backup og meta

Anal Fistula ( ဂရင်ဂျီနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Anal Fistula ( ဂရင်ဂျီနာ) ကဘာလဲ။

ဂရင်ဂျီနာဆိုတာ အူလမ်းကြောင်းအဆုံးနဲ့ စအိုဝအနားက အရေပြားကြားထဲမှာ လမ်းကြောင်းဖြစ်နေခြင်း ဖြစ်ပါတယ်။ စအိုဟာ ကိုယ်ခန္ဓါကနေ မစင်တွေကို စွန့်ထုတ်တဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ ယေဘုယျအားဖြင့် စအိုထဲမှာ ဂလင်းအသေးလေးတွေ ရှိပါတယ်။ အဲဒီဂလင်းလေးတွေဟာ အကြောင်းတခုခုကြောင့် ပိတ်သါားတတ်ပါတယ်။ ပြည်တည်နာဖြစ်ခြင်း၊ ပိုးဝင်ပြီးအခေါင်းပေါက်ဖြစ်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ စအိုအတွင်းပိုင်း ပြည်တည်ရင် ခွဲစိတ်ရပါတယ်။ ပြည်တည်နာတွေရဲ့ ၅၀%ခန့်ဟာ ဂရင်ဂျီနာဖြစ်သွားတတ်ပါတယ်။ ဂရင်ဂျီနာဖြစ်ရင် သက်တောင့်သက်သာမဖြစ်ဘဲ ယားယံခြင်း၊ နေရထိုင်ရခက်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးရွားရှုပ်ထွေးတဲ့ အခြေအနေ မဟုတ်ပါဘူး။ အများစုမှာ ခွဲစိတ်ရပါတယ်။

Anal Fistula ( ဂရင်ဂျီနာ) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်များပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားများထက် ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Anal Fistula ( ဂရင်ဂျီနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ထိုင်သောအခါ၊ လှုပ်ရှားသောအခါ၊ အူလမ်းကြောင်းလှုပ်ရှားသောအခါ၊ ချောင်းဆိုးသောအခါ ဆက်တိုက်နာကျင်နေခြင်း
  • စအိုဝနားတွင် နံသောအရည်ထွက်ခြင်း
  • ဝမ်းသွားစဉ် ပြည် (သို့) သွေးပါခြင်း
  • စအိုနားတွင် ပြည်တည်ပြီး ရောင်ရမ်းနီရဲခြင်း၊ ဖျားနာခြင်း
  • တခါတရံ ဝမ်းထိန်းရန် ခက်ခဲခြင်း
  • စအိုဝအနီးတဝိုက် ယားယံခြင်း

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအခြေအနေတွေမှာ ဆရာဝန်ပြသင့်ပါတယ်။

  • စအိုတွင် ပြည်တည်နာ မကြာခဏဖြစ်ခြင်း
  • စအိုတဝိုက် ရောင်ပြီးနာခြင်း
  • အူလှုပ်ရှားလျှင် နာကျင်ခြင်း
  • သွေးထွက်ခြင်း
  • စအိုအနီးတွင် အပေါက်တခုမှ သွေး၊ အနံ့ဆိုးသောအရည် (ပြည်) ထွက်ခြင်း။ ပြည်ထွက်ပြီးလျှင် နာကျင်မှုလျော့သွားခြင်း
  • ဆက်တိုက်ပြည်ထွက်နေ၍ ကသိကအောင့်ဖြစ်ခြင်း
  • ချမ်းတုန်ဖျားခြင်း၊ မောပန်းနွမ်းနယ်ခြင်း

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Anal Fistula ( ဂရင်ဂျီနာ) ကိုဘာတွေကဖြစ်စေသလဲ

ပြည်တည်နာက ဂရင်ဂျီနာဖြစ်စေတဲ့ အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။ ပြည်တည်နာ သေချာမပျောက်ရင် ပြည်လမ်းကြောင်းဖြစ်ပြီး ဂရင်ဂျီနာ ဖြစ်သွားတတ်ပါတယ်။ အဖြစ်နည်းပေမယ့် တွေ့ရတတ်တဲ့ အကြောင်းအရင်းတွေကတော့

  • အူများရောင်ရမ်းနေသော Crohn ရောဂါ
  • အူများအတက်ထွက်ရောင်ရမ်းသောရောဂါ
  • အရေပြားတွင် နာတာ၇ှည်ပြည်တည်နာနှင့် ယားယံခြင်း
  • တီဘီ၊ HIV စသည့် ရောဂါပိုးကူးစက်ခြင်း
  • စအိုအနီးခွဲစိတ်မှုမှ နောက်ဆက်တွဲ ပြသနာဖြစ်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Anal Fistula ( ဂရင်ဂျီနာ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သံသယရှိရင် အူလမ်းကြောင်း စမ်းသပ်မှု ပြုလုပ်ပါလိမ့်မယ်။ ဒါ့အပြင် အောက်ပါ ရောဂါတွေအတွက် စမ်းသပ်ချက်တွေ ပြုလုပ်ပါလိမ့်မယ်။

  • လိင်မှတဆင့်ကူးစက်တတ်သောရောဂါများ
  • အူလမ်းကြောင်းရောင်ရမ်းခြင်း
  • အူအတက်ငယ်များတွင်ဖြစ်သောရောဂါ
  • စအိုကင်ဆာ
  • ရှားရှားပါးပါး မေ့ဆေးပေးပြီး စစ်ဆေးရတာမျိုးရှိတတ်ပါတယ်။ အာထရာဆောင်း၊ CT၊ MRI လည်း ရိုက်ရတတ်ပါတယ်။

Anal Fistula ( ဂရင်ဂျီနာ) ကို ဘယ်လိုကုသပါသလဲ

မကုသဘဲထားရင် ပျောက်ကင်းဖို့ ခက်တာကြောင့် ခွဲစိတ်ရတတ်ပါတယ်။

  • ခွဲထုတ်ခြင်း။ ဂရင်ဂျီနာတလျှောက်ကို လှီးဖြတ်ထုတ်ပြီး အနာကျက်စေတဲ့နည်း ဖြစ်ပါတယ်။
  • Seton နည်း။ Seton လို့ခေါ်တဲ့ ချုပ်ကြိုးကို ဂရင်ဂျီနာထဲ ထည့်သွင်းထားပြီး အနာကျက်စေပြီး ကုသတဲ့နည်းဖြစ်ပါတယ်။
  • အခြားနည်းများ။ အထူးပြုလုပ်ထားသော ကော်၊ သို့မဟုတ် အဖုံးဖြင့် ဂရင်ဂျီနာလမ်းကြောင်းကို ပိတ်ခြင်း၊ တစ်သျှူးစဖြင့်ဖုံးအုပ်စေခြင်း စတာတွေ ပါဝင်ပါတယ်။

ဒီနည်းလမ်းအားလုံးမှာ အားသာချက်၊ အားနည်းချက်တွေ ရှိပါတယ်။ ခွဲစိတ်ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။

လူအများစုဟာ ဆေးရုံမှာ ခွဲစိတ်ပြီး တညလုံးနေစရာ မလိုပါဘူး။ တချို့ကတော့ ရက်အနည်းငယ်ကြာနေဖို့ လိုအပ်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ဂရင်ဂျီနာအတွက် အထောက်အကူ ပြုသလဲ

အောက်ပါအချက်တွေက အထောက်အကူ ပြုပါတယ်။

  • အမျှင်ဓါတ်များတဲ့ အစားအသောက်တွေစားပါ။ သူတို့ဟာ အစာကြေစေပြီး အူလမ်းကြောင်း လှုပ်ရှားမှုတွေကို ကောင်းမွန်စေပါတယ်။ သွေးတွင်းကိုလက်စထရောဓါတ်ကို ကျဆင်းစေပါတယ်။
  • ရေများများသောက်ပါ။ အစာအိမ်လမ်းကြောင်းကို အထောက်အကူပြုပါတယ်။
  • ဝမ်းပျော့ဆေးများ သုံးပါ။ ဖြစ်တဲ့နေရာကိုလည်း သန့်သန့်ရှင်းရှင်းထားပါ။ သုတ်သင်သန့်ရှင်းပေးခြင်းဟာ ဂရင်ဂျီနာကနေ ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
  • သက်တောင့်သက်သာ ဖြစ်စေမယ့် အရေပြားခရင်မ်များ လိမ်းပေးပါ။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Anal Fistula http://www.webmd.boots.com/digestive-disorders/anal-fistula. Accessed April 14, 2017
Anal Fistula https://my.clevelandclinic.org/health/articles/anal-fistula. Accessed April 14, 2017
Anal Fistula http://www.nhs.uk/Conditions/Anal-fistula/Pages/Introduction.aspx. Accessed April 14, 2017
Anal Fistula – Taking Care And Prevention http://www.sooperarticles.com/health-fitness-articles/diseases-articles/anal-fistula-taking-care-prevention-578038.html. Accessed April 14, 2017

ယခုပုံစံ

25/10/2022

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement