backup og meta

ဆီးချိုလူနာများအတွက် ဖိနပ်ရွေးချယ်နည်း

ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲပြဿနာက ခြေထောက်မှာ အနာဖြစ်တာပါ။ ခြေထောက်မှာ အနာဖြစ်ရာကနေ အနာမကျက်၊ အနာတွေကြီးလာပြီး ခြေထောက်ပုပ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကို ဆီးချိုလူနာတွေ အကြောက်ဆုံးပါ။ ဒီလို မဖြစ်ဖို့ဆိုရင် သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းထိန်းရမှာဖြစ်သလို ခြေထောက်နဲ့ ထိတွေ့နေရမဲ့ ဖိနပ်ကိုလည်း သေချာရွေးချယ်ဖို့ လိုပါတယ်။ အောက်မှာ ဆီးချိုလူနာများအတွက် ဖိနပ်ရွေးချယ်နည်း အသေးစိတ်ကို ပြောပြသွားမှာ ဖြစ်ပါတယ်။

ဆီးချိုလူနာများအတွက် ဖိနပ်ရွေးချယ်နည်း

ဆီးချိုလူနာများအတွက် ဖိနပ်ရွေးချယ်နည်း က အရေးကြီးသလား

အရေးကြီးပါတယ်။ ဆီးချိုလူနာတွေအတွက် ဖိနပ်ဆိုတာာ အကာအကွယ်ပါ။ ဖိနပ်ကောင်းရင် ကိုယ့်ကို ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုနဲ့ ကိုယ်နဲ့ မသင့်တော်တဲ့ ဖိနပ်ကို စီးမိရင် ဒီဖိနပ်ကြောင့်ပဲ ကိုယ့်ခြေထောက်မှာ ပွန်းပဲ့တာ၊ အနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သာမန်လူတွေက ဖိနပ်ဝယ်ရင် လှမလှ ကြည့်ဝယ်ကြပေမဲ့ ဆီးချိုရောဂါရှိသူတွေအတွက်ကတော့ ခြေထောက်အတွက် သင့်တော်ပါ့မလားဆိုပြီး ရွေးရမှာပါ။

ဆီးချိုဖိနပ်ဆိုပြီး သီးသန့်ဝတ်ရမှာလား

ဆီးချိုဖိနပ်ဆိုပြီးလည်း သီးသန့်ရောင်းတာတွေ ရှိပါတယ်။ ဒါတွေတတ်နိုင်ရင် ဒါတွေ စီးပါ။ မတတ်နိုင်လည်း ပြဿနာ မရှိပါဘူး။ နေ့စဉ်စီးနေကျ ဖိနပ်တွေကနေ ကိုယ်နဲ့ သင့်တော်တာကို စီးလို့ ရပါတယ်။

တစ်ခုရှိတာက ကိုယ့်ရဲ့ ခြေထောက်အခြေအနေနဲ့ ဆီးချို ထိန်းနိုင်စွမ်းပါ။ ခြေထောက်က ဆီးချိုကြောင့် ပုံပျက်နေမယ်။ ထုံကျင်ပြီး ခဏခဏ ဖိနပ်ကျွတ်ထွက်နေမယ်ဆိုရင်တော့ ကိုယ့်ခြေထောက်နဲ့တိုင်းပြီး သီးသန့်ထုတ်ထားတဲ့ ဖိနပ်ကို စီးရမှာ ဖြစ်ပါတယ်။

International Working Group on the Diabetic Foot အဆိုအရ ဆီးချိုအဆင့်နဲ့ စီးသင့်တဲ့ ဖိနပ်တွေကို ဒီလိုခွဲထားပေးပါတယ်။

အမျိုးအစား လက္ခဏာ ခြေထောက်စစ်သင့်တဲ့အကြိမ် စီးသင့်တဲ့ဖိနပ်
အန္တရာယ်မရှိ (0) ခြေထောက်ထုံကျင်ခြင်းမရှိ တစ်နှစ်တစ်ကြိမ် သာမန်ဖိနပ်၊ ခြေထောက်နဲ့ အံကိုက်တဲ့ဖိနပ်
အန္တရာယ်နည်း (1) ခြေထောက်ထုံကျင် ၆လတစ်ကြိမ် ခြေထောက်နှင့် အံကိုက်တဲ့ဖိနပ်၊ သင့်တော်တဲ့ ဖိနပ်အခင်း (Insole)
အန္တရာယ်ရှိ (2) ခြေထောက်ထုံကျင်
ခြေထောက်သွေးကြောရောဂါခြေထောက်ပုံပျက်
၃-၆လတစ်ကြိမ် ဆီးချိုဖိနပ်၊ သင့်တော်တဲ့ ဖိနပ်အခင်း (Insole)၊ ခြေချောင်းအထိန်း
အန္တရာယ်များ (3) ခြေထောက်ထုံကျင်

ခြေထောက်အနာဖြစ်ဖူး သို့

ခြေထောက်ဖြတ်ဖူး

၁-၃လတစ်ကြိမ် ဆီးချိုဖိနပ်၊ သင့်တော်တဲ့ ဖိနပ်အခင်း (Insole)

ဆီးချိုလူနာတွေအားလုံးက အနည်းဆုံး တစ်နှစ်တစ်ကြိမ် ခြေထောက်စစ်ဆေးပြီး အနာဖြစ်နိုင်ခြေ ရှိမရှိ၊ ဖိနပ်ကို လဲစီးသင့်မသင့် စတာတွေကို စစ်ဆေးသင့်ပါတယ်။

ဆီးချိုလူနာများအတွက် ဖိနပ်ရွေးချယ်နည်း

ယူကေမှာရှိတဲ့ University of Dundee မှာ ပြုလုပ်တဲ့ လေ့လာချက်တွေအရ ဆီးချိုလူနာ ၁၀ယောက်မှာ ၆ယောက်က ကိုယ်နဲ့ မတော်တဲ့ စီးနေပါတယ်တဲ့။ ဒါကြောင့် ဖိနပ်ကို ဘယ်လိုရွေးမလဲဆိုတာ အရေးကြီးလာတာပါ။

  • ဆိုဒ်မှန်ပါစေ

ဆိုဒ်လို့ ပြောလိုက်ရင် ကျပ်လွန်းတာတင် မကပါဘူး။ ချောင်တာလည်း ပါပါတယ်။ ကျပ်လွန်းရင်လည်း ခြေထောက်တွေ ပွန်းပဲ့ပြီး သွေးလည်ပတ်မှု မကောင်းသလို ချောင်လွန်းရင်လည်း ဖိနပ်ကျွတ်ပြီး မတော်တဆ ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။ မချောင်လွန်း မကျပ်လွန်း သက်သောင့်သက်သာဖြစ်တဲ့ ဖိနပ်ကိုရွေးပါ။

ဖိနပ်ကို ဆိုင်မှာ စွပ်ပြီးရင် လမ်းလျှောက်ကြည့်ပါ။ ဖိနပ်က စီးလို့ အဆင်ပြေရဲ့လား။ ခြေနင်းက အိအိလေး ဖြစ်ရဲ့လားစသဖြင့် စမ်းကြည့်ပါ။ နောက်ထပ် tipလေးတစ်ခုကတော့ ဖိနပ်ဝယ်မယ်ဆိုရင် ညနေပိုင်းမှာ ဝယ်ပါ။ ညနေဆို တစ်နေကုန် သွားလာထားတော့ ခြေ‌ထောက်က သွေးကျပြီး ဖောင်းနေပါပြီ။ ဖောင်းနေတဲ့ ခြေထောက်မှာ စီးလို့ အဆင်ပြေရင် ကျန်တဲ့အချိန်တွေမှာလည်း သက်သောင့်သက်သာ ဖြစ်မှာပါ။

  • ဖိနပ်အမျိုးအစားကို ရွေးပါ

ဒီမှာက ခြေညှပ်ဖိနပ်ပဲ အစီးများလို့ ခြေထောက်အတွက် သိပ်တော့ ပြဿနာ မရှိလှပါဘူး။ ဒါပေမဲ့ အလုပ်သဘောအရ ရှူးဖိနပ်တို့၊ ထိပ်ချွန်ဖိနပ်တို့ စီးရရင်တော့ သတိထားပါ။ ဖြစ်နိုင်ရင် မစီးပါနဲ့။ ခြေထောက်ကို စုညှစ်ပြီး ပွန်းတတ်ပါတယ်။ အထူးသဖြင့်တော့ ခြေသန်းနဲ့ ခြေမလေးတွေ ထိတတ်ပါတယ်။ မဖြစ်မနေ စီးရမယ်ဆိုရင် ဖိနပ်ဆိုဒ်ကို သေချာရွေးပါ။ စီးတဲ့အချိန်ကို လျှော့ပါ။ ခြေစွပ်ကောင်းကောင်းဝတ်ပါ။

ဒေါက်ဖိနပ်တွေလည်း ဒီလိုပါပဲ။ တတ်နိုင်ရင် လျှော့စီးပါ။ ခြေဖဝါးကို ဖိအားများစေလို့ အနာဖြစ်လွယ်ပါတယ်။ နောက်ပြီး ကွင်းစွပ်ဖိနပ်တွေ စီးမယ်ဆိုရင် ကွင်းက ခြေထောက်ကို ညှစ်ထားတာမျိုး မဖြစ်ဖို့ လိုပါတယ်။ ဒါ့ပြင် ကွင်းမာမာကြီးတွေဆိုရင်လည်း ခြေဖမိုးတွေကို ပွန်းစေနိုင်လို့ သားရေအပျော့သားကို စီးပါ။

ကြိုးသိုင်းဖိနပ်တွေလည်း စီးလို့ ရပါတယ်။ ဖိနပ်ကို ဝိုင်းမထားသလို ဖြစ်လို့ လမ်းလျှောက်တဲ့အခါ ပေါ့ပေါ့ပါးပါး လျှောက်နိုင်ပါတယ်။ ကြိုးတွေက ဖနောင့်ကို မပွန်းစေဖို့ လိုပါတယ်။

တကယ်လို့ ကိုယ့်ခြေထောက်က ဆီးချိုကြောင့် ပုံပျက်နေရင် ဒါမှမဟုတ် ခြေထောက်မှာ အနာတွေ ဖြစ်နိုင်ခြေ များနေပြီဆိုရင်တော့ ကိုယ့်ခြေထောက်နဲ့ တိုင်းပြီး သီးသန့်ထုတ်ထားတဲ့ ဆီးချိုဖိနပ်ကို စီးဖို့ လိုပါတယ်။

ဖိနပ်စီးတဲ့အခါ ဒီအချက်တွေကို သတိထားပါ

ကိုယ်နဲ့ သင့်တော်တဲ့ ဖိနပ်ရပြီဆိုရင်တောင် ဖိနပ်စီးတဲ့အခါ သတိထားဖို့ လိုပါသေးတယ်။

  • ဖိနပ်မစီးခင် ခဲ၊ အကောင်တွေ ရှိမရှိ စစ်ဆေးပါ။ ခြေထောက်ထုံနေတဲ့သူဆိုရင် ခဲစူးတာကို မသိနိုင်တာကြောင့် ခြေထောက် အနာဖြစ်တတ်ပါတယ်။
  • လိုအပ်ရင် အိမ်ထဲမှာပါ စီးပါ။ အိမ်က ကြမ်းပြင်က ကြမ်းရင်၊ အေးရင် ဖိနပ်စီးထားဖို့ လိုပါတယ်။ အိမ်မှာနေရင် ပေါ့ပေါ့ပါးပါးနဲ့ ခြေနင်း အိတဲ့ ဖိနပ်လေးတွေ စီးနိုင်ပါတယ်။
  • ဖိနပ်အသစ်စီးတဲ့အခါ ဖိနပ်မပေါက်အောင် ဂရုစိုက်ပါ။ ဆိုဒ်မှန်ရင်၊ ဖိနပ်ကလည်း နူးညံ့ရင် ဖိနပ်ပေါက်တာက ဖြစ်ခဲပါတယ်။
  • မိုးတွင်းဆို ပိုဂရုစိုက်ပါ။ မိုးရေစိုဖိနပ်နဲ့ တစ်ချိန်လုံးနေတဲ့အခါ သဲဝဲစားတာ၊ အရေပြားယားတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အခြောက်မြန်တဲ့ ဖိနပ်ကို စီးပါ။ ဖိနပ်ညစ်ပတ်နေရင် ရေဆေးချ ဒါမှမဟုတ်တ တစ်ရှူးအစိုနဲ့သုတ်၊ ခြောက်အောင်သုတ်ပြီးမှ ဆက်စီးပါ။
  • ဖိနပ်စီးပြီးတိုင်းမှာ ခြေထောက်ကို စစ်ဆေးပါ။ ခြေထောက်မှာ အရာတွေ ထင်နေလား၊ ခြေထောက်နာသလား၊ အသားမာတွေ၊ အရည်ကြည်ဖုတွေ၊ ပွန်းရာတွေ ရှိနေလားဆိုတာ စစ်ရပါမယ်။ ရှိရင် ဖိနပ်လဲဖို့ လိုပါတယ်။

ဆီးချိုလူနာများ နေ့တိုင်းခြေထောက်စစ်ဖို့ မမေ့ပါနဲ့

ဆီးချိုလူနာတွေကို မှာလေ့ရှိတဲ့ စကားကတော့ မျက်နှာကို မှန်မကြည့်ရင်နေပါ။ ခြေထောာက်ကို နေ့တိုင်းစစ်ပါ ဆိုတာပါပဲ။ ဒါကြောင့် နေ့စဉ် ခြေထောက်စစ်ပါ။

  • ညဘက် အိပ်ခါနီးအချိန်ဆို ခြေထောက်ကို ရေသေချာ ပြောင်အောင်သုတ်ပါ။
  • ခြေထောက်မှာ အနာတွေ၊ ပွန်းပဲ့တာတွေ၊ အသားမာတွေ ရှိမရှိ စစ်ဆေးပါ။ ခြေချောင်းကြားတွေကိုပါ သေချာကြည့်ပါ။
  • ခြေသည်းတွေကို တည့်တည့်ညှပ်ပါ။ ခြေစွယ်မငုပ်အောင် ဂရုစိုက်ပါ။
  • အသားမာတွေ ရှိရင် ရေချိုးတဲ့အခါ ကြေးတွန်းကျောက်နဲ့ အသာအယာတိုက်ပါ။
  • ခြေထောက်ကို အချွန်အတက်တွေနဲ့ ထိုးဆွတာ၊ ကလော်တာ ရှောင်ပါ။
  • ရာသီဥတုအေးတဲ့အချိန်ဆို သွေးလည်ပတ်မှုကောင်းအောင် ရေကြက်သီးနွေးနဲ့ စိမ်ပေးပါ။

ဆီးချိုလူနာများနဲ့ ဖိနပ်

ဆီးချိုလူနာများအနေနဲ့ ဖိနပ်ရွေးတဲ့အခါ သာမန်လူတွေနဲ့ မတူတာက အလှအပထက် ခြေထောက်ကျန်းမာရေးကို ဦးစားပေးရပါတယ်။ စီးတဲ့ဖိနပ်က သက်သောင့်သက်သာဖြစ်မှ ခြေထောက်ကို မထိခိုက်ဘဲ နောက်ဆက်တွဲပြဿနာတွေ ကင်းဝေးမှာ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Footwear for People with Diabetes https://www.diabetes.co.uk/foot-care/diabetic-shoes-and-footwear.html Accessed date Aug 15, 2023

Diabetic Foot Australia guideline on footwear for people with diabetes https://www.ncbi.nlm.nih.gov/pmc/articles/PMC5769299/ Accessed date Aug 15, 2023

Footwear for every diabetics https://www.worlddiabetesfoundation.org/sites/default/files/WDF15-1272%20Footwear%20Training%20Manual.pdf Accessed date Aug 15, 2023

Special shoes for diabetes https://www.aofas.org/footcaremd/conditions/diabetic-foot/Pages/Shoes-and-Orthotics-for-Diabetics.aspx Accessed date Aug 15, 2023

Diabetic foot complications https://diabetes.org/diabetes/foot-complications Accessed date Aug 15, 2023

ယခုပုံစံ

08/03/2024

Written by Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုခြေထောက်နာရောဂါ

ဆီးချိုရောဂါရှိသူများ အနာကျက်နှေးရခြင်းအကြောင်း


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/03/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ