ရေကူးရင်းဖြစ်ဖြစ်၊ ခေါင်းလျှော်ရင်းဖြစ်ဖြစ်၊ ရေကစားရင်းဖြစ်ဖြစ် အခန့်မသင့်တဲ့အခါ နားထဲကို ရေဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို နားထဲ ရေဝင်တာက နားပြည်ယိုတာ အပါအဝင် နားနာတာကိုလည်း ဖြစ်စေနိုင်ပါတယ်။
ဒီတစ်ခေါက်တော့ နားထဲ ရေဝင်တာကြောင့် ထိခိုက်မှု ကင်းစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။
နားထဲရေဝင်ရင် ဘာဖြစ်မလဲ ………..
နားထဲ ရေဝင်တာက ပြဿနာ ကြီးကြီးမားမား မဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် နားထဲရေဝင်တာက အချိန်ကြာမြင့်လာတဲ့အခါ နားအတွင်းပိုင်းထဲက ပြွန်လေးတွေရောင်ရမ်းပြီး
- နားပိုးဝင်တာ
- နားထဲက နာတာ
- နားထဲက ယားသလိုလိုဖြစ်တာ
- နားထဲက ပြည်ထွက်တာ
- နားအူတာ
- အသံကို ကောင်းကောင်းမကြားရတာ စတဲ့ အကြားအာရုံပြဿနာတွေကို ခံစားရနိုင်ပါတယ်။
နားထဲ ရေမဝင်အောင် ဘယ်လို ကာကွယ်ကြမလဲ
ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း နားထဲ ရေဝင်တာကြောင့် ထိခိုက်မှုကင်းစေဖို့ အခုလို ကာကွယ်လို့ ရပါတယ်။
နားကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ
ရေကူးပြီးရင်ဖြစ်ဖြစ်၊ ခေါင်းလျှော် ရေချိုးပြီးရင် ဖြစ်ဖြစ် နားကို အတွင်းပိုင်းထဲအထိ သေချာလေး ခြောက်သွေ့အောင် ထားပေးပါ။ ဒါပေမယ့် နားထဲကကို နားကျပ်တံနဲ့ ထိုးတာကိုတော့ မလုပ်သင့်ပါဘူး။ တော်ရုံရေပမာဏက ခဏနေရင် အလိုလိုခြောက်သွားပါတယ်။
တကယ်လို့ နားထဲကို ရေဝင်ထားမယ်ဆိုရင်လည်း ခေါင်းကို စောင်းချပြီး ရေထွက်အောင် လုပ်ပါ။ နောက်ထပ် လုပ်လို့ ရတဲ့ နည်းလမ်း တစ်ခုက dryer ကို အပူချိန် သိပ်မပြင်းတဲ့ အနေအထားမှာ ထားပြီး နားထဲကို လေမှုတ်လို့ အခြောက်ခံပါ။ နားကို သန့်ရှင်းပြီး ခြောက်သွေ့နေအောင် ထားပေးပါ။
ဒီလို လုပ်ပေးမှ နားရေဝင်တာကြောင့် ပိုးဝင်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် နားကို အတွင်းပိုင်းထဲမှာ သန့်ရှင်းခြောက်သွေ့နေအောင် ထားပေးပါ။
နားဖာချေးတွေ ဖယ်ရှားပါ
နားဖာချေးတွေက နားထဲကို ပိုးမဝင်အောင် ကာကွယ်ပေးတယ်ဆိုပေမယ့် နားဖာချေးတွေ အရမ်းများလွန်းရင် မကောင်းသလို အရမ်းနည်းလွန်းရင်လည်း မကောင်းပါဘူး။ နားထဲမှာ နားဖာချေးတွေ ဖယ်ရှားထားတာက ရေဝပ်နိုင်ခြေ နည်းစေပြီး နားထိခိုက်မှု နည်းစေမှာပါ။
ဒါကြောင့် နည်းမှန်လမ်းမှန်နဲ့ နားဖာချေးတွေကို ဖယ်ရှားတာကလည်း နားထဲရေဝင်တာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ရာရောက်ပါတယ်။ နားထဲမှာ နားဖာချေးနဲ့ ရေပေါင်းမိတာက နားပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ နားအတွင်းထဲကို နားကျပ်တံနဲ့ အတင်းထိုးတာကို ရှောင်ပြီး အပေါက်ဝလေးတင် အဝတ်စသန့်သန့်နဲ့ သန့်စင်ပေးပါ။
နားထဲရေမဝင်အောင် ကာကွယ်ပါ
နားထဲ ရေဝင်တာကြောင့် ထိခိုက်မှု ကင်းစေဖို့ ဆိုရင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေထဲက အကောင်းဆုံး နည်းလမ်းတစ်ရပ်က နားထဲကို ရေမဝင်အောင် ကာကွယ်တာပါပဲ။
ရေကူးတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ရေကစားတာ၊ ခေါင်းလျှော်တာတွေ လုပ်တော့မယ်ဆိုရင် နားကို ရေမဝင်အောင် ဆို့လို့ ရတဲ့ အဆို့လေး တပ်ပေးပါ။ အဆို့လေး မရှိဘူးဆိုရင် ဂွမ်းလုံးလေးနဲ့ ဖြစ်ဖြစ် ဆို့ထားပါ။
နားနဲ့ သေချာတော်တာမျိုး ဖြစ်ဖို့တော့ သေချာလေး ဂရုစိုက်စေချင်ပါတယ်။
နားအရေပြားကို ဂရုစိုက်ပါ
နားထဲ ရေဝင်တာကြောင့် ထိခိုက်မှုကင်းစေဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။
နားထဲ ရေဝင်တာကြောင့် ထိခိုက်မှု ကင်းစေဖို့
- နားကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ
- နားဖာချေးတွေ ဖယ်ရှားပါ
- နားထဲရေမဝင်အောင် ကာကွယ်ပါ
[embed-health-tool-bmi]