backup og meta

သင့်ကိုယ်ခန္ဓာထဲက အစာခြေအင်ဇိုင်းများအကြောင်း

သင့်ကိုယ်ခန္ဓာထဲက အစာခြေအင်ဇိုင်းများအကြောင်း

အင်ဇိုင်းဆိုတာ ဆဲလ်အတွင်းမှာ တွေ့ရတဲ့ ပရိုတိန်းအမျိုးအစားတစ်မျိုးပဲ ဖြစ်ပါတယ်။ အင်ဇိုင်းတွေဟာ လူ့ကိုယ်ခန္ဓာထဲမှာ ဓာတုဓာတ်ပြုခြင်းတွေကို လုပ်ဆောင်ပါတယ်။ ကြွက်သားများ တည်ဆောက်ပေးခြင်း၊ အဆိပ်အတောက်များကို ချေဖျက်ပေးခြင်း၊ အစာစားပြီး အစာခြေပေးခြင်း စတဲ့အရေးကြီးလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ကြပါတယ်။

ဒီအင်ဇိုင်းတွေကို ကိုယ်ခန္ဓာထဲမှာပဲ သဘာဝအလျောက် ထုတ်လုပ်ပါတယ်။ ဥပမာ အစာချေဖို့ လိုအပ်တဲ့ အင်ဇိုင်းတွေကို ပန်ခရိယ၊ အစာအိမ်နဲ့ အူသိမ်ထဲမှာ အများဆုံး ထုတ်လုပ်ပါတယ်။ ဒါပေမယ့် လိုအပ်ချက်အရ အစာကိုဝါးနေချိန်မှာပါ ချေဖျက်နိုင်အောင် တံတွေးဂလင်းများကပါ အစာချေအင်ဇိုင်းတွေကို ထုတ်လုပ်ပေးပါတယ်။ အစာအိမ်အူလမ်းကြောင်းပြဿနာ ရှိနေရင် လိုအပ်တဲ့အခါ အစာခြေအင်ဇိုင်းတွေပါတဲ့ ဆေးပြားတွေ သောက်သုံးနိုင်ပါတယ်။

အစာခြေအင်ဇိုင်း အမျိုးအစားများ

အစာခြေအင်ဇိုင်းကို အဓိကအားဖြင့် အုပ်စုသုံးစုခွဲနိုင်ပါတယ်။ ၎င်းတို့ကတော့

– အမိုင်းလေ့စ် (Amylase) အင်ဇိုင်း။ ကာဘိုဟိုက်ဒရိတ်ကို သကြားများအဖြစ် ဖြိုခွဲပါတယ်။

– ပရိုတီယေ့စ် (Protease) အင်ဇိုင်း။ ပရိုတိန်းကို အမိုင်နိုအက်ဆစ်အနေနဲ့ ဖြိုခွဲပါတယ်။

– လိုက်ပေ့စ် (Lipase) အင်ဇိုင်း။ အဆီဓာတ်ကို ဂလိုင်စယော (glycerol) နဲ့ ဖက်တီးအက်ဆစ်အဖြစ် ဖြိုခွဲပါတယ်။

အင်ဇိုင်းတွေဟာ အစာခြေရာမှာ ဘာကြောင့်အရေးကြီးသလဲ

အင်ဇိုင်းတွေကို အစာကောင်းကောင်းကြေညက်ပြီး ကျန်းမာရေးကောင်းဖို့ လိုအပ်ပါတယ်။ အခြားသော ဓာတ်ပစ္စည်းတွေဖြစ်တဲ့ အစာခြေရည်၊ သည်းခြေရည် စတာတွေနဲ့ ပေါင်းစပ်ပြီး အစားအစာများကို အာဟာရဓာတ်များအနေနဲ့ ဖြိုခွဲပါတယ်။ အဆိုပါ အာဟာရဓာတ်များဟာ ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာမျိုးစုံအတွက် အသုံးပြုပါတယ်။ ဥပမာ ကာဘိုဟိုက်ဒရိတ်ကို စွမ်းအင်အတွက် အသုံးချပြီး ပရိုတိန်းများကို ကြွက်သားများကို တည်ဆောက်ပြုပြင်ဖို့ အသုံးပြုပါတယ်။

Amylase အင်ဇိုင်းကို တံတွေးဂလင်း၊ ပန်ခရိယနဲ့ အူသိမ်များကနေ ထုတ်လုပ်ပါတယ်။ amylase အင်ဇိုင်းတစ်မျိုးဖြစ်တဲ့ ptyalin ကို တံတွေးဂလင်းကနေ ထုတ်လုပ်ပြီး ပါးစပ်ထဲမှာတင် ကစီဓာတ်ကို စတင်ချေဖျက်ပါတယ်။ မျိုချလိုက်ပြီးချိန်မှာတောင် ဆက်လက်လုပ်ဆောင်ပါတယ်။

ပန်ခရိယမှာထုတ်လုပ်တဲ့ အင်ဇိုင်းကိုတော့ အူသိမ်ထဲထိပါ ပို့ဆောင်ပေးပါတယ်။ ကာဘိုဟိုက်ဒရိတ်ကို သကြားဓာတ်မျိုးစုံဖြစ်အောင် ဖြိုခွဲပါတယ်။ ပြီးရင် အူလမ်းကြောင်းတစ်လျှောက်နေ သွေးထဲထိရောက်အောင် စုပ်ယူပါတယ်။

Protease အင်ဇိုင်းကိုတော့ အစာအိမ်၊ ပန်ခရိယ၊ အူသိမ်တွေမှာ ထုတ်လုပ်ပါတယ်။ သူတို့ရဲ့ ဓာတ်ပြုမှုအများစုဟာ အစာအိမ်နဲ့ အူသိမ်ထဲမှာ ဖြစ်ပေါ်ပါတယ်။ အစာအိမ်ထဲမှာ pepsin ဟာ ပရိုတိန်းကို အဓိကချေဖျက်တဲ့ အင်ဇိုင်း ဖြစ်ပါတယ်။ ပရိုတိန်းများဟာ အူသိမ်ထဲရောက်ရှိချိန်မှာ တခြားပန်ခရိယအင်ဇိုင်းများဟာလည်း လာရောက်ချေဖျက်ပါတယ်။

Lipase အင်ဇိုင်းကို ပန်ခရိယနဲ့ အူသိမ်ကနေ ထုတ်လုပ်ပါတယ်။ ဒီအင်ဇိုင်းအမျိုးအစားကို မိခင်နို့မှာလည်း တွေ့ရပါတယ်။ ကလေးငယ်တွေအနေနဲ့ အဆီမော်လီကျူးတွေကို ချေဖျက်နိုင်စေဖို့ အထောက်အကူပြုပါတယ်။

ဘယ်အရာတွေက အင်ဇိုင်းအပေါ် သက်ရောက်သလဲ

အင်ဇိုင်းများဟာ ပုံမှန်ကိုယ်ခန္ဓာအပူချိန်မှာ အကောင်းဆုံးအလုပ်လုပ်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ပျမ်းမျှအပူချိန်ဟာ ၉၈.၆ ဒီဂရီဖာရင်ဟိုက် (၃၇ ဒီဂရီ စင်တီဂရိတ်) ရှိပါတယ်။ ဒါပေမယ့် အပြောင်းအလဲရှိနိုင်ပြီး ၉၇ ဒီဂရီဖာရင်ဟိုက်ကနေ ၉၉ ဒီဂရီဖာရင်ဟိုက် (၃၆.၁ ဒီဂရီဖာရင်ဟိုက်ကနေ ၃၇.၂ ဒီဂရီဖာရင်ဟိုက်) အတွင်း အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဖျားနာတဲ့အချိန် ကိုယ်အပူချိန်မြင့်သွားရင် အင်ဇိုင်းတွေ ပုံစံပျက်သွားတတ်ပါတယ်။ သူတို့ရဲ့လုပ်ငန်းတာဝန်ကို ကောင်းစွာ မထမ်းဆောင်နိုင်တော့ပါဘူး။ ကိုယ်ခန္ဓာအပူချိန်ကို ပုံမှန်ပြန်ရောက်အောင် ထိန်းညှိခြင်းဟာ အင်ဇိုင်းတွေကို အကောင်းဆုံးအနေအထားကို ပြန်ရောက်စေပါတယ်။

ပန်ခရိယရောင်ရမ်းခြင်းဟာလည်း အစာချေအင်ဇိုင်းတွေရဲ့ အရေအတွက်ကိုရော လုပ်ဆာင်နိုင်စွမ်းကိုပါ များစွာ ထိခိုက်စေပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ pH ပမာဏဟာလည်း အင်ဇိုင်းတွေရဲ့ လှုပ်ရှားမှုကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ အင်ဇိုင်းရဲ့ ပတ်ဝန်းကျင်အခြေအနေဟာ အက်ဆစ်ဓာတ်များလွန်းရင် ဒါမှမဟုတ် အယ်လ်ကာလီဘက် ရောက်လွန်းရင် အင်ဇိုင်းတွေရဲ့ ပုံသဏ္ဌာန်နဲ့ လုပ်ဆောင်ပုံတွေ ပြောင်းလဲသွားနိုင်ပါတယ်။

အစားအသောက်တွေကလည်း အင်ဇိုင်းတွေအပေါ် သက်ရောက်မှုရှိပါတယ်။ အစားအစာတွေမှာပါဝင်တဲ့ အစာချေအင်ဇိုင်းများဟာ ကိုယ်ခန္ဓာထဲက အင်ဇိုင်းတွေရဲ့ ဝန်ကို သက်သာစေပါတယ်။ ဥပမာ ငှက်ပျောသီးမှာ amylase အင်ဇိုင်းပါဝင်ပြီး သူ့ဆီမှာပါဝင်တဲ့ ကာဘိုဟိုက်ဒရိတ်ကို ချေဖျက်ရာမှာ အထောက်အကူပြုပါတယ်။ ဒါကြောင့် အင်ဇိုင်းကြွယ်ဝတဲ့ အစားအစာများကို စားပေးခြင်းဟာ သဘာဝအင်ဇိုင်းများကို အားဖြည့်ပေးရာ ရောက်ပါတယ်။

အချုပ်အားဖြင့် ပြောရရင် အင်ဇိုင်းများဟာ သင့်ကျန်းမာရေးကောင်းဖို့ အထူးအရေးကြီးပါတယ်။ ကိုယ်ခန္ဓာကနေ ထုတ်လုပ်နိုင်ပေမယ့် လိုအပ်ရင် အစားအစာများကနေ အားဖြည့်ခြင်း၊ ဖြည့်စွက်စာများစားခြင်း ပြုလုပ်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/why-are-enzymes-important Accessed Date 1 June 2020

ယခုပုံစံ

14/07/2022

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအစာခြေစနစ် အတွက် အရေးပါတဲ့ အကျိုးပြုဘက်တီးရီးယား (Probiotics)

Bone Turnover Makers (အရိုးဖွဲ့စည်း၊ပျက်စီးမှု အင်ဇိုင်းများ)


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement