backup og meta

ကိုဗစ်လူနာတွေ အဆက်မပြတ် ကြို့ထိုး ရတဲ့ အကြောင်းအရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်လူနာတွေ အဆက်မပြတ် ကြို့ထိုး ရတဲ့ အကြောင်းအရင်း

    ကိုဗစ်လူနာတွေမှာ ခပ်စိတ်စိတ်တွေ့လာရတဲ့ လက္ခဏာတစ်ခုက ကြို့ထိုး တာပါ။ လူနာကတော့ သတိထားမိမှာ မဟုတ်ပေမယ့် ကြည့်နေတဲ့ ဆရာဝန်ကတော့ သတိထားမိပါတယ်။ ကြို့ထိုးတာကလည်း ဘာနဲ့မှမသက်သာဘဲ ဆက်တိုက်ထိုးနေတာပါ။ ကြို့ထိုးတာက မစိုးရိမ်ရတဲ့ အခြေအနေလည်း ဖြစ်နိုင်သလို တစ်ခါတလေမှာ ပြင်းထန်တဲ့ ရောဂါတစ်ခုခုကို အချက်ပြနေတာလည်း ဖြစ်နိုင်ပါတယ်။

    ကိုဗစ်လူနာတွေ ကြို့ထိုး ရတဲ့ အကြောင်းအရင်း

    ကိုဗစ်လူနာတွေ အဆက်မပြတ် ကြို့ထိုးရတဲ့ အကြောင်းအရင်းကတော့

    • ကိုဗစ်ရဲ့ လက္ခဏာဖြစ်နေတာ

    ကြို့ထိုးတာက ကိုဗစ်ရဲ့ လက္ခဏာ တစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ ရှားတော့ ရှားပါတယ်။ ကိုဗစ်ဖြစ်တယ်လို့ သိပြီးသားသူတစ်ယောက်မှာ ဒီလက္ခဏာ တစ်ခုထပ်တိုးလို့လည်း ထူးခြားတာ မရှိပါဘူး။

    အထူးသဖြင့်တော့ ကိုဗစ်လူနာတွေမှာ dexaဒက်ဆာ သောက်ပြီး ရက်ပိုင်းလောက်နေရင် အဆက်မပြတ် ကြို့ထိုး တာမျိုး ဖြစ်တတ်ပါတယ်။

  • ကျောက်ကပ်မကောင်းတာ
  • ကျောက်ကပ်မကောင်းတဲ့အခါ ယူရီးယားလို့ခေါ်တဲ့ ဓာတ်တစ်မျိုး များတတ်ပါတယ်။ ဒီဓာတ်က လူနာကို အဆက်မပြတ်ကြို့ထိုးစေပါတယ်။ လူနာမှာ နဂိုတည်းက ကျောက်ကပ်မကောင်းတာဖြစ်ဖြစ်၊ နဂိုက ဆီးချိုရှိ ကိုဗစ်မှာ ပေးတဲ့ဆေးတွေကြောင့် ဆိးချိုပိုတက် ကျောက်ကပ်ထိတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

    • ဆီးချိုရောဂါ

    ဆီးချိုက သာမန်ရှိရုံမဟုတ်ဘဲ ဆီးချိုတွေတက်ပြီး Diabetic ketoacidosisလို့ ခေါ်တဲ့ အခြေအနေမျိုးမှာလည်း တဂေ့ဂေ့နဲ့ ကြို့ထိုးတတ်ပါတယ်။ အထူးသဖြင့် ကိုဗစ်မှာ ရောဂါကိုယ်တိုင်ကရော၊ ပေးတဲ့ဆေးတွေကြောင့်ရော ဆီးချိုတက်နိုင်လို့ အရင်ကထက်ပိုပြီး ဆီးချိုဖောက်ဖို့ လိုပါတယ်။

    • အဆုတ်ရောင်တာ

    အထူးသဖြင့် အဆုတ်အောက်ခြေမှာ နမိုးနီးယားအဆုတ်ရောင် ရောဂါဖြစ်တဲ့အခါ အောက်က ရင်ဝမ်းခြားကြွက်သားကို ကလိသလို ဖြစ်တာကြောင့် ကြို့ထိုးတတ်ပါတယ်။

  • ဓာတ်ဆားမမျှတတာ
  • သွေးထဲမှာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်နဲ့ ကယ်ဆီယမ် နည်းတဲ့အခါမှာလည်း ကြို့ထိုးတတ်ပါတယ်။ အထူးသဖြင့် ကိုဗစ်လူနာတွေမှာ ဝမ်းလျှောတတ်တာကြောင့် ဓာတ်ဆားပြန်မဖြည့်ဘူးဆိုရင် ဒီပြဿနာကြုံရနိုင်ပါတယ်။

  • စိတ်ဖိစီးတာ
  • ကိုဗစ်ကြောင့် စိတ်တွေ ဖိစီးနေရတယ်ဆိုရင်လည်း အဆက်မပြတ် ကြို့ထိုးတတ်ပါတယ်။

    ဒီက ထည့်ပြီး စဉ်းစားရမယ့် အရေးကြီးတဲ့ အကြောင်းတွေပါ။ ဒီထဲမှာမှ ကျောက်ကပ်ထိတာ၊ ဆီးချိုတက်တာ၊ အဆုတ်ရောင်တာနဲ့ကို ပိုပြီး ဂရုစိုက်ရပါမယ်။

    ကြို့ထိုး စေတဲ့ တခြားအကြောင်းအရင်းများ

    ဒါကတော့ တခြားသိပ်အရေးမကြီးတဲ့၊ နေထိုင်စားသောက်ပုံကြောင့် ဖြစ်တတ်တဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ အရည်ပူပူတွေ  သောက်တာ၊ အစပ်တွေ စားမိတာ၊ အငွေ့တွေ ရှူမိတာ၊ အစားမြန်မြန် စားမိတာ စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

    ကြို့ထိုးတာ စိုးရိမ်စရာလား

    ကြို့ထိုး တာက တစ်ခါတလေပဲဆိုရင်တော့ စိုးရိမ်စရာ မရှိပါဘူး။ ခဏခဏ ထိုးနေမယ်ဆိုရင်တော့ အစာစားလို့မရတာ၊ အိပ်လို့ မပျော်တာ ဖြစ်တတ်ပါတယ်။ ဒါက အအိပ်အစားနဲ့ ကိုယ်ခံအားတက်အောင် လုပ်နေရတဲ့ ကိုဗစ်လူနာတွေအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။

    ဒါ့ပြင် ဝမ်းဗိုက်ကြွက်သားတွေ ညှစ်ညှစ်ပြီး ထိုးတာကြောင့် ဗိုက်အောင့်တာ၊ စားချဉ့်ရည်တွေ ပြန်တက်ပြီး ရင်ပူတာ၊ နှလုံးခုန်မမှန်တာတွေ ဖြစ်တတ်ပါတယ်။

    ၄၈နာရီကျော်ကြာအောင်  ဆက်တိုက် ကြို့ထိုးနေမယ်ဆိုရင်တော့ ခုနက ပြောခဲ့တဲ့ အရေးကြီး ရောဂါတွေလည်း ဖြစ်နိုင်တာကြောင့် စိုးရိမ်သင့်ပါတယ်။

    ကြို့ထိုး တာ သက်သာအောင် ဘာလုပ်ကြမလဲ။

    ကြို့ထိုးတာအတွက် တိကျတဲ့ နည်းလမ်း မရှိပေမယ့် အောက်က နည်းလမ်းတွေကိုတော့ စမ်းသပ်ကြည့်နိုင်ပါတယ်။

    • စက္ကူအိတ်ထဲကို အသက်ရှူသွင်း ရှူထုတ်လုပ်ကြည့်တာ
    • ရေခဲရေနဲ့ အာလုပ်ကျင်းတာ
    • အသက်ခဏ အောင့်ထားတာ
    • ရေအေးအေးလေးကို နည်းနည်းစီ သောက်ပေးတာ လုပ်လို့ရပါတယ်။

    ကြို့ထိုးနေတဲ့သူတွေက အစားကို နည်းနည်းစီ ခွဲစားပါ။ ဂတ်စ်ပါတဲ့ အချိုရည်တွေ မသောက်ပါနဲ့အုံး။

    ကိုဗစ်လူနာတွေအနေနဲ့ အဆက်မပြတ်ကြို့ထိုးနေပြီဆိုရင် မပေါ့ဆသင့်ပါဘူး။ ပြနေကျ ဆရာဝန်ကို ပြန်ပြောပါ။ ဒါမှ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေရှာဖွေတာ၊ ဆေးပေးတာတွေ လုပ်လို့ရမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement