backup og meta

ကလေးတွေ စားသောက်မှုပုံစံ မှန်စေဖို့အတွက် လိုက်နာသင့်တဲ့ အချက်လေးတွေ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေ စားသောက်မှုပုံစံ မှန်စေဖို့အတွက် လိုက်နာသင့်တဲ့ အချက်လေးတွေ

    တကယ်လို့ သင်ဟာ အလုပ်လုပ်နေရတဲ့ မေမေဆိုရင် သင့်ကလေးရဲ့ စားသောက်မှုပုံစံနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေမှာ အမှန်ပါပဲ။ ကလေးထိန်းနဲ့ ထားခဲ့တာပဲဖြစ်ဖြစ်၊နေ့ကလေးထိန်းကျောင်း ပို့တာပဲဖြစ်ဖြစ် သင့်ကလေး စားသောက်မှုပုံစံမှန်စေဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုသာ စားသုံးစေဖို့အတွက် စီမံထားသင့်ပါတယ်။

    တကယ်လို့ သင့်ကလေးဟာ အစာချေရည်ဆန်တက်ခြင်းကြောင့် ရင်ပူတဲ့ရောဂါ (gastroesophageal reflux disease (GERD)) ခံစားနေရရင် စားသောက်မှုပုံစံမမှန်ခြင်းဟာ ရောဂါအခြေအနေကို ပိုဆိုးစေတာမို့ ငယ်ရွယ်စဉ်အချိန်ကတည်းက အစားအသောက်နဲ့ ပတ်သက်တဲ့ အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ပေးထားဖို့ အင်မတန် အရေးကြီးပါတယ်။

    ရင်ပူခြင်း နဲ့ အက်ဆစ်ရည်ဆန်တက်ခြင်း၊အဝလွန်ခြင်းတို့ မဖြစ်ပေါ်စေဖို့အတွက် ကလေးကို ကူညီပေးရပါမယ်။ ကလေးတွေ စားသောက်မှုပုံစံ မှန်စေဖို့အတွက် လိုက်နာသင့်တဲ့ အချက်လေးတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။

    မိသားစုလက်စုံထမင်းစားချိန်လေးကိုဖန်တီးပါ။

    အခြားသော ကလေးတွေလိုပဲ သင့်ကလေးဟာလည်း အစားအသောက်ကို အာရုံလာချင်မှ လာပါလိမ့်မယ်။ ကလေးတွေ အနေနဲ့ တနေရာတည်းမှာ အကြာကြီးထိုင်နေဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ သူတို့လေးတွေဟာ ပြေးလွှားဆော့ကစားဖို့သာ စိတ်ထဲရှိကြတာပါ။

    အစားအသောက်ဆိုတာ ဘဝရဲ့ ပျော်စရာ အရာတွေထဲက တခုဆိုတာကို ကလေးတွေ သိသင့်ပါတယ်။ ဒါကြောင့် ပျော်ရွှင်တဲ့ ထမင်းစားချိန်လေးတွေကို ဖန်တီးဖို့အတွက် မိသားစုလက်စုံထမင်းစားဖို့ လိုပါတယ်။ မိသားစု စုံညီထမင်းစားချိန်ဟာ အတူတကွ ပြောကြဆိုကြ စားသောက်ကြဖို့ဆိုတာကို သူတို့လေးတွေ နားလည်ပါစေ။

    ကလေးတွေဒီနေ့ တွေ့ခဲ့မြင်ခဲ့ရတာတွေ၊ကျောင်းမှာ ကြုံခဲ့ရတာတွေကို ပြန်ပြောပြဖို့အတွက် သူတို့ကို အားပေးပါ။ မိသားစုအတော်များများဟာ အလုပ်တွေကိုယ်စီ ရှုပ်နေကြတာမို့ ထမင်းစားချိန်ဆိုရင် တီဗီရှေ့ရောက်တဲ့သူကရောက်၊ဖုန်းလေးရှေ့ချပြီး စားတဲ့သူကစားနဲ့ တကွဲတပြားစီ ဖြစ်နေတတ်ကြပါတယ်။

    သင့်ကလေးရဲ့ လူမှုဆက်ဆံရေးစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် မိသားစုလက်စုံထမင်းစားချိန်တွေဟာ အရေးကြီးပါတယ်။ ကလေးအနေနဲ့ သိထားသင့်တဲ့ အခြေခံထမင်းစားပွဲ အမူအကျင့်လေးတွေကို သင်ပေးတာကောင်းပေမယ့် အရမ်းကြီးတော့ စည်းကမ်းမတင်းကြပ်သင့်ပါဘူး။ ဒီလို တင်းကြပ်လိုက်မယ်ဆိုရင် ကလေးတွေအနေနဲ့ အစာစားဖို့ကို မပျော်တော့ဘဲ စိတ်ညစ်သွား၊မုန်းသွားပါလိမ့်မယ်။

    အစားအသောက်ကို အတင်းအကြပ်မကျွေးပါနဲ့။

    ကလေးထိန်းကပဲဖြစ်ဖြစ်၊နေ့ကလေးထိန်းကျောင်းက ဆရာမကပဲ ဖြစ်ဖြစ် ကလေးမစားချင်တာကို ဇွန်းနဲ့အတင်းခွံ့ကျွေးနေတာကို သင်ခဏခဏ တွေ့ဖူးမှာပါ။ ဒါဟာ မကောင်းတဲ့ အလေ့အထတခုပါ။

    ဒီလို အတင်းအကြပ်ကျွေးခြင်းအားဖြင့် ကလေးဟာ သူဗိုက်ဝပြီလား၊မဝသေးဖူးလားဆိုတာကို ခွဲခြားသိနိုင်စွမ်းမရှိတော့တဲ့အတွက် ရင်ပူတဲ့ဝေဒနာခံစားရပြီး GERD ရောဂါဖြစ်နိုင်ချေ ပိုများလာပါလိမ့်မယ်။ ကလေးဟာ သင့်ခန္ဓါကိုယ်လောက် မကြီးသေးဖူးဆိုတာကို သတိချပ်ပြီး သူနဲ့ သင့်တော်မယ့် အစားအသောက်ပမာဏကိုပဲ ကျွေးပါ။ ကလေးတွေရဲ့ အစာအိမ်ဟာ သေးငယ်ပြီး ကယ်လိုရီလိုအပ်မှုဟာလည်း လူကြီးတွေလောက် မများပါဘူး။

    ဒါကြောင့် ကလေးကို အတင်းအကြပ် အစာမကျွေးပါနဲ့။ ဒီလို ကျွေးရင် ကောင်းကျိုးမဖြစ်တဲ့အပြင် ပိုလို့သာ ဆိုးစေပါလိမ့်မယ်။ အစားအသောက်ကို တခါတလေ ကုန်အောင် မစားနိုင်တာဟာ ပြဿနာမဟုတ်ဖူးဆိုတာ သူတို့လေးတွေ သိပါစေ။

    အစားအသောက် အလွန်အကျွံကျွေးမယ်ဆိုရင် ရင်ပူတာနဲ့ GERD ရောဂါဖြစ်နိုင်ချေ များလာတဲ့အပြင် ဖြစ်ပြီးသားကလေးမှာဆိုရင်လည်း ရောဂါလက္ခဏာတွေကို ပိုဆိုးလာစေပါလိမ့်မယ်။ အက်ဆစ်ဓါတ်ပါတဲ့ အစားအစာ (အချဉ်)တွေကို ရှောင်ရှားရမှာဖြစ်ပြီး အစာကို ပမာဏနည်းနည်းနဲ့ ခဏခဏကျွေးရမှာ ဖြစ်ပါတယ်။

    ကလေးတွေဟာ ကျောင်းကပြန်လာတဲ့အခါ ဗိုက်ဆာလာလေ့ရှိပါတယ်။ ညစာ စားတာနောက်ကျလေ့ရှိတဲ့ မိသားစုမျိုးဆိုရင် ကလေးတွေ ကျောင်းပြန်လာချိန်မှာ အစာပြေသွားရည်စာလေးတွေ ကျွေးသင့်ပါတယ် (ပန်းသီး၊ဒိန်ချဉ်၊ငှက်ပျောသီး စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သွားရည်စာလေးတွေပေါ့)

    အစားအသောက်တွေကို ပျော်ရွှင်စွာ စားပါစေ။

    အစားအသောက်နဲ့ ပတ်သက်လို့ တင်းကြပ်တဲ့ စည်းကမ်းတွေကို ချမှတ်ထားမယ့်အစား ကလေးရဲ့ ကျန်းမာရေးအတွက် ဆိုးကျိုးပေးနိုင်မယ့် အစားအစာတွေ မဟုတ်သရွေ့ သူလေးစိတ်ကြိုက်စားပါစေ။ ကလေးငယ် မစားဖူးသေးတဲ့ အစားအစာ အသစ်အဆန်းတွေကို မိတ်ဆက်ပေးနိုင်ပါတယ်။

    ဒါပေမယ့် အတင်းအကြပ် မစားခိုင်းပါနဲ့။ သူတို့လေးတွေ စိတ်ကြိုက်လုပ်ခွင့်ပေးထားခြင်းဟာ အစားအသောက်တွေကို ပိုမိုချစ်ခင်နှစ်သက်တတ်လာစေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုလည်း ကိုယ်တိုင်တွေ့ရှိ ရွေးချယ်တတ်လာပါလိမ့်မယ်။ အစားအစာလေးတွေဟာ စိတ်ဝင်စားစရာကောင်းတယ်လို့ထင်ရင် ကလေးတွေက ပိုစားတတ်တာကြောင့် အရောင်အသွေးစုံလင်ပြီး ချစ်စရာကောင်း၊လှပတဲ့ အစားအသောက်လေးတွေကို စီမံပေးပါ။

    ပုံစံလေးတွေကို လှတပတဖြစ်အောင် လုပ်ပေးထားနိုင်သလို ပန်းကန်ထဲမှာလည်း စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပေးထားနိုင်ပါတယ်။ လက်နဲ့ ကိုင်တွယ်စားသောက်ရမယ့် အစားအစာလေးတွေကိုလည်း ပြင်ဆင်ပေးပါ။ အစားအစာတွေကို လက်နဲ့ကိုင်တွယ်စားသောက်ရတာဟာ သူတို့လေးတွေအတွက် ပိုပျော်စရာ ကောင်းပါတယ်။

    သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ကလေးတွေအမြင်မှာ ပျင်းဖို့ကောင်းတာမို့ ဒီလိုအစာမျိုးတွေကို ကျွေးရခက်ပါလိမ့်မယ်။ ဟင်းသီးဟင်းရွက်တွေကို လိုတာထက်ပိုပြီး ချက်ပြုတ်ရင် ပျော့ပြဲသွားတတ်တာမို့ ကလေးတွေအနေနဲ့ ပိုပြီး မစားချင်ဖြစ်တတ်ပါတယ်။

    သစ်သီးဆိုရင်လည်း အညိုရောင်သမ်းတဲ့ အသီးတွေကို ကလေးစားဖို့ သွားမပေးပါနဲ့။ ကလေးတွေ မျက်စိထဲမှာ အညိုရောင်ဟာ စားချင်စိတ်ဖြစ်စေတဲ့ အရောင်မဟုတ်တဲ့အတွက် သစ်သီးဆိုတာဟာ ညိုညိုမည်းမည်းနဲ့ အရောင်မလှဘဲ စားဖို့လည်း မကောင်းတဲ့ အရာတခုလို့ စိတ်ထဲစွဲသွားပါလိမ့်မယ်။

    စားသောက်ပြီးလို့ အချိုပွဲ ကျွေးတဲ့အခါမှာလည်း ဒါဟာ သူတို့လေးတွေ ထမင်းကုန်အောင်စားလို့ ဆုချတာမဟုတ်ဘဲ အချိုပွဲဆိုတာဟာ ထမင်းစားခြင်းရဲ့ တစိတ်တပိုင်း အစီအစဉ်တခုမျှသာ ဖြစ်တယ်ဆိုတာကို နားလည်ပါစေ။ ဒီလိုမှမဟုတ်ရင် ကလေးတွေစိတ်ထဲမှာ ထမင်းစားတာဟာ ကောင်းတဲ့အရာတခု မဟုတ်ဖူးလို့ ထင်မြင်သွားစေပြီး အချိုပွဲမှမကျွေးရင် ထမင်းမစားတော့တာမျိုး ဖြစ်သွားနိုင်ပါတယ်။

    သင်ကစံပြဖြစ်ပါစေ။

    သင့်အနေနဲ့ သတိထားမိချင်မှ ထားမိမှာ ဖြစ်ပေမယ့် သင်သိထားဖို့က သင့်ကို ကလေးက စောင့်ကြည့်နေတယ်ဆိုတာပါပဲ။ ကလေးတွေဟာ လူကြီးတွေ လုပ်သမျှကို လိုက်ပြီး အတုခိုးလေ့ရှိပါတယ်။ ဒါကြောင့် ဖေဖေ၊မေမေနဲ့ ကလေးထိန်းနံနီတို့ဟာ ကလေးအတွက် စံပြဖြစ်ရပါမယ်။

    ဆိုလိုတာက သင်တို့ကိုယ်တိုင်လည်း ကျန်းမာရေးနဲ့ ကိုက်ညီဆီလျော်တဲ့ စားသောက်နည်းပုံစံအတိုင်း စားသုံးရမယ်ဆိုတာပါပဲ။ သင်ဈေးသွားတဲ့အခါ ကလေးကို ခေါ်သွားပြီး ဘယ်လို အစားအစာနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာကို သင်ကြားပေးရပါမယ်။ သူတို့လေးတွေ စားချင်တာကိုလည်း ဝယ်ခိုင်းနိုင်ပါတယ်။

    ဒီလိုမျိုး သူတို့စိတ်ကြိုက်ဝယ်ခိုင်းခြင်းအားဖြင့် အိမ်ရောက်လို့ ချက်ပြုတ်ပြီးတဲ့အခါ မစားချင်ဖူးလို့ ငြင်းလို့မရတော့ပါဘူး။ သင်မလုပ်ချင်တာတခုကို တခြားသူက အတင်းလုပ်ခိုင်းတာမျိုး မကြိုက်ဖူးဆိုရင် သင့်ကလေးတွေလည်း ဒီလိုပဲ ဆိုတာကို မမေ့ပါနဲ့။ ကလေးပြုစုပျိုးထောင်တာဟာ အနုပညာတခုဖြစ်ပြီး ပုံသေနည်းမရှိပါဘူး။

    တကယ်လို့ သင့်ကလေးဟာ အစားအသောက်အရမ်းကြေးများတယ်ဆိုရင် တခြားမိဘတွေနဲ့ ဆက်သွယ်ပြီး အကြံဉာဏ်တောင်းတာမျိုး ဒါမှမဟုတ် အာဟာရပညာရှင်ထံ သွားရောက်ဆွေးနွေးပြီး နည်းလမ်းတောင်းခံတာမျိုးတွေကို ပြုလုပ်နိုင်ပါတယ်။

    မှန်ကန်တဲ့ စားသောက်မှုပုံစံကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ရင်ပူခြင်းနဲ့ GERD ရောဂါကိုသာမက အဝလွန်ခြင်းကိုပါ ကာကွယ်တားဆီးပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement