အသည်းက တစ်ကိုယ်လုံးကျန်းမာဖို့အတွက် အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ ဘောလုံးတစ်လုံးစာလောက်ပဲအရွယ်အစားရှိပေမယ့် လုပ်ပေးတဲ့တာဝန်တွေက တော်တော်လေးများပါတယ်။ ဒီလိုအရေးပါတဲ့ အသည်းကဘယ်လောက်ထိအရေးပါလဲဆိုတာနဲ့ ဘယ်လိုရောဂါတွေခံစားရနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်ပါနော်။
အသည်းက ဘာတွေလုပ်ပေးတာလဲ
အရေးပါတဲ့ ကိုယ်တွင်းအစိတ်အပိုင်းဖြစ်တဲ့ အသည်းက –
- အူသိမ်ကစုပ်ယူထားတဲ့ အာဟာရတွေကို သိမ်းဆည်းသိုလှောင်ပေးတယ်။
- ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို ထုတ်ပေးတယ်။
- ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။
- ပရိုတင်းဓါတ်ထောက်ပံ့ပေးတယ်။
- အစာခြေစနစ်အတွက် သည်းခြေရည်ထုတ်ပေးတယ်။
အသည်းကို ထိခိုက်စေနိုင်တဲ့ အပြုအမူအချို့
တစ်ခါတလေမှာ အမှတ်မထင်လုပ်မိတဲ့အပြုအမူတွေကြောင့် အသည်းထိခိုက်မှုတွြေဖစ်နိုင်ပါတယ်။ ဒီလိုအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အသည်းဟာ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေနဲ့ အပြုအမူတွေကြောင့် ထိခိုက်နိုင်ပါတယ်။ နေ့စဉ်ထိတွေ့မိနေတဲ့အရာတွေကြောင့်လည်း အသည်းမှာထိခိုက်တာတွေဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာတော့ အသည်းရောဂါက မျိုးရိုးလိုက်တာကြောင့်လည်းဖြစ်တတ်ပါသေးတယ်။
- အရက်ေတွအလွန်အကျွံသောက်တာ
- တစ်ခါသုံးအပ်အသုံးမပြုတာ
- တက်တူးထိုးတာ
- ခန္ဓါကိုယ်မှာ အပေါက်ဖောက်တာတွေလုပ်တာ
- ရောဂါရှိသူရဲ့ သွေး၊ခန္ဓါကိုယ်ကထွက်တဲ့အရည်တွေနဲ့ထိတွေ့တာ
- အကာအကွယ်မဲ့လိင်ဆက်ဆံတာ
- အဆိပ်ရှိတဲ့အရာတွေ ဓါတုပစ္စည်းတွေကို အရေပြားနဲ့တိုက်ရိုက်ထိတွေ့တာ
- ဆီးချိုရှိတာ
- အဝလွန်တာ
မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အသည်းရောဂါတွေ
အသည်းရောဂါကိုဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေကတော်တော်လေးတော့များသား။ စားသုံးလိုက်တဲ့အစားအစာတွေ ကိုင်တွယ်ထိတွေ့မိတဲ့အရာတွေမှာ ကပ်ညှိနေတဲ့ ရောဂါပိုးတွေက ခန္ဓါကိုယ်ထဲရောက်ရှိသွားပြီး အသည်းမှာသွားရောက်ကူးစက်မိတဲ့အခါ အသည်းရောင်ရမ်းလာပြီး အသည်းရဲ့စွမ်းဆောင်နိုင်ရည်ကို ကျဆင်းစေနိုင်ပါတယ်။ ဒီလိုကနေတဆင့် အချိန်ကြာလာနဲ့အမျှ ကုသရခက်တဲ့ အသည်းရောဂါတွေခံစားလာရနိုင်ပါတယ်။
အသည်းကိုထိခိုက်စေနိုင်တဲ့ရောဂါပိုးတွေက ဒီလိုနည်းတွေနဲ့ ကူးစက်နိုင်ပါတယ်
- ရောဂါပိုးကူးစက်ခံထားရသူတွေရဲ့ သွေး၊ သုက်ပိုးကနေတဆင့်
- ရောဂါပိုးရှိတဲ့ အစားအသောက်နဲ့ရေကနေတဆင့်
- ရောဂါပိုးရှိသူနဲ့ နီးနီးကပ်ကပ်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်ပါတယ်။
အများဆုံးတွေ့ရှိရတဲ့ အသည်းရောဂါများ
အသည်းရောင် အသားဝါ ဘီပိုး – ရောဂါပိုးကူးစက်ခံထားရသူရဲ့သွေးနဲ့ထိတွေ့မိတာ၊ မျိုးပွားအင်္ဂါကထွက်တဲ့အရည် ၊ သုက်ပိုးနဲ့ထိတွေ့မိတာတွေကြောင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရတဲ့အခါအသည်းမှာ အမာရွတ်ဖြစ်တာ၊ အသည်းလုပ်ဆောင်ရည်ကျဆင်းသွားတာ၊ အသည်းကင်ဆာဖြစ်တာတွေခံစားရနိုင်ပါတယ်။ သေချာမကုသဘဲထားမယ်ဆိုရင် အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့သွေးနဲ့ထိတွေ့မိတာ၊ အနာပေါက်ရှိနေပြီး အနာကနေတဆင့်ရောဂါပိုး ကူးစက်ဝင်ရောက်တာ၊ ခန္ဓါကိုယ်ကထွက်တဲ့အရည်တွေနဲ့ထိတွေ့မိတာကြောင့် ကူးစက်ခံရနိုင်ပါတယ်။
ရောဂါလက္ခဏာတွေက –
- အသားဝါမယ်၊ မျက်လုံးအဖြူသားတွေဝါလာမယ်။
- ဝမ်းအရောင်ဖျော့ဖျော့တွေသွားမယ်
- အဖျားတက်မယ်
- ရက်ရှည်လများ ပင်းပန်းနုံးချိသလိုခံစားနေရမယ်
- အစားစားချင်စိတ်မရှိဖြစ်မယ်၊ အော့အန်မယ်
- ဗိုက်ထဲကအောင့်မယ်။
အသည်းရောင် အသားဝါ စီပိုး – ဒီရောဂါကလည်း သွေးကနေတဆင့်ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ စီပိုးကူးစက်ခံထားရသူတော်တော်များများမှာ ရောဂါလက္ခဏာတွေမပြတတ်ပါဘူး။ အသည်းရောင်အသားဝါ စီပိုးကူးစက်ခံရသူတွေမှာ များသောအားဖြင့်တော့ အခုလိုမျိုးရောဂါလက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
ရောဂါလက္ခဏာတွေက –
- အသားဝါမယ်၊ မျက်လုံးအဖြူသားတွေဝါလာမယ်
- ဆီးမည်းမည်းတွေသွားမယ်
- ဗိုက်အောင့်မယ်
- အစားစားချင်စိတ်မရှိဖြစ်မယ်
- ပင်ပန်းနွမ်းနယ်မယ်
- ခြေကုန်လက်ပန်းကျမယ်။
အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ – အရက်ကို နှစ်ရှည်လများ အလွန်အကျွံသောက်သုံးတာကြောင့် ခံစားရတဲ့ အသည်းရောဂါတစ်မျိုးပါ။ ဒီရောဂါက အချိန်ကြာလာတာနဲ့မျှ အသည်းခြောက်ရောဂါကိုဖြစ်စေပြီး အသက်ဆုံးရှုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ အသည်းတဝိုက်မှာ အဆီတွေဖြစ်လာစေပြီး အသည်းကိုရောင်ရမ်းစေနိုင်ပါတယ်။
ရောဂါလက္ခဏာတွေက –
အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း – အရက်သောက်တာကြောင့်မဟုတ်ဘဲ နေ့စဉ်စားသောက်နေထိုင်မှုပုံစံကြောင့် အသည်းတဝိုက်မှာ အဆီတွေစုလာပြီး ဖြစ်တဲ့ အသည်းအဆီဖုံးရောဂါပါ။ ကိုယ်အလေးချိန်ရှိသင့်တာထက်များနေတာ၊ ဆီးချိုရောဂါရှိတာ၊ သွေးတွင်းကိုလက်စထရောများတာ၊သွေးတိုးရှိတာတွေကြောင့် အသည်းအဆီဖုံးရောဂါခံစားရနိုင်ပါတယ်။
ရောဂါလက္ခဏာတွေက –
- အသည်းကြီးလာမယ်
- အမောမခံနိုင်ဖြစ်မယ်
- ဝမ်းဗိုက်ညာဘက်အထက်ပိုင်းက အောင့်မယ်
- အသားတွေ၊ မျက်လုံးအဖြူသားတွေ ဝါလာမယ်
- လက်ဖဝါးတွေရဲလာမယ်
- အမျိုးသားတွေမှာ ရင်သားတွေကြီးလာမယ်
- သရက်ရွက်ကြီးလာမယ်။
အသည်းရောဂါတွေကို ကာကွယ်ပေးနိုင်မယ့်နည်းလမ်းတွေက
အသည်းရောဂါတွေက ကြောက်စရာကောင်းတယ်ဆိုပေမယ့် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်လို့ရပါတယ်။ နေ့စဉ်နေထိုင်နေတဲ့ အမူအကျင့် စားသောက်မှုပုံစံတွေကို ပြောင်းလဲပေးတာကလည်း အသည်းရောဂါကို ကာကွယ်ဖို့အတွက် ထိရောက်တဲ့ နည်းလမ်းတစ်ရပ်ပေါ့။ အသည်းရောဂါတွေကို ကာကွယ်ချင်တယ်ဆိုရင်တော့ –
- အရက်ဖြတ်ပါ။ မဖြစ်နိုင်ရင် အရက်လျှော့သောက်ပါ
- အပ်တွေမျှဝေသုံးစွဲတာကိုရှောင်ကြဉ်ပါ
- လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးပါ
- တက်တူးထိုးတာ၊ နားပေါက်ဖောက်တာတွေလုပ်တဲ့အခါ သန့်ရှင်းမှုရှိတဲ့ ဆိုင်ကိုရွေးချယ်ပါ
- ကာကွယ်ဆေးထိုးထားပါ
- ရောဂါပိုးရှိနေသူရဲ့ သွေးနဲ့ ခန္ဓါကိုယ်ကထွက်တဲ့ အရည်တွေကို အကာအကွယ်မပါဘဲ ထိတွေ့တာမျိုးမလုပ်ပါနဲ့
- ဆေးတွေကို မလိုအပ်ဘဲ မသောက်ပါနဲ့
- အဆိပ်ရှိတဲ့ ဓါတုပစ္စည်းတွေကို အရေပြားနဲ့ တိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ပါနဲ့
- ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
- ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင်စားသုံးပေးပါ
- ကိုယ်လက်လှုပ်ရှားမှုရှိတဲ့ ဘဝနေထိုင်မှုပုံစံကို ပျိုးထောင်ပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmr]