်။ ဒီလျှပ်စီးဓာတ်ကြောင့်ပဲ နှလုံးကြွက်သားကစလို့ ဒီမျက်ခွံကြွက်သားသေးသေးလေးတွေအထိ ကျုံ့နိုင်ဆန့်နိုင်တာပေါ့။

    လျှပ်စီးဓာတ်ဆိုတော့ သိတဲ့အတိုင်းပဲ သူတို့လည်း တစ်ခါတလေ circuitလွဲပြီး လုပ်ချင်ရာ လုပ်တတ်ပါတယ်။ ဘာမှန်းမသိ မျက်ကြောဆွဲ တာ၊ အသားလှုပ်တာ၊ ဟိုနား ဒီနား ဆတ်ခနဲတုန်တာတွေက ဒါကြောင့်ပါ။ များသောအားဖြင့်တော့ အန္တရာယ်မရှိတတ်ပါဘူး။ ဖြစ်ဖြစ် ပျောက်ပျောက်တွေပါပဲ။ ဒါပေမယ့် ဘယ်လိုအခါမှာ စိုးရိမ်ရမလဲ။ ဆရာဝန်နဲ့ ပြရမလဲ စသဖြင့် သတိထားရမယ့် အခြေအနေတွေလည်း ရှိပါတယ်။ ဒါတွေကို ဆက်ကြည့်ရအောင်။

    မျက်ကြောဆွဲခြင်း ဆိုတာ

    မျက်ကြောဆွဲ ခြင်း ဆိုတာ မျက်ခွံကြွက်သားတွေက ကိုယ်လည်း ဘာမှ မလုပ်ရပါဘဲနဲ့ သူ့အလိုလို အကြောဆွဲနေတာပါ။ အပေါ်မျက်ခွံမှာ အဖြစ်များပေမယ့် အပေါ်ရော အောက်မျက်ခွံရော အကြောဆွဲတဲ့သူတွေလည်း ရှိပါတယ်။ တော်တော်များများအတွက်တော့ ဒါဟာ အန္တရာယ်မရှိတဲ့ ကိစ္စပါ။ တချို့တွေမှာတော့ အကြောဆွဲတာ သိပ်ပြင်းထန်လွန်းရင် မျက်လုံးပိတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကိုတော့ ဆေးပညာအရ blepharospasmလို့ ခေါ်ပါတယ်။

    မျက်ကြောဆွဲတာက စက္ကန့်ပိုင်းလောက်ကနေ တစ်မိနစ် နှစ်မိနစ်အထိ ကြာတတ်ပါတယ်။ ဘယ်အချိန်မှာ အကြောဆွဲမှာလဲလည်း မသိနိုင်ပါဘူး။ များသောအားဖြင့်တော့ တစ်နေ့ကို စက္ကန့်ပိုင်း၊ မိနစ်ပိုင်းလောက်နဲ့ ၃-၄ရက်လောက် အကြောဆွဲမယ်။ ပြီးတော့ မေ့မေ့ပျောက်ပျောက်နဲ့ အပတ်ပေါင်းများစွာ လပေါင်းများစွာ ပြန်မဖြစ်ဘဲ ပျောက်သွားတာမျိုးလည်း ရှိပါတယ်။

    မျက်ကြောဆွဲတာက နာလည်း မနာဘူး၊ အန္တရာယ်လည်း မရှိဘူးဆိုပေမယ့် စိတ်အနှောင့်အယှက်တော့ ဖြစ်ရပါတယ်။ ကံကောင်းတာက တော်တော်များများက ဘာမှလုပ်စရာမလိုဘဲ သူ့အလိုလို ပျောက်သွားကြပါတယ်။ ရှားရှားပါးပါး မျက်ကြောဆွဲတာက မျက်နှာအကြောလိုက်တာ၊ ထိန်းမရတဲ့ တခြား အကြောလိုက်တာတွေနဲ့ တွဲဖြစ်လာရင်တော့ အာရုံကြောပြဿနာဖြစ်နိုင်လို့ ဆေးရုံသွားပြရမှာပါ။

    ဘာလို့ မျက်ကြောဆွဲတာလဲ။

    မျက်ကြောဆွဲတာက ဘာလို့ ဖြစ်မှန်း မသိကြသေးပါဘူး။ သူ့ဟာသူပျောက်သွားတာ များတာကြောင့် ဘယ်သူမှလည်း ဆေးခန်းကို အထူးတလည် လာပြမနေကြပါဘူး။ တွေ့ရသလောက်ဆိုရင်တော့

    • မျက်လုံးမှာ တစ်ခုခု ကလိကလိဖြစ်နေတာ
    • မျက်လုံးညောင်းတာ
    • ပင်ပန်းပြီး နုံးနေတာ
    • အိပ်ရေးမဝတာ
    • အလုပ်ပင်ပန်းတာ
    • ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်တာ
    • စိတ်ဖိစီးမှုများတာ
    • အရက်၊ ဆေးလိပ်နဲ့ ကဖင်းဓာတ်များတာတွေ သောက်တာ
    • မီးရောင်စူးတာ
    • မျက်လုံးကို လေသလပ်တာ၊ လေထုညစ်ညမ်းတာ
    • မသိလိုက်ဘဲ မျက်ကြည်လွှာ ဒဏ်ရာရတာ စတဲ့ အကြောင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။

    နာတာရှည် မျက်ကြောဆွဲ တာ

    မျက်ကြောဆွဲတာက တော်ရုံနဲ့ မပျောက်ဘူး။ တခြားဘာလက္ခဏာမှ တွဲမဖြစ်ဘဲ သူတစ်ခုတည်း အကြာကြီး ဖြစ်နေမယ်ဆိုရင်တော့ benign essential blepharospasmလို့ ခေါ်ပါတယ်။ ဒီရောဂါမှာတော့ မျက်လုံးနှစ်ဖက်လုံး မျက်ကြောဆွဲပါတယ်။ အရင်လိုပဲ အကြောင်းရင်းကို သေချာမသိရသေးပေမယ့် အောက်ကအချက်တွေကတော့ မျက်ကြောဆွဲတာကို ပိုဆိုးစေပါတယ်တဲ့။

    • မျက်ခွံရောင်ရမ်းတာ
    • မျက်ကြည်လွှာ ရောင်ရမ်းတာ
    • မျက်လုံးခြောက်တာ
    • ပတ်ဝန်းကျင် လေထုမသန့်တာ
    • မျက်လုံးကို နေစူးတာ၊ အလင်းစူးတာ
    • စိတ်ဖိစီးမှုများတာ
    • အရက်၊ ဆေးလိပ်နဲ့ ကဖင်းဓာတ်များတာတွေ သောက်တာ ဒါတွေက ပိုဆိုးစေပါတယ်။

    နာတာရှည်မျက်ကြောဆွဲတာက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။ ဒါက ကြာလာရင်

  • မျက်လုံးဝါးတာ
  • အလင်းရောင်မခံနိုင်တာ
  • မျက်နှာတွေပါ အကြောဆွဲတာ စတာတွေ ဆက်ဖြစ်လာနိုင်ပါတယ်။
  • နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။

    များသောအားဖြင့်တော့ မျက်ကြောဆွဲတာက လူကို ဒုက္ခမပေးတတ်ပါဘူး။ ရှားရှားပါးပါး တချို့သော ဦးနှောက်နဲ့ အာရုံကြော ရောဂါတွေက မျက်ကြောဆွဲတဲ့ လက္ခဏာမျိုး ပြတတ်ပါတယ်။ ဘယ်လိုရောဂါတွေလဲဆိုတော့

    • မျက်နှာအကြောသေရောဂါ (Bell’s palsy)
    • ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သားတွေ သူ့အလိုလို အကြောဆွဲတာ
    • လည်ပင်းအကြောဆွဲတာ (Torticollis)
    •  Multiple sclerosis ရောဂါ
    • ပါကင်ဆန်ရောဂါ
    • Tourette syndromeလို့ ခေါ်တဲ့ ရှားပါး အာရုံကြောရောဂါ

    ဘယ်လိုကုသနိုင်မလဲ။

    များသောအားဖြင့်တော့ အလိုလို သက်သာသွားတာများပါတယ်။ အိမ်မှာ ကိုယ့်ဟာကိုယ်လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့

    • ကဖင်းပါတာတွေ လျှော့သောက်ပါ။
    • အရက်၊ ဆေးလိပ် ခဏရပ်ထားပါ။
    • မျက်လုံးမခြောက်အောင် မျက်စဉ်းခပ်ပါ။
    • အကြောဆွဲနေတဲ့အချိန် ရေနွေးဝတ်လေး ကပ်ပေးပါ။
    • စိတ်ဖိစီးမှု မများပါနဲ့။ မျက်ကြောဆွဲတာကို စိုးရိမ်လေလေ ပိုဆိုးလေပါပဲ။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြရမလဲ။

    • မျက်လုံးက နီနေမယ်၊ ရောင်နေမယ်၊ မျက်ဝတ်တွေ ထွက်နေမယ်။
    • အပေါ်မျက်ခွံက အိကျနေမယ်။
    • မျက်ကြောဆွဲတိုင်း မျက်ခွံက ပိတ်ကျသွားမယ်။
    • ၂ပတ်နဲ့အထက် ကြာနေမယ်။
    • ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေပါ အကြောဆွဲနေတယ်။
    • သောက်နေတဲ့ ဆေးတွေကြောင့် ဖြစ်တယ်လို့ သံသယရှိနေရင် ဆရာဝန်နဲ့ ပြသပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 28/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement