brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ!

နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ!

နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ!

နားယားတာက အတော်လေး ကသိကအောက် ဖြစ်စရာ ကောင်းတဲ့ ကိစ္စပါ။ ဒါပေမယ့် တော်တော်များများက နားယားတာကို ပုံစံအမျိုးမျိုး အကြောင်းရင်းခံ အဖုံဖုံနဲ့ ကြုံဖူးကြမှာပါ။ အခုတစ်ခေါက်တော့ နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ ဆိုတာနဲ့ ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ!

နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။

  • နားပိုးဝင်တာ

နားယားတယ်ဆိုတာက တစ်ခါတလေမှာ နားအတွင်းပိုင်းထဲကို ပိုးဝင်ကူးစက်တာကို ဖော်ပြနေတဲ့ လက္ခဏာ တစ်ခုပါ။ ဒီလိုမျိုး ပိုးဝင်တာကြောင့် နားယားတာက အစပိုင်းမှာ သိပ်မပြင်းထန်ပေမယ့် နောက်ပိုင်းမှာ ပိုဆိုးလာနိုင်ပါတယ်။ နားထဲကို ပိုးဝင်တာက နားယားတာနဲ့အတူ အဖျားဝင်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။

နားထဲမှာ နားဖာချေးတွေရှိနေတာာ ဒါမှမဟုတ် နားထဲ ရေဝင်သွားမယ်ဆိုရင်လည်း နားပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ နာတာရှည် နားပိုးဝင်တာ ခဏခဏ ပြန်ဖြစ်တတ်ပြီး သေချာလေး ကုသဖို့ လိုပါမယ်။

  • နားအတွင်း ခြောက်သွေ့တာ

နားက ပုံမှန်အားဖြင့် အဆီနဲ့ နားဖာချေးတွေကို ထုတ်လုပ်ပါတယ်။ တကယ်လို့ နားဖာချေးတွေကို အလွန်အကျွံ သန့်စင်လိုက်မိမယ်ဆိုရင်တော့ နားက ပြောင်ရှင်းပြီး ခြောက်သွေ့မှုက နားယားတာ နဲ့ နားထဲမှာ ခိုးလိုးခုလု ဖြစ်တာမျိုး ဖြစ်စေနိုင်ပါတယ်။

  • အစားအစာ ဓာတ်မတည့်တာ

အချို့သော အစားအစာတွေက ဓာတ်မတည့်မှုကို ဖြစ်စေပြီး နားယားတာကို ဖြစ်စေနိုင်ပါတယ်။ ဘယ်လို အစားအစာတွေလဲဆိုတော့ အခွံမာသီးတွေ၊ နို့၊ ငါး နဲ့ ပင်လယ်စာ၊ ဂျုံ၊ ပဲပိစပ် စတာတွေပါ။ ဒီလို အစာဓာတ်မတည့်မှုက မျက်နှာနဲ့ နားအတွင်းတွေအပြင် ခန္ဓာကိုယ် အနှံ့ကို ယားယံစေနိုင်ပါတယ်။ အင်ပြင် ထွက်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။

ဒီလို ဓာတ်မတည့်မှုနဲ့ အတူ အသက်ရှူရပါ ခက်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသကြည့်ဖို့ လိုပါမယ်။

  • နားဖာချေး ပိတ်ဆို့နေတာ

နားထဲမှာ နားဖာချေး ပိတ်နေတာကလည်း အသံသေချာ မကြားရတာကို ဖြစ်စေနိုင်သလို နားအတွင်းပိုင်း ပိုးဝင်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။ နားဖာချေးဆိုတာက နားထဲက ဆဲလ်သေတွေကို အညစ်အကြေးတွေကို နားပြင်ပကို ထွက်ရှိလာအောင် လုပ်ဆောင်ပေးတဲ့အရာပါ။

နာဖားချေးတွေက ပုံမှန်ဆိုရင် သူ့အလိုလို ထွက်လာပြီး ရေချိုးလိုက်ရင် ထွက်လာတာကြောင့် သီးသန့်ကြီးနားက‌လော်စရာ မလိုပါဘူး။ နားဖာချေးတွေ သန့်သွားအောင် ကလော်လိုက်မှ အတွင်းထဲကို ပိုဝင်သွားပြီး နားဖာချေးပိတ်ဆို့တာ ဖြစ်တတ်ပါတယ်။ နားဖာချေးတွေက အချိန်ကြာလာချိန်မှာ ခြောက်သွေ့သွားပြီး နားယားတာကို ခံစားရနိုင်ပါတယ်။

  • နားကြား ကိရိယာ

နားကြားကိရိယာ တပ်ဆင်ထားရတာကလည်း နားယားတာကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ နားကြား ကိရိယာမှာ ပလပ်စတစ် အပေါ်စွပ်လေး ပါနေတာကြောင့်ပါ။ ဓာတ်မတည့် ဖြစ်လွယ်တဲ့ သူတွေမှာဆိုရင် အသေးစား ဓာတ်မတည့်မှုလေးတွေ ဖြစ်ပြီး နားယားတာကို ခံစားရနိုင်ပါတယ်။ တစ်ခါတလေမှာ နားကြားကိရိယာနဲ့ နားနဲ့ကြားမှာ ရေဝင်နေတာကြောင့်လည်း နားယားတတ်ပါတယ်။

  • နားထဲ ရေဝင်တာ

နားထဲ ရေဝင်တာက နားပိုးဝင် ကူးစက်တာကို ဖြစ်စေနိုင်သလို နားယားတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ရေဝင်နေတဲ့အတွက် နားထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး ပိုးဝင်လွယ်စေတာကြောင့်ပါ။

  • အရေပြား ပြဿနာ

ဆိုရီရေးစစ်၊ အရေပြား ရောင်ရမ်းနာ၊ နှင်းခူ စတာလိုမျိုး အရေပြား ပြဿနာကို ခံစားနေရမယ်ဆိုရင်လည်း နားအရေပြားကိုပါ ထိခိုက်စေပြီး နားယားတာကို ခံစားရနိုင်ပါတယ်။

နားယားတာကို ဘယ်လို သက်သာအောင် လုပ်မလဲ!

နားယားတာကို ပုံမှန်အားဖြင့် အိမ်တွင်းကုထုံးတွေနဲ့ သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။

  • နားယားတာက အသားခြောက်တာကြောင့် ဖြစ်မယ်ဆိုရင်တော့ နားထဲကို အုန်းဆီ၊ သံလွင်ဆီ၊ baby oil စတာလေးတွေကို ၂ စက် ၃ စက်လောက် ထည့်ပေးလို့ ရပါတယ်။
  • နားဖာချေးတွေကြောင့် ဖြစ်မယ်ဆိုရင် OTC နား အစက်ချ ဆေးတစ်မျိုးမျိုးနဲ့ အစက်ချပြီး သန့်စင်လို့ ရပါတယ်။
  • နားကြားကိရိယာကြောင့် ဖြစ်မယ်ဆိုရင်တော့ နားကြားကိရိယာကို သေချာ သန့်စင်ပြီး တပ်ဆင်တာမျိုး လုပ်ဆောင်ပေးပါ။ ဓာတ်မတည့်တာမျိုးကြောင့် ဖြစ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

တကယ်လို့ ဒီနည်းလမ်းတွေနဲ့ လုပ်ဆောင်ပေမယ့် နားယားတာက မသက်သာဘူး။ ပိုဆိုးလာမယ်။ အကြာားအာရုံကို ထိခိုက်တာမျိုးအထိ ဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး ပြသလို့ လိုအပ်တဲ့ စစ်ဆေးမှုကို ခံယူဖို့ တိုက်တွန်းပါရစေ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/11/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။