backup og meta

မျက်စိ ပြဿနာများနှင့် ဆီးချိုရောဂါ

သွေးတွင်းသကြားဓာတ်မြင့်မားခြင်းဟာ အမြင်အာရုံဝေဝါးခြင်း၊ အမြင်လွှာရောဂါဖြစ်ခြင်း၊ တိမ်ဖြစ်ခြင်း စတာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဆီးချိုရှိသူများဟာ မျက်စိ ဆရာဝန်ဆီမှာ ပုံမှန်ပြသသင့်ပါတယ်။

မျက်စိ ပြဿနာများနှင့် ဆီးချိုရောဂါ

မျက်စိ အမြင်အာရုံဝေဝါးခြင်း

အမြင်အာရုံဝေဝါးခြင်းဟာ ဆီးချိုရှိသူတွေမှာ ကြုံရတတ်တဲ့ပြဿနာတခု ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ် တက်လာတဲ့အခါ မျက်စိရဲ့ မှန်ဘီလူးဟာ ရောင်ရမ်းလာပြီး အမြင်အာရုံမှာ အပြောင်းအလဲ ဖြစ်သွားပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သွေးတွင်းသကြားဓာတ်ကို ပုံမှန် အတိုင်းအတာတစ်ခုမှာ ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ အမြင်အာရုံ ပုံမှန်ပြန်ဖြစ်စေဖို့ ၃လလောက် အချိန်ယူရပါတယ်။

မျက်စိ ရေတိမ်ဖြစ်ခြင်း

ဆီးချိုရှိသူတွေဟာ တခြားသူတွေထက် ရေတိမ်ဖြစ်နိုင်ခြေ ၄၀%များပါတယ်။ အသက်အရွယ် အရလည်း ပိုဖြစ်တတ်ပါတယ်။ မျက်လုံးအတွင်းပိုင်းမှာ ဖိအားများလာပြီး အရည်များကောင်းကောင်း မစီးဆင်းနိုင်ရင် ရေတိမ်ဖြစ်တတ်ပါတယ်။ အဲဒီအခါ သွေးကြောများ၊ အမြင်အာရုံကြောများကို ထိခိုက်စေပြီး မျက်စိကွယ်နိုင်ပါတယ်။

ဖြစ်ခါစမှာ လက္ခဏာ မပြတတ်ပါဘူး။ ကြီးကြီးမားမား အမြင်အာရုံချို့ယွင်းမှသာ သတိပြုမိတတ်ကြပါတယ်။ ခေါင်းကိုက်ခြင်း၊ မျက်လုံးကိုက်ခြင်း၊ အမြင်အာရုံဝါးခြင်း၊ အလင်းရောင်တဝိုက် အလင်းစက်ဝန်းများ မြင်နေတတ်ခြင်း၊ မျက်ရည်ကျခြင်း စတာတွေကြုံလာရင် သတိပြုသင့်ပါတယ်။

တွေ့ရအများဆုံးရေတိမ် အမျိုးအစားကတော့ အရည်စီးဆင်းမှုကို တပိုင်းတစသာ ပိတ်စေတဲ့ ရေတိမ်ပဲ ဖြစ်ပါတယ်။ မျက်လုံးအတွင်း ဖိအားနည်းစေခြင်း၊ အရည်များ စီးဆင်းစေခြင်း စတာတွေနဲ့ ရေတိမ်ကို ကုသနိုင်ပါတယ်။

အတွင်းတိမ်

မျက်စိရဲ့မှန်ဘီလူးဟာ ပုံရိပ်တွေကို ချိန်ညှိပြီး မြင်စေနိုင်ပါတယ်။ အတွင်းတိမ်ဖြစ်လာရင် ပုံမှန်ကြည်လင်နေတဲ့ မှန်ဘီလူးဟာ နောက်သွားပြီး ပုံရိပ်တွေကို ဝါးစေပါတယ်။ ဘယ်သူမဆို အတွင်းတိမ်ဖြစ်ပွားနိုင်ပေမယ့် ဆီးချိုရှိသူတွေမှာ ၆၀% ပိုဖြစ်တတ်ပါတယ်။ ဆီးချိုရှိသူတွေဟာ ငယ်စဉ်ကတည်းက အတွင်းတိမ်ဖြစ်ပွားတတ်ပြီး အခြေအနေဟာ မြန်မြန်ဆန်ဆန်ပဲ ဆိုးရွားလာတတ်ပါတယ်။

သာမန်အတွင်းတိမ်လောက်ကို မျက်မှန်၊ မျက်ကပ်မှန် စတာတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ အတွင်းတိမ်ဟာ နေ့စဉ်ဘဝမှာ ပြဿနာတစ်ခုဖြစ်လာပြီး မျက်မှန်၊ မျက်ကပ်မှန်များနဲ့ မသိသာတဲ့အခါ ခွဲစိတ်သင့်ပါတယ်။ မှန်ဘီလူးကိုဖယ်ရှားပြီး ပြုလုပ်ဖန်တီးထားတဲ့ မှန်ဘီလူးနဲ့ အစားထိုးပေးပါလိမ့်မယ်။

ဆီးချိုကြောင့် အမြင်လွှာထိခိုက်ခြင်း

သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းဟာ မျက်စိအမြင်လွှာကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရှိတာ ကြာလေလေ၊ ပိုပြီး ဖြစ်နိုင်ခြေ များလေလေ ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းနိုင်မယ် ဆိုရင်တော့ ဖြစ်နိုင်ခြေနည်းစေမှာ ဖြစ်ပါတယ်။

ဆီးချိုအမျိုးအစား ၁ ရှိတဲ့ အရွယ်မရောက်သေးသူများမှာ ဆီးချိုကြောင့် အမြင်လွှာထိခိုက်ခြင်း ဖြစ်ပွားနိုင်ခြေ နည်းပါတယ်။ အရွယ်ရောက်ပြီးချိန်မှာလည်း ဆီးချိုအမျိုးအစား ၁ ဖြစ်တာဟာ အနည်ဆုံး ၅နှစ် မရှိသေးရင် အမြင်လွှာ ထိခိုက်ခြင်းဟာ ရှားပါးပါတယ်။

မျက်စိပြဿနာတွေကို ကာကွယ်ဖို့အတွက် ဆီးချိုရှိသူတွေဟာ သွေးတွင်းသကြားဓာတ်နဲ့ သွေးတိုးခြင်းကို ထိန်းထားနိုင်ဖို့၊ ဆေးလိပ်ဖြတ်ဖို့၊ အလုံးစုံကျန်းမာရေး တိုးတက်စေဖို့ လိုအပ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Eye Complications http://www.diabetes.org/living-with-diabetes/complications/eye-complications/?referrer=https://www.google.com.vn/

Accessed February 25, 2017

  1. Can Diabetes Affect Your Eyes? http://www.webmd.com/eye-health/eye-problems#1

Accessed February 25, 2017

ယခုပုံစံ

24/06/2022

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်စိကျန်းမာစေဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်များ

မျက်စိပူခြင်း ညောင်းခြင်းကို ဘယ်လိုဖြေရှင်းကြမလဲ


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/06/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ