backup og meta

အစာ နဲ့ တွဲသောက်ရမယ့်ဆေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာ နဲ့ တွဲသောက်ရမယ့်ဆေးများ

    ဆေးသောက်တယ်ဆိုတာ ရောဂါပျောက်ချင်လို့ ဖြစ်တဲ့အတွက် မှန်မှန်ကန်ကန် သောက်မှ ဆေးရဲ့ အာနိသင်ကို အပြည့်အဝခံစားရမှာပါ။ ဆေးသောက်မယ်ဆိုရင် အညွှန်းကို သေချာ ဖတ်ဖို့ လိုပါတယ်။ တချို့ဆေးတွေက အစာ နဲ့ ဝေးဝေး သောက်ရသလို တချို့ဆေးတွေက အစာလေးခံပြီး သောက်မှ အာနိသင်ရှိတာပါ။ ဒါ့ပြင် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလည်း နည်းသွားပါတယ်။ တစ်ခါတစ်လေ အလုပ်ရှုပ်လွန်းလို့ ဘာမှမစားဘဲ ဆေးသောက်လိုက်တဲ့ အခါလည်း ရှိမှာပါ။ သောက်ပြီးတော့မှ ခဏနေ ဗိုက်အောင့်လာတာ၊ ပျို့လာတာ၊ အန်လာတာမျိုးတွေ ဖြစ်တာတွေကိုလည်း ကြုံဖူးပါတယ်။ တချို့ဆေးတွေကို ဘာကြောင့် အစာစားပြီးမှ သောက်ရတာလဲ။ မသောက်ရင် ဘာတွေ ဖြစ်နိုင်လဲဆိုတာ ပြောပြပေးပါမယ်။

    အစာ ခံပြီးမှ သောက်သင့်သည့် အကြောင်းရင်းများ

    • ပျို့တာ၊ အန်တာ သက်သာဖို့

    တချို့ဆေးတွေက သောက်ပြီးရင် ပျို့တတ်၊ အန်တတ်ပါတယ်။ ဒါကြောင့် အစာလေး စားပြီးမှ သောက်တာက ဒီဒဏ်တွေကို ခံနိုင်ရည် ရှိစေပါတယ်။ ဥပမာပြောရရင် allopurinolလို ဂေါက်ရောဂါကုဆေးတွေ၊ bromocriptineလို ဆေးတွေ၊ madoparလို  ပါကင်ဆန် ရောဂါကုဆေးတွေပဲ ဖြစ်ပါတယ်။

    • အစာအိမ်ထိခိုက်တာကို ကာကွယ်ဖို့

    တချို့ဆေးတွေက အစာအိမ်ထိတတ်တယ်ဆိုတာ လူတော်တော်များများ ကြားဖူးမှာပေါ့။ အစာမကြေတာ၊ အစာအိမ်ရောင်တာ၊ အစာအိမ် အနာ ဖြစ်တာ၊ အစာအိမ် သွေးယိုတာ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစာစားပြီးမှ သောက်တဲ့အခါ အစာခြေအက်စစ်တွေ နည်းသွားလို့ အစာအိမ်ကို သိပ်မထိတော့ပါဘူး။ အစားတွေ အများကြီး စားဖို့ မလိုပါဘူး။ ဘီစကစ်နည်းနည်း၊ ပေါင်မုန့်လေးနည်းနည်း၊ နို့တစ်ခွက်လောက်ဆို လုံလောက်ပါပြီ။ အစာအိမ်ထိတတ်တဲ့ ဆေးတွေက

    -အက်စပရင်လို အကိုက်အခဲ ပျောက်ဆေးတွေ

    -NSAIDsတွေ (ဥပမာ- diclofenac၊ ibuprofen)

    စတီးရွိုက်တွေ (ဥပမာ- prednisolone၊ dexamethasone)

    • ရင်ပူတာ၊ အစာမကြေတာ၊ စားချဉ့်ရည်ပြန်တာ သက်သာဖို့

    Antacids လို့ ခေါ်တဲ့ အစာအိမ်ဆေးတွေကို ရင်ပူတာ၊ အစာမကြေတာ၊ စားချဉ့်ရည်ပြန်တာ သက်သာဖို့အတွက် သုံးပါတယ်။ ဒီဆေးတွေက ထွက်လာတဲ့ အက်စစ်ကို ဓာတ်ပြယ်အောင် လုပ်လိုက်ပါတယ်။ အစာစားလိုက်ရင် အက်စစ်ထွက်လာပါတယ်။ ဒီတော့ အစာစားပြီးပြီးချင်း ဒါမှမဟုတ် အစာစားနေတုန်း ဒီဆေးတွေကို သောက်ဖို့ လိုပါတယ်။

    • ဆေးတွေ အလဟသ မဖြစ်အောင်လို့

    ပါးစပ်မှာ ပေါက်တဲ့အနာတွေ၊ မှက္ခရုတွေ အတွက် အာလုပ်ကျင်းဆေးတွေ၊ မှိုဆေးရည်တွေ၊ ဂျယ်တွေ လိမ်းရပါတယ်။ ဒါတွေက အစာစားပြီးမှ လိမ်းတာ ပိုကောင်းပါတယ်။ လိမ်းပြီးမှ အစာပြန်စားလိုက်ရင် ခုနက လိမ်းထားသမျှ အကုန် အလဟသဖြစ်ကုန်မှာပါ။

  • ဆေးတွေ စုပ်ယူမှု အားကောင်းအောင်
  • တချို့ဆေးတွေက သူတို့ကို အစာအိမ်နဲ့ အူလမ်းကြောင်းက ကောင်းကောင်းစုပ်ယူနိုင်ဖို့ အစာစားထားဖို့ လိုပါတယ်။ ဥပမာ HIV မှာ သုံးတဲ့ ritonavir၊ saquinavirနဲ့ nelfinavir ဆေးတွေပါ။

    • ခန္ဓာကိုယ်က အစာတွေကို ကောင်းကောင်း ချေဖျက်နိုင်ဖို့

    ဆီးချိုသောက်ဆေးတွေဆိုရင် စားလိုက်တဲ့ အစားတွေကရတဲ့ သကြားဓာတ်ကို လျှော့ချပေးနိုင်ဖို့၊ စားပြီးရင်လည်း ဆီးချိုတွေ တရားလွန် ကျမသွားစေဖို့ အစာနဲ့ တွဲပြီး သောက်ပေးရပါတယ်။

    နာတာရှည် ပန်ကရိယရောင်ရမ်းတဲ့ ရောဂါတွေမှာလည်း အင်ဇိုင်းဖြည့်စွက်စာတွေ သောက်မယ်ဆိုရင် အစာနဲ့ တွဲသောက်ပေးတာက အစာကို ပိုပြီး ကြေစေပါတယ်။

    ဒီအကြောင်းတွေကြောင့် ဆေးသောက်မယ်ဆိုရင် အစာနဲ့တွဲပြီး သောက်ရတာပါ။ ဆေးတိုင်းက အစာနဲ့ တွဲသောက်ရတာမျိုး မဟုတ်ပါဘူး။ တချို့ဆေးတွေက ဘာမှမစားခင် သောက်မှ ပိုထိရောက်တာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် အနည်းဆုံးတော့ ကိုယ်သောက်နေတဲ့ ဆေးက ဘယ်လိုဆိုတာ သိထားဖို့ လိုပါတယ်။ မသိရင် ဆရာဝန်ကို မေးပါ။ ဆေးဝါးပညာရှင်ကို မေးပါ။ ဆေးအညွှန်းကို သေချာဖတ်ပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement