
အသည်းအတွက် အကောင်းဆုံးနဲ့ အဆိုးဆုံး အစားအသောက်များ က ဘာတွေလဲ ဆိုတာကို သိပြီးပြီလား။ လူတွေများ သူတို့စားချင်ပြီဆို အစာလည်းဆေး၊ ဆေးလည်းအစာလို့ ပြောကြတယ်။ ဒါကတည့်တယ် စားလို့ရတယ်၊ အသည်းအတွက်ကောင်းတယ်၊ အဆုတ်အတွက်ကောင်းတယ်နဲ့။ ကိုယ်ကြိုက်တဲ့အစားအစာတွေကို ဒီလိုပဲစိတ်ဖြေ၊ နာမည်ကောက်တပ်ပြီး စားပစ်လိုက်တာပဲ။ ကိုယ်သည်သာ ကိုယ့်ဆရာဝန်ပဲ။ ဟုတ်တယ်မလား တော်တော်များများ။
ဘယ်အစားအစာက ဘယ်အတွက် ကောင်းကျိုးပြုတာလဲ၊ ဆိုးကျိုးပြုတာလဲ တကယ်ရော သိပြီလား။ အချိန်ယူပြီး သုတေသနပြု၊ လေ့လာထားကြတဲ့ အထောက်အထားတွေကို အခြေခံတဲ့ ကျန်းမာရေးအကြံပြုချက်တွေကို ရှာဖတ်ပါလေ။ ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေဆီကပေါ့။ အွန်လိုင်းမှာရေးသမျှ ဆေးမြီးတိုတွေကို မဆိုလိုပါဘူးနော်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အားလုံးအတွက် အစားအသောက်တွေ ရှာဖွေခွဲခြမ်းပြရရင် ဆုံးမှာကိုမဟုတ်လို့ ဒီတစ်ခါတော့ အသည်းအတွက် အကောင်းဆုံးနဲ့ အဆိုးဆုံးအစားအစာတွေ ပြောပြပေးပါမယ်။ တစ်ခုချင်းစီမှာပဲ ရှင်းပြထားမှာမို့လို့ ဘယ်ဟာက ဘာဖြစ်မလဲ ဝင်ဖတ်ကြည့်လိုက်ဦးနော်။
အသည်းအတွက် အကောင်းဆုံးနဲ့ အဆိုးဆုံး အစားအသောက်များ ကတော့
အမျှင်ဓာတ်များတဲ့ အစားအစာတွေက အသည်းရဲ့လုပ်ဆောင်ချက်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ မနက်စာတည်းက အုတ်ဂျုံနဲ့ တစ်နေ့တာကို အစပြုရတာ ကောင်းပါတယ်။ သုတေသနတွေအရ အုတ်ဂျုံဟာ ခန္ဓာကိုယ်အဆီ၊ ဗိုက်အဆီကိုကျစေနိုင်တယ်ဆိုတော့ အသည်းအဆီဖုံးရောဂါကိုလည်း ကာကွယ်နိုင်တဲ့ အစားအစာဖြစ်ပါတယ်။
အာလူးချောင်းကြော်နဲ့ ဘာဂါတွေက အသည်းကျန်းမာရေးအတွက် မကောင်းတဲ့အရာတွေပါ။ ပြည့်ဝဆီတွေများတဲ့ အစားအစာတွေ စားတာများရင် အသည်းရဲ့လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ရောင်ရမ်းမှုတွေဖြစ်စေနိုင်ပြီး အသည်းကို အရွတ်ဖြစ်စေမယ်၊ အသည်းခြောက်လာစေနိုင်တယ်။
အသည်းကျန်းမာချင်တယ်ဆိုရင် ဟင်းသီးဟင်းရွက်တွေများများစားပါ။ အဲဒီထဲကမှ ပန်းဂေါ်ဖီစိမ်းက အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသနတွေက ပြောထားပါတယ်။
အသည်းအတွက် ကိုယ်လုပ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ကျန်းမာတဲ့ကိုယ်အလေးချိန်ထိန်းသိမ်းတာပဲဖြစ်ပါတယ်။ ဂက်စ်ပါတဲ့အချိုရည်တွေနဲ့ စွမ်းအားဖြည့်အချိုရည်တွေသောက်မယ့်အစား ရေသောက်တတ်တဲ့အကျင့်လုပ်ပါ။ တစ်နေ့တာမှာ ကယ်လိုရီဘယ်လောက်လျှော့နိုင်လဲဆိုတာ အံ့သြရပါလိမ့်မယ်။
အစေ့အဆန်တွေ၊ အထူးသဖြင့် ဗာဒံစေ့တွေက အသည်းအဆီဖုံးရောဂါကို ကာကွယ်နိုင်တဲ့ ဗီတာမင် E ကြွယ်ဝတဲ့အရင်းအမြစ်တွေ ဖြစ်ပါတယ်။ ဗာဒံစေ့က နှလုံးကျန်းမာရေးအတွက်လည်း ကောင်းတယ်ဆိုတော့ အပျင်းပြေဝါးရင်တောင် အကျိုးကျေးဇူးရှိနိုင်ပါတယ်။