brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

မျှဝေပါ။

ပြင်းထန်အူပွရောဂါ (Toxic megacolon)

Toxic megacolonဆိုတာ အူမကြီးပွလာတာပါ။ Megacolonဆိုတာ အူပွလာတာ၊ Toxicဆိုတာ အခြေအနေပြင်းထန်တာပါ။ ရှားပါးတဲ့ရောဂါဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်လာရင် ရက်ပိုင်းအတွင်းမှာပဲ အူက ပွလာပြီး ပေါက်ထွက်နိုင်တာကြောင့်အသက်အန္တရာယ်ရှိပါတယ်။ ဒီပြင်းထန်အူပွရောဂါဘာလို့ဖြစ်တာလဲ။ ဖြစ်လာရင် ဘယ်လိုကုကြမလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်။

ပြင်းထန်အူပွရောဂါ (Toxic megacolon)

ဘာကြောင့်ဖြစ်တာလဲ။

ဖြစ်ရတဲ့အကြောင်းကိုတော့ တိတိကျကျမသိရသေးပေမယ့် တချို့သော အူလမ်းကြောင်းရောဂါတွေနဲ့ သက်ဆိုင်နေတယ်လို့ ဆိုပါတယ်။ အဖြစ်အများဆုံးကတော့ Inflammatory Bowel Diseaseလို့ခေါ်တဲ့ နာတာရှည် အူရောင်​တဲ့ ရောဂါစုနဲ့၊ အူလမ်းကြောင်းပိုးဝင်တာပါ။ ဒါ့ပြင်ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

  • နာတာရှည်အူရောင်ရောဂါစု

ဒီရောဂါစုမှာ Ulcerative colitis(UC)လို့ခေါ်တဲ့ အူအနာဖြစ်ပြီး ရောင်ရမ်းခြင်းနဲ့ Crohn’s diseaseတို့ပါဝင်ပါတယ်။ ဒီနှစ်ခုလုံးက ခုခံအားကမောက်ကမဖြစ်တာ ဒါမှမဟုတ် ဗီဇကြောင့်လို့ဆိုပါတယ်။ နှစ်ခုလုံးက အူရောင်ရမ်းတာပါ။ သူတို့ရဲ့ ရောဂါလက္ခဏာတွေကတော့ ဗိုက်နာတာ၊ ဝိတ်ကျတာ၊ ဝမ်းလျှောတာ၊ သွေးဝမ်းသွားတာ၊ ပျို့တာ၊ အဆစ်တွေနာတာ၊ ဖျားတာ၊ အရေပြားမှာအနီစက်တွေထွက်လာတာ စတာတွေဖြစ်ပါတယ်။

  • အူလမ်းကြောင်းပိုးဝင်တာ

အူလမ်းကြောင်းပိုးဝင်တာကလည်း Toxic Megacolonကိုဖြစ်စေပါတယ်။ ဝင်နိုင်တဲ့ပိုးတွေများပေမယ့် Clostridium difficileပိုးဝင်ပြီး အူပွတာ အဖြစ်များပါတယ်။ ဒီပိုးကဘာလို့ဝင်ရတာလဲဆိုတော့ ပိုးသတ်ဆေးတွေသောက်ပြီး ကိုယ်တွင်းမှာ ကောင်းကျိုးပြုဘတ်တီးရီးယားတွေ သေကုန်လို့ပါ။ ဒီမှာ Clostridium ပိုးတွေ အားသာလာပြီး အဆိပ်တွေထုတ်တာကြောင့် အူမကြီးကဆဲလ်တွေပျက်စီးပြီး pseudomembranous colitisဆိုတဲ့ အူရောင်ခြင်းဖြစ်လာပါတယ်။ အူရောင်တာရဲ့ နောက်ဆက်တွဲအနေနဲ့ အူပွလာပါတယ်။ Clostridium ပိုးဝင်လာရင် အရည်ဝမ်းသွားတာ၊ ဗိုက်ရစ်ပြီးနာတာ၊ ဖျားတာ၊ ဝမ်းထဲ ပြည်၊ အချွဲတွေပါတာ၊ ပျို့တာ၊ ရေဓာတ်ခမ်းခြောက်တာ စတဲ့လက္ခဏာတွေပြပါတယ်။

  • ဆေးဝါးများ

အူလမ်းကြောင်းလှုပ်ရှားတာကို တားဆီးတဲ့ဆေးဝါးအများစုက toxic megacolonကို ဖြစ်စေပါတယ်။ ဥပမာပြောရရင် စိတ်ရောဂါကုဆေးတွေ၊ ဝမ်းပိတ်ဆေးတွေ၊ opioidsပါတဲ့ အကိုက်အခဲပျောက်ဆေးတွေပါ။ ဒါတွေက အူလမ်းကြောင်းကို မလှုပ်စေလို့ ကြာလာရင် အဆိပ်တွေ၊ အညစ်အကြေးတွေပုံလာပြီး အူပွလာပါတယ်။

အူပွမှန်းဘယ်လိုသိမလဲ။

အူပွတယ်ဆိုတာ ရောဂါတစ်ခုခုရဲ့ နောက်ဆက်တွဲဆိုးကျိုးပါပဲ။ ရက်အနည်းငယ်အတွင်းမှာပဲ အူကဖောင်းကြွလာပြီး အောက်ကလက္ခဏာတွေ ခံစားရပါမယ်။

  • ဗိုက်အောင့်တာ
  • လေပွတာ၊ ဗိုက်ဖောင်းတာ
  • ဗိုက်ကအထိမခံအောင်နာတာ
  • ဖျားတာ
  • နှလုံးခုန်နှုန်းတွေမြန်လာတာ
  • သွေးလန့်တာ
  • သွေးဝမ်းသွားတာ၊ အရည်ဝမ်းသွားတာ စတာတွေဖြစ်တတ်ပါတယ်။ ဒီလိုလက္ခဏာတွေရှိနေရင်တော့ ဆေးရုံကို အမြန်ဆုံးသွားပါ။ အူပေါက်သွားရင် အသက်အန္တရာယ်ရှိပါတယ်။

အူပွပြီးရင် ဘာဆက်ဖြစ်မလဲ။

အူပွလာတယ်ဆိုတာ တကယ်တော့ အူရောင်ပြီး ဖောင်းနေတာကို ပြောချင်တာပါ။ ဖောင်းတာက အူကောင်းကောင်းမလှုပ်တော့ဘဲ အထဲမှာ ဂတ်စ်တွေ၊ အရည်တွေ စုပုံလာလို့ပါ။ ဒါတွေက တဖြည်းဖြည်းများလာတဲ့အခါ အခန့်မသင့်ရင် အူပေါက်ကွဲတတ်ပါတယ်။ အူပေါက်သွားရင် အူထဲက အညစ်အကြေးတွေ၊ ပိုးတွေ ဗိုက်ထဲကို ရောက်လာပြီး ဝမ်းတွင်းအမြှေးပါးရောင်တာ၊ သွေးဆိပ်သင့်တာ၊ သွေးလန့်တာတွေ ဖြစ်တတ်ပါတယ်။

ဘယ်သူတွေပိုဖြစ်နိုင်လဲ။

ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နာတာရှည်အူရောင်ရောဂါစုရှိတဲ့သူတွေက ပိုဖြစ်တတ်ပါတယ်။ ဒါ့ပြင် ဆီးချိုရောဂါကျောက်ကပ်ရောဂါ၊ ကိုယ်အင်္ဂါအစားထိုးထားတာ၊ ခုခံအားပြဿနာရှိတဲ့သူတွေမှာလည်းပိုဖြစ်နိုင်ပါတယ်။

ကုသနည်းများ

ရောဂါအခြေအနေ၊ အသက်၊ နဂိုကျန်းမာရေးနဲ့ ခံစားရတဲ့ လက္ခဏာတွေပေါ်မူတည်ပြီး ကုသရပါတယ်။ တချိန်တည်းမှာ Toxic megacolonဖြစ်စေတဲ့ အကြောင်းရင်းတွေကိုရှာပြီး ကုသပေးရပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းကို အနားပေးထားရပါတယ်။ လိုအပ်ရင် ခွဲစိတ်ရပါတယ်။

Take home massage

အူပွတာက ရှားပေမယ့် ဖြစ်လာလို့ အသိနောက်ကျခဲ့ရင် အသက်အန္တရာယ်နီးပါတယ်။ အူမပေါက်သေးခင် လက်ဦးပြီး ကုသနိုင်ရင်တော့အကောင်းဆုံးပါ။ အူပေါက်သွားမှဆိုရင် သွေးဆိပ်သင့်တာ၊ သွေးလန့်တာတွေ ဖြစ်နိုင်တဲ့အတွက် ကုသရခက်ပါတယ်။ ဒါကြောင့် အူပွတဲ့လက္ခဏာတွေကို သတိထားပါ။ သိသိချင်း ဆေးကုသမှုခံယူနိုင်ဖို့ ကြိုးစားပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။