အဓိပ္ပါယ်ဖွင့်ဆိုချက်
သည်းခြေကျောက်တည်ခြင်း (gallstones) ဆိုတာ
သည်းခြေဆိုတာက အသည်းအောက်ဘက်ပိုင်းမှာရှိတဲ့ အင်္ဂါအသေးစားလေးပါ။ အိတ်သေးသေးလေးပုံသဏ္ဍာန်ရှိပြီး အစိမ်းရောင်ရှိတဲ့ သည်းခြေရည်တွေကို သိမ်းဆည်းထားပါတယ်။ သည်းခြေရည်က အစာတွေကို ချေဖျက်ပေးတဲ့ အစာခြေရည်အဖြစ်လုပ်ဆောင်ပေးပါတယ်။ သည်းခြေကျောက်တော်တော်များများက သည်းခြေရည်ထဲမှာ ကိုလက်စထရောများလွန်းတာကြောင့်ဖြစ်ရတာပါ။
သည်းခြေကျောက်က သဲမှုန်လောက်သေးသေးလေးကစလို့ဂေါက်သီးအရွယ်အစားထိရှိတတ်ပါတယ်။ အချို့လူတွေမှာ သည်းခြေကျောက်က တစ်လုံးတည်းရှိတတ်ပေမယ့် အချို့မှာတော့ သည်းခြေကျောက်တွေအများကြီးတည်နေတာမျိုးရှိတတ်ပါတယ်။
လက္ခဏာများ
သည်းခြေကျောက်တည်ခြင်း (gallstones) လက္ခဏာတွေကဘာတွေလဲ
သည်းခြေကျောက်တည်တဲ့အခါ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းကအောင့်တာမျိုးဖြစ်လာနိုင်ပါတယ်။ ဆီကြော်တွေလိုမျိုး အဆီများတဲ့အစားအစာတွေကိုစားသုံးတဲ့ အချိန်မှာ သည်းခြေအောင့်တာကိုခံစားရနိုင်ပါတယ်။ အရမ်းအကြာကြီးနာတာမျိုးတော့မဟုတ်ပါဘူး။
- မအီမသာဖြစ်တာ
- အော့အန်တာ
- ဆီးမည်းမည်းတွေသွားတာ
- ဝမ်းညိုညစ်ညစ်အရောင်တွေသွားတာ
- ဗိုက်အောင့်တာ
- လေတက်တာ
- ဝမ်းလျှောတာ
- အစာမကြေတာ
- ဝမ်းဗိုက်အထက်ပိုင်းကအောင့်တာ
- ရင်ညွှန့်အောက်ဘက်က စူခနဲအောင့်တာ
- ညာဘက်ပခုံးနာကျင်တာမျိုးတွေခံစားရနိုင်ပါတယ်။
Risk Factors
သည်းခြေကျောက်တည်ခြင်း (gallstones)ဖြစ်နိုင်ခြေကို ဘာတွေကမြင့်တက်စေလဲ
- အမျိုးသမီးဖြစ်နေတာ
- အသက် ၄၀ ဒါမှမဟုတ် အသက် ၄၀ကျော်နေတာ
- အဝလွန်နေတာ
- အထိုင်များတာ
- ကိုယ်ဝန်ဆောင်
- အဆီများတဲ့အစားအစာတွေအစားများတာ
- ကိုလက်စထရောများတဲ့ အစားတွေအစားများတာ
- အမျှင်ဓါတ်နည်းတဲ့ အစားတွေစားတာများတာ
- မျိုးရိုးရှိတာ
- ဆီးချိုရောဂါအခံရှိတာ
- အသည်းရောဂါအခံရှိနေတာ
နောက်ဆက်တွဲရောဂါတွေ
သည်းခြေကျောက်တည်တာ (gallstones) ကြောင့် ဘယ်လိုနောက်ဆက်တွဲရောဂါတွေဖြစ်နိုင်လဲ
သည်းခြေကျောက်တည်တာကို အချိန်ကြာတဲ့အထိမကုသဘဲ ထားမယ်ဆိုရင် –
- သည်းခြေအိတ်ရောင်ရမ်းတာ
- သည်းခြေပြွန်ပိတ်ဆို့တာ
- သရက်ရွက်ပြွှန်မှာပိတ်ဆို့တာ
- သည်းခြေအိတ်ကင်ဆာ
- အသည်းရောင်အသားဝါ
- သရက်ရွက်ရောင်ရမ်းတာ
- သွေးဆိပ်တက်တာ
- သည်းခြေပြွန်မှာ ပိုးဝင်ကူးစက်တာ
- သည်းခြေအိတ်ပိုးဝင်တာ
ဘယ်လိုကာကွယ်မလဲ
သည်းခြေကျောက်တည်ခြင်း (gallstones) မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
သည်းခြေကျောက်မတည်အောင်ကာကွယ်လို့ရပါတယ်။ နည်းလမ်းတွေကတော့ –
- အစားစားချိန်မှန်ပါစေ – တစ်နေ့တာရဲ့ အစားစားချိန်တွေကို ပုံမှန်သတ်မှတ်ထားပြီး အချိန်မှန်အောင်စားသုံးပေးပါ။ အစားစားချိန်ကျော်သွားတာမျိုး၊ မစားဘဲနေတာမျိုးမလုပ်ပါနဲ့။
- ကိုယ်အလေးချိန်ကိုဖြည်းဖြည်းချင်းပဲလျော့ချပါ – သင့်အနေနဲ့ ကိုယ်အလေးချိန်ချချင်တယ်ဆိုရင်တောင်မှ အမြန်အဆန်ကြီး ကိုယ်အလေးချိန်ချတာမျိုးမလုပ်ပါနဲ့။မြန်မြန်ဆန်ဆန်ကြီး ကိုယ်အလေးချိန်ချတာက သည်းခြေကျောက်တည်နိုင်ခြေကို ပိုများစေပါတယ်။
- ပုံမှန်ကိုယ်အလေးချိန်ကို ထိန်းထားပါ – ကိုယ်အလေးချိန်များတာနဲ့ အဝလွန်တာက သည်းခြေမှာကျောက်တည်နိုင်ခြေများပါတယ်။ ဒါကြောင့် ကယ်လ်လိုရီစားသုံးမှုကိုလျှော့ချပြီး ကိုယ်လက်လှုပ်ရှားမှုကိုများများလုပ်ဆောင်ပေးတာက ပုံမှန်ကိုယ်အလေးချိန်ကို ထိန်းထားနိုင် မှာဖြစ်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmr]