brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကပ်ပါးပိုးကြောင်း အသည်းပြည်တည်ခြင်းနဲ့ပတ်သက်လို့ သင်ဘာသိသင့်သလဲ။

အမီးဘားရောဂါပိုးကြောင့် အသည်းပြည်တည်ရောဂါဆိုတာက အူတွင်းကပ်ပါးရောဂါပိုးကို တုန့်ပြန့်ပြီး အသည်းမှာပြည်တွေစုလာတာပါ။

ကပ်ပါးပိုးကြောင်း အသည်းပြည်တည်ခြင်းနဲ့ပတ်သက်လို့ သင်ဘာသိသင့်သလဲ။

ဖြစ်စေသောအကြာင်းအရာ

ဒီရောဂါကိုဖြစ်စေတဲ့ ပိုးက Entamoeba histolytica လို့ခေါ်ပါတယ်။ ဒီပိုးဟာ အမီးဘားဝမ်းကိုက်ရောဂါကိုလည်းဖြစ်စေပါတယ်။ ဝမ်းကိုက်ပြီးနောက် ရောဂါပိုးကို သွေးက အသည်းဆီကို သယ်ဆောင်သွားတာဖြစ်တယ်။ ဒီရောဂါပိုးဟာ ညစ်ညမ်းနေတဲ့ အစားအသောက်တွေက နေတဆင့် ပြန့်ပွားနိုင်ပါတယ်။ လူလူချင်းထိတွေ့မှုကလည်း ကူးဆက်နိုင်ပါတယ်။

ဒီရောဂါဟာ တကမ္ဘာလုံးမှာဖြစ်ပွားနိုင်ပေမယ့်လို့ လူနေထူထပ်ပြီး တကိုယ်ရေသန့်ရှင်းမှုမရှိတဲ့ အပူပိုင်းဒေသတွေမှာ ပိုဖြစ်တတ်ပါတယ်။ အာဖရိက၊ လက်တင်အမေရိက၊ အရှေ့တောင်အာရှနဲ့ အိန္ဒိယနိုင်ငံတွေမှာ သိသိသာသာ အဖြစ်များတာတွေ့ရပါတယ်။

ဖြစ်စေနိုင်တဲ့ အကြာင်းအရာတွေကတော့-

• အရက်သောက်ခြင်း

• ကင်ဆာရောဂါ

• ကိုယ်ခံအားကျဆင်းမှုရောဂါ (HIV)

• အာဟာရချို့တဲ့ခြင်း

• အသက်ကြီးခြင်း

• ကိုယ်ဝန်ဆောင်ခြင်း

• လတ်တလော အပူပိုင်းဒေသသို့ ခရီးသွားထားခြင်း

• Steriod သောက်နေခြင်း

ရောဂါလက္ခဏာတွေကတော့-

ပုံမှန်အားဖြင့်တော့ အူလမ်းကြောင်းပိုးဝင်တာနဲ့ လက္ခဏာမပြတတ်ကြပါဘူး။ ဒါပေမယ့် အမီးဘားရောဂါပိုးကြောင့် အသည်းပြည်တည်ရောဂါကတော့ အောက်ပါရောဂါလက္ခဏာတွေရှိတတ်ပါတယ်။

• ဗိုက်နာခြင်း (ညဘက်၊ ဗိုက်အပေါ်ဘက်၊ ဆိုးဆိုးဝါးဝါး ဆက်တိုက်၊ တခုခုနဲ့ ထိုးသလို နာတတ်ပါတယ်)

• ချောင်းဆိုးခြင်း

• ချမ်းတုန်ဖျားခြင်း

• နုန်းချိနေခြင်း

• ဆက်တိုက် ကြို့တိုးခြင်း (ရှား)

• အသားဝါခြင်း

• အစားအသောက်ပျက်ခြင်း

• ချွေးတွက်ခြင်း

• ပိန်လာခြင်း

တကယ်လို့ သင်ဟာ အပူပိုင်းဒေသတွေကို ခရီးသွားထားမယ် ဒီရောဂါလက္ခဏာတွေပေါ်လာမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။

ရောဂါစစ်ဆေးအဖြေရှာခြင်း

အောက်ပါစစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုပါတယ်။

• Abdominal ultrasound (ဝမ်းဗိုက်အက်ထရာဆောင်း)

• Abdominal CT scan or MRI (ဝမ်းဗိုက် ကွန်ပြူတာဓါတ်မှန် သို့ သံလိုက်ဓါတ်မှန်)

• သွေးစစ်ခြင်း

• အသည်းပြည်ကို စုပ်ထုတ်စစ်ဆေးခြင်း

• Liver scan ( အသည်းစကင်ဖတ်ခြင်း )

• Liver function tests (အသည်းလုပ်ဆောင်ရည် စမ်းသပ်ခြင်းများ)

• Serology for amebiasis ( သွေးတွင်းအမီးဘားရောဂါပိုးစစ်ဆေးခြင်း)

• Stool testing for amebiasis ( ဝမ်းတွင်းအမီးဘားပိုးစစ်ဆေးခြင်း)

ကုသမှု

ပိုးသတ်ဆေး [meteronidazole (Flagyl) or tinidazole (Tindamax)] တွေတိုက်ရပါမယ်။ အူထဲက အမီးဘားပိုးတွေကို သေစေဖို့နဲ့ ပြန်မဖြစ်အောင် ကာကွယ်ဖို့အတွက် paromomycin (သို့) diloxanide တွေသောက်ဖို့လိုပါတယ်။ ဒီကုသဆေးတွေကိုတော့ အသည်းပြည်ကို ကုသပြီးတော့ ပေးလေ့ရှိပါတယ်။

တချို့အခြေအနေတွေမှာတော့ အသည်းထဲက ပြည်တွေကိုဖောက်ထုတ်ပြီး အနာသက်သာအောင်လုပ်ရပါတယ်။

ဖြစ်နိုင်တဲ့နောင်ဆက်တွဲပြဿနာများ

မကုသဘူးဆိုရင် ဒီပြည်တွေက ပေါက်တွက်ပြီး တခြားကိုယ်အင်္ဂါတွေဆီ (ဝမ်းဗိုက်၊ အဆုတ်၊ နှလုံး၊ ဦးနှောက်) ပြန့်ပြီး သေဆုံးသည်အထိဖြစ်တတ်ပါတယ်။ သေချာကုသပါက လုံးဝပျောက်ကင်းနိုင်သလို နောက်ဆက်တွဲဆိုးကျိုးတွေ ဆိုးဆိုးဝါးဝါး မဖြစ်နိုင်တော့ပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/08/2022 ဖြစ်ပါသည်။