backup og meta

အသည်းအစားထိုးပြီးတဲ့အခါ ဘာတွေဖြစ်သလဲ။

အသည်းအစားထိုးပြီးတဲ့အခါ ဘာတွေဖြစ်သလဲ။

အသည်းအစားထိုးခြင်းပြီးရင် ခွဲစိတ်မှုဟာ အဓိက ခွဲစိတ်မှု ဖြစ်တာကြောင့် လူနာကို အထူးပြုစုခန်းမှာ ထားမှာ ဖြစ်ပါတယ်။ အချို့လူနာတွေဟာ အသက်ရှူခြင်းကို အထောက်အကူ ဖြစ်စေဖို့ ventilator အသက်ရှူစက် လိုနိုင်ပါတယ်။ သွေးကြောတွင်းသွင်းရတဲ့ အရည်တွေ၊ ပိုသတ်ဆေးတွေနဲ့ အာဟာရဆိုင်ရာ ဖြည့်စွက်စာတွေဟာ အချို့လူနာတွေမှာ လိုအပ်နိုင်ပါတယ်။

လူနာတွေကို အထူးကြပ်မတ်ကုသဆောင်မှာ ရက်အနည်းငယ်ထားပြီး ဆေးရုံမှာ အိမ်မပြန်ခင် နောက်ထပ် နှစ်ပတ်ကနေ သုံးပတ်အထိ ထားမှာ ဖြစ်ပါတယ်။

အိမ်မှာ နာလန်ထတဲ့ ဖြစ်စဉ်ဟာ များသောအားဖြင့် ကြာမြင့်ပြီး ရှည်လျားပါတယ်။ လူတစ်ယောက်ဟာ ပုံမှန်လုပ်နေကျ အလုပ်တွေ၊ လှုပ်ရှားမှုတွေကို ပြန်မလုပ်ခင် သုံးလကနေ ခြောက်လအထိ ကြာမြင့်နိုင်ပါတယ်။

လက္ခဏာများ

Graft rejection

အသည်းအလှူရှင်ထံမှ အသည်းကို လက်ခံသူဆီကို ပြောင်းပြီးတဲ့အခါ ကိုယ်ခန္ဓါက ပြင်ပ အရာဝတ္ထုအဖြစ် မြင်နေပြီး သူ့ကို တိုက်ခိုက်မယ့် ကိုယ်ခံအားစနစ် ဖြစ်ပေါ်တတ်ပါတယ်။ ဒါဟာ အသည်းအသစ်ကို ပျက်စီးစေပြီး Graft rejection လို့ ခေါ်ပါတယ်။

ဒါကို ကာကွယ်ဖို့ ကိုယ်ခံအားစနစ်ကို ဖိနှိပ်ထားမယ့် ဆေးတွေ လိုအပ်နိုင်ပါတယ်။ ဒီဆေးတွေဟာ ကိုယ်ခံအားကို ဖိနှိပ်ထားပြီး အသည်းအသစ်ကို တိုက်ခိုက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုအသည်းအသစ်ကို တိုက်ခိုက်ခြင်းဟာ အသည်းအစားထိုးပြီး ပထမသုံးလအတွင်းမှာ အများဆုံး ဖြစ်ပါတယ်။

ကိုယ်ခံအားဖိနှိပ်တဲ့ဆေးတွေကို အစပိုင်းမှာ အများအပြားအသုံးပြုမှာ ဖြစ်ပါတယ်။ ဆိုးကျိုးတွေ ကာကွယ်ဖို့ ပမာဏကို တဖြည်းဖြည်း လျှော့မှာ ဖြစ်ပေမယ့် ကိုယ်ခံအားစနစ်ကို ဖိနှိပ်နိုင်လောက်တဲ့ ပမာဏတော့ အသုံးပြုမှာ ဖြစ်ပါတယ်။

ကိုယ်ခံအားဖိနှိပ်ထားနိုင်တဲ့ ဆေးများ

ကိုယ်ခံအားဖိနှိပ်ထားနိုင်တဲ့ ဆေးနှစ်မျိုး ရှိပါတယ်။ အသုံးအများဆုံးကတော့ corticosteroids နဲ့ အခြားကတော့ calcineurin ပဲ ဖြစ်ပါတယ်။

Corticosteroids တွေဟာ ပြင်ပအရာဝတ္ထုတွေကို တိုက်ခိုက်မယ့် ဓါတုပစ္စည်းတွေကို ထုတ်လုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။

အသည်းအစားထိုးခြင်းမှာ အများဆုံးအသုံးပြုတဲ့ Corticosteroids ကတော့ Prednisolone ဖြစ်ပါတယ်။ သူ့ကို သောက်ဆေးအနေနဲ့ အသုံးပြုပြီး အချိန်အကြာကြီးအသုံးပြုရင် ဆိုးကျိုး များစွာ ဖြစ်နိုင်ပါတယ်။

ဆိုးကျိုးတွေကတော့

• အနာကျက်ချိန်ကြာခြင်း

• ပါးစပ် အနာပေါက်ခြင်း

• စိတ်ပြောင်းလဲမှုများ

• ကြွက်သားအားနည်းခြင်း

• ဆီးချို ပိုဆိုးခြင်း

• သွေးပေါင်တက်ခြင်း

• အရည် စုခြင်း

• ကိုယ်အလေးချိန် များလာခြင်း

• အရေပြား အမှတ်ဖြစ်ခြင်း

• အရိုးပွခြင်း

• မျက်စိတိမ် ဖြစ်ခြင်း တွေပဲ ဖြစ်ပါတယ်။

Calcineurin inhibitors တွေဟာ Calcineurin လို့ ခေါ်တဲ့ ပရိုတင်းရဲ့ အစွမ်းကို ပိတ်ဆို့ခြင်းအားဖြင့် အလုပ်လုပ်ပါတယ်။ Calcineurin ဟာ သွေးဖြူဥ တစ်မျိုးဖြစ်တဲ့ T cells တွေကို လှုံ့ဆော်ပြီး ပြင်ပအရာဝတ္ထုတွေကို တိုက်ခိုက်ပါတယ်။ အများဆုံးအသုံးပြုတဲ့ ဆေးအမျိုးအစားကတော့ Ciclosporin နဲ့ tacrolimus တို့ပဲ ဖြစ်ပါတယ်။ သောက်ဆေးအဖြစ်အသုံးပြုပါတယ်။ Ciclosporin မှာတော့ အောက်ပါ ဆိုးကျိုးတွေ ရှိပါတယ်။

• ထုံကျင်ခြင်း

• ပျို့အန်ခြင်း

• အစာစားချင်စိတ် မရှိခြင်း

• သွေးပေါင်တက်ခြင်း

• ခေါင်းမူးခြင်း

• ခေါင်းကိုက်ခြင်း

• လက်တုန်ခြင်း

• ကြွက်သားနာကျင်ခြင်း

• အရေပြားပေါ် ဆံပင်ပြန်ပေါက်နှုန်းများခြင်း

Tacrolimus ဟာ အောက်ပါ အချက်တွေကို ဖြစ်စေနိုင်ပါတယ်။

• အိပ်မပျော်ခြင်း

• သွေးပေါင်တက်ခြင်း

• လက်တုန်ခြင်း

• ဝမ်းလျှောခြင်း

• စိတ်ရှုပ်ခြင်း

• စိတ်ပူခြင်း

• တက်ခြင်း

• ဆံပင်ကျွတ်ခြင်း

• အရေပြား အကွက်ထခြင်း၊ ယားယံခြင်း

ဒီဆေးတွေအပြင် အခြားဆေးတွေ၊ ဆေးဘက်ဝင်အပင်တွေနဲ့ တွဲဖက်အသုံးပြုရင် သတိထားသင့်ပါတယ်။ ဆိုးကျိုးတွေ ရှိပေမယ့် ဆေးပမာဏကို လျှော့ခြင်း၊ ဆေးရပ်ခြင်းတွေကို ဆရာဝန်ညွှန်ကြားချက်မရှိပဲ မလုပ်သင့်ပါဘူး။ ကိုယ်ခံအားဖိနှိပ်တဲ့ ဆေးတွေဟာ ရောဂါတိုက်ခိုက်နိုင်စွမ်းကို လျှော့ချပေးတာကြောင့် အသက်အန္တရာယ်ရှိတဲ့ ရောဂါပိုးတွေ ဝင်ရောက်နိုင်ပါတယ်။

အသည်းအစားထိုးကုသခြင်းကနေ ဘယ်လို ပြန်ကောင်းလာနိုင်သလဲ။

ပုံမှန် စစ်ဆေးခြင်း၊ ကာကွယ်ခြင်း

အစားထိုးကုသအပြီးမှာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နှုန်း၊ နှလုံးရောဂါဖြစ်နှုန်းတွေကို မြင့်တက်စေနိုင်ပါတယ်။ ခွဲစိတ်မှုအပြီးမှာ အသည်းအသစ်ဟာ ကောင်းစွာ အလုပ်လုပ်နေခြင်း ရှိမရှိသိရှိဖို့ ပုံမှန်သွေးစစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။

အသည်း အစားထိုး ခံရသူတွေဟာ အစားထိုးမှုမတိုင်ခင်၊ နာတာရှည်အသည်းရောဂါတွေနဲ့ ကြာရှည်စွာ steroids သောက်ခြင်းကြောင့် အာဟာရ ချို့တဲ့ကာ အရိုးကျိုးမှုတွေ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ ဒါကို စစ်ဆေးဖို့ အရိုးသိပ်သည်းဆ စစ်ဆေးခြင်း ပြုလုပ်နိုင်ပါတယ်။

အစားအသောက်

လူနာတွေကို ကျန်းမာစေတဲ့ အစားအသောက်တွေ စားသောက်စေပြီး ခွဲစိတ်အပြီးမှာ အရက်၊ ဆေးလိပ်တွေ ရှောင်ကျဉ်စေမှာ ဖြစ်ပါတယ်။ အာဟာရဓါတ်ဟာ အနာကျက်ဖို့နဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ပြန်လည်လုပ်ဆောင်နိုင်စေဖို့ အရေးကြီးပါတယ်။ ကိုယ်အလေးချိန် တက်ခြင်း၊ သွေးသကြားဓါတ်များခြင်း၊ ကိုလက်စထရော များခြင်းတွေကို ရှောင်ကျဉ်သင့်ပြီး ဖြစ်လာရင်လည်း အတတ်နိုင်ဆုံး ပြန်လည် ပြင်ဆင်သင့်ပါတယ်။ အစားအသောက် ကျွမ်းကျင်သူဟာ သင်စားသင့်တဲ့ အစာတွေနဲ့ ပတ်သက်ပြီး အကြံဉာဏ်ပေးနိုင်ပါတယ်။

လုံခြုံစိတ်ချရစွာ အစာကိုင်တွယ်ခြင်းဟာ အသည်းအစားထိုး လူနာတွေအတွက် အရေးကြီးပါတယ်။ ဒီလူနာတွေဟာ အစားအသောက်က ကူးစက်တတ်တဲ့ ရောဂါဖြစ်ပွားနှုန်းကို မြင့်တက်စေနိုင်ပါတယ်။ အစားအသောက်တွေအကုန်လုံးကို မစားခင် သေချာစွာ ဆေးကြော ချက်ပြုတ်သင့်ပါတယ်။ လူနာတွေကို သေချာချက်ပြုတ်ထားခြင်း မရှိတဲ့ (သို့) အစိမ်းဖြစ်တဲ့ အသားစိမ်းတွေ၊ ငါးတွေ၊ ကြက်ဥတွေကိုလည်း ရှောင်ကျဉ်စေသင့်ပါတယ်။

စည်သွတ်ဘူးတွေကိုလည်း ရက်မလွန်ခင် စားသောက်သင့်ပါတယ်။ နို့၊ ချီးစ်၊ အသီးဖျော်ရည်တွေကို ပိုးသတ်ပြီးမှသာ သောက်သုံးသင့်ပါတယ်။ အစားအစာတွေကို အပူချိန် လိုအပ်ချက်အတိုင်း သိုလှောင်ထားသင့်ပြီး အစာမစားခင်၊ အစာကိုင်တွယ် ပြင်ဆင်အပြီးတွေမှာ လက်ဆေးသင့်ပါတယ်။

လေ့ကျင့်ခန်း

အဓိက ခွဲစိတ်မှုအပြီးမှာ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ ပုံမှန် လှုပ်ရှားမှုတွေ ပြန်ရဖို့ ကူညီပေးနိုင်ပါတယ်။ စစချင်းမှာ လေ့ကျင့်ခန်းလုပ်ခြင်းကို ကြည့်ပေးသင့်ပြီး ချုပ်ရိုးပြေခြင်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းတွေကို ကျွမ်းကျင်သူ အကူအညီနဲ့ စတင်သင့်ပါတယ်။

ပုံမှန်လုပ်ငန်းဆောင်တာတွေ ပြန်လုပ်ခြင်း

လူအများစုဟာ ခွဲစိတ်ပြီး ၂ လ ကနေ ၃လ အတွင်း ပုံမှန်လှုပ်ရှားမှုတွေကို ပြန်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ အလုပ်ကို အားအင်ပြန်လည်ပြည့်ဝလာရင် အချိန်ပိုင်းအလုပ်ကနေ စတင်သင့်ပြီး အလုပ်လုပ်ချိန်တွေကို တဖြည်းဖြည်း တိုးမြှင့်သင့်ပါတယ်။ လူနာအများစုဟာ အစားထိုးကုသမှုအပြီး ၄ ပတ်ကနေ ၆ ပတ်အတွင်း ကားမောင်းနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ လူနာရဲ့ ယေဘုယျကျန်းမာရေးပေါ် မူတည်ပါတယ်။

အသည်းအစားထိုးပြီးသူ လူနာ အများစုဟာ ခွဲစိတ်မှုအပြီးမှာ ပုံမှန် လိင်ဆက်ဆံမှု ဘဝကို ပြန်ရောက်နိုင်ပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေပေါ် ဖိအားကို သက်ရောက်စေတာကြောင့် လိင်ဆက်ဆံရန် ၆-၈ ပတ်အထိ စောင့်ဆိုင်းသင့်ပါတယ်။ ဒီလူနာတွေဟာ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဖြစ်ပွားနိုင်တာမို့ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးသင့်ပြီး ကွန်ဒုံးတွေကိုလည်း အသုံးပြုသင့်ပါတယ်။

အမျိုးသမီးတစ်ယောက်ဟာ ခွဲစိတ်မှုအပြီး ပထမ နှစ်မှာ ကိုယ်ဝန်ဆောင်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ ကိုယ်ဝန်တားတဲ့ နည်းလမ်းတွေဖြစ်တဲ့ ကွန်ဒုံးသုံးခြင်း၊ သုက်ပိုးသတ်တဲ့ ဂျယ်၊ ခရင်မ် အစရှိသည်တို့ကို အသုံးပြုနိုင်ပါတယ်။ ကိုယ်ဝန်တားဆေးတွေနဲ့ အခြားဟော်မုန်း နည်းတွေဟာ အသည်းကို ထိခိုက်စေနိုင်တာမို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဝေးတဲ့နေရာကို ခရီးသွားခြင်းကို ခွဲစိတ်မှုအပြီး ၆-၁၂ လ အထိ ရှောင်ကျဉ်သင့်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း၊ ဆေးသောက်ခြင်းတွေကို ခရီးသွားခြင်း မပြုခင် စဉ်းစားသင့်ပါတယ်။ တကယ်လို့ အရေးပေါ် အခြေအနေဖြစ်ရင်၊ မတော်တဆမှု ဖြစ်ရင် အစားထိုးမှု လက်ခံသူမှန်းသိစေမယ့် Medic-alert necklace သို့ bracelet တွေကို ဝတ်ဆင်ဖို့ ကျန်းမာရေးဌာနတွေက အကြံပြုထားပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.nhs.uk/Conditions/Liver-transplant/Pages/Recovery.aspx

http://www.patient.co.uk/doctor/Liver-Transplantation.htm

http://www.bbc.co.uk/health/physical_health/conditions/in_depth/liver/liver_transplant.shtml

http://digestive.niddk.nih.gov/ddiseases/pubs/livertransplant_ez/livertrans.pdf

http://www.kidney.org/atoz/pdf/LiverBook.pdf

http://s3.gi.org/patients/gihealth/pdf/LiverTransplant.pdf

ယခုပုံစံ

01/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!



Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement