backup og meta

သွေးတိုးနဲ့ COVID-19

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးနဲ့ COVID-19

    ရာသီဥတုက နွေရာသီမို့ ပူကလည်းပူ၊ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်ရောဂါကြီး ပြန့်နှံ့နေတာမို့ ခုချိန်ကတော့ လူတိုင်း အိမ်ထဲက အိမ်ပြင်မထွက်ကြပဲ အိမ်တွင်း အောင်းနေကြတဲ့ ကာလမျိုးပေါ့။ ဒီလိုကာလမျိုးမှာ ရောဂါကူးစက်ခံရမှာကို လူတိုင်းနီးပါး စိုးရိမ်ပူပန်လာကြပါတယ်။

    ဒီဝေဒနာကလည်း သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါအခံ တစ်ခုခုရှိနေတာတွေ၊ ကိုယ်ခံအားစနစ် အားနည်းတာတွေရှိနေရင် ပိုပြီး ထိခိုက်နိုင်တယ်လို့ ဆိုထားတယ်မဟုတ်လား။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်၊ ကင်ဆာ၊ အသည်း၊ အဆုပ်နဲ့ ကိုယ်ခံအားစနစ်အားနည်းသူတွေအနေနဲ့ ဂရုတစိုက်နေထိုင်သင့်တဲ့ ကာလမျိုးပေါ့။

    အထူးသဖြင့် သွေးတိုးဝေဒနာခံစားနေရသူတွေအဖို့တော့ စိတ်မသက်မသာစရာ အချိန်မျိုးဖြစ်ပါတယ်။ သွေးတိုးဝေဒနာဆိုတာကလည်း လူအများစုမှာ အဖြစ်များတဲ့ ဝေဒနာမျိုးဖြစ်တာမို့ လူအတော်များများနဲ့ ဆက်ဆိုင်နေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီတော့ နေပူလို့ သွေးတိုးမှာ စိုးရိမ်နေရတဲ့အကြားထဲ ခုလို COVID-19 ကိုပါ ထပ်တိုး စိတ်ပူနေရတာမို့ သွေးတိုးသမားတွေအတွက်တော့ စိတ်ပင်ပန်းမှုပို ကြုံရနိုင်ပါတယ်။

    လေ့လာချက်တွေအရလည်း COVID-19 ကူးစက်ခံရမှုကြောင့် လူသေဆုံးမှုတွေထဲမှာ အန္တရာယ်အပေးနိုင်ဆုံး ရောဂါက သွေးတိုးရောဂါဖြစ်နေပါတယ်။ အီတလီနိုင်ငံမှာဆိုရင် ဗိုင်းရပ်စ်ကြောင့် အသက်ဆုံးရှုံးခဲ့သူစုစုပေါင်းရဲ့ ၇၆.၁% ဟာ သွေးတိုးဝေဒနာ အခံရှိသူတွေဖြစ်ကြပြီး တရုတ်မှာလည်း ကူးစက်ခံရသူ စုစုပေါင်းရဲ့ ၅၀% နီးပါး လောက်ဟာ သွေးတိုးဝေဒနာ အခံရှိသူတွေပါ။

    ဒါပေမယ့် အရေးအကြီးဆုံး သိထားရမယ့်အချက်ကတော့ သွေးတိုးဝေဒနာ ကိုယ့်မှာစွဲကပ်နေတိုင်း COVID-19 ကူးစက်ခံရနိုင်တာမဟုတ်သလို ကူးစက်ခံရရင်တောင်မှ အသက်ဆုံးရှုံးနိုင်တယ်လို့လည်း ယတိပြတ် ဆိုလို့မရနိုင်သေးပါဘူး။ ဒါပေမယ့် သတိထားဖို့ လိုအပ်တဲ့ အခြေအနေ တစ်ရပ်ဖြစ်တယ်ဆိုတာကတော့ အမှန်ပါပဲ။

    သွေးတိုးသမားတွေ ကိုဗစ်က ဘယ်လိုတိုက်ခိုက်သလဲ

    ရောဂါပိုးဟာ ကိုယ်ခံအားစနစ်ကို အားနည်းသွားစေတာပြီး နှလုံးနဲ့ အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကို နှောင့်ယှက်ပါတယ်။ ဒါကြောင့် နှလုံးလုပ်ဆောင်ချက် အားနည်းလေ့ရှိတဲ့ သွေးတိုးဝေဒနာရှင်တွေကို ပိုမိုထိခိုက်စေတာဖြစ်ပါတယ်။ သွေးတိုးဝေဒနာဟာ နိုင်ငံတကာမှာသာမက မြန်မာပြည်မှာလည်း အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာ့လူဦးရေ ရဲ့ ၃၇% လောက်ဟာ အဆိုပါဝေဒနာ စွဲကပ်နေကြပါတယ်။

    သွေးတိုးဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပေမယ့် အဓိကအားဖြင့်တော့ နှလုံးအဆို့ရှင်ဆီ သွေးပမာဏအများအပြားရောက်ရှိပြီး သွေးလွှတ်ကြောနံရံတွေ ကျဉ်းမြောင်းလာတာကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာဖြစ်ပါတယ်။

    များသောအားဖြင့် သွေးတိုးဝေဒနာရှင်တွေ COVID-19 ရောဂါပိုး ကူးစက်ခံရတဲ့အခါမှာ အောက်ပါ အခြေအနေမျိုးတွေ ဖြစ်နိုင်ပါတယ်။

    • ၁။ သွေးတိုး ပိုမိုပြင်းထန်လာတာ
    • ၂။ COVID-19 ရောဂါလက္ခဏာ ပိုမိုပြင်းထန်လာတာ
    • ၃။ ကူးစက်မှုကနေတဆင့် သေဆုံးသည်အထိ ဖြစ်တာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။

    ဒီလိုဖြစ်ပျက်စေတဲ့ အဓိက အကြောင်းအရင်းကတော့ COVID-19 ဟာ ခန္တာကိုယ်ရဲ့ ကိုယ်တွင်း ကိုယ်ခံအားစနစ်ကို ယိုယွင်းစေတဲ့အထိ တိုက်ခိုက်တာကြောင့် သွေးတိုးအပါအဝင် နာတာရှည် ဝေဒနာခံစားနေရသူတွေဟာ နဂိုဝေဒနာပိုမိုဆိုးရွားလာတာကို ခံစားရသလို ရောဂါပိုးရဲ့ ဒါဏ်ကိုပါ ဆက်လက်ခံစားကြရတာဖြစ်ပါတယ်။

    သွေးတိုးဝေဒနာရှင်တွေအနေနဲ့ ပိုးကူးစက်ခံရချိန်မှာ နှလုံးလုပ်ဆောင်ချက်တွေ အပြင်းအထန် တိုက်ခိုက်ခံရမှာဖြစ်ပြီး ဒီအခြေအနေဟာ အန္တရာယ်များတဲ့ အခြေအနေဖြစ်ပါတယ်။

    သွေးတိုးသမားတွေ ကိုဗစ်ကို ဘယ်လို ရင်ဆိုင်၊ ကာကွယ်မလဲ

    သွေးတိုးဝေဒနာရှင်အများစုဟာ နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် ရောဂါလက္ခဏာတွေကို မမြင်တွေ့ရပဲ ရှိနေနိုင်ပါတယ်။ တစ်ချို့လူတွေဟာ သူတို့မှာ သွေးတိုးရှိနေတယ်ဆိုတာကို လုံးဝမသိကြပါဘူး။ ဒီအချက်ဟာ အလွန် အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပြီး ခုလိုကာလမျိုးမှာ မိမိမှာ သွေးတိုးရှိမရှိနဲ့ သွေးတိုးရှိနေရင်တောင်မှ သွေးပေါင်ချိန် အခြေအနေကို စစ်ဆေးဖို့ လုံးဝလိုအပ်မှာဖြစ်ပါတယ်။

    ဒါ့အပြင် –

    • လိုအပ်တဲ့ ဆေးဝါးတွေကို လုံလောက်စွာ ဖြည့်တင်းထားဖို့ လိုအပ်ပါတယ်။
    • နှလုံးနဲ့ သွေးတိုးအတွက်သာမက အဖျားဝေဒနာနဲ့ တုပ်ကွေးဝေဒနာလို တခြားရောဂါတွေအတွက် လိုအပ်နိုင်တဲ့ ဆေးဝါးတွေကိုပါ ကြိုတင် ဖြည့်ဆည်းထားဖို့ လိုအပ်ပါတယ်။
    • ဆေးဝါးမှီဝဲမှုကို ပြတ်တောက်မှုမရှိစေပဲ ပုံမှန် မှီဝဲနေဖို့လည်း ဂရုစိုက်ရပါမယ်။
    • နေအိမ်မှာပဲ နေထိုင်ပြီး အပြင်သွားတာလာတာမျိုး၊ တခြားလူပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ဆက်ဆံတာမျိုးကို တတ်နိုင်သမျှ (ဖြစ်နိုင်ရင် လုံးဝ) ရှောင်ကျဉ်ပါ။
    • မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင် လူစု လူဝေးကို ရှောင်ကျဉ်ပါ၊ အထူးသဖြင့် ဖျားနာနေတယ်လို့ သံသယရှိသူတိုင်းကို ရှောင်ကျဉ်ပါ။
    • လက်ကို ရေနွေး၊ ဆပ်ပြာတွေနဲ့ ပုံမှန် ဆေးကြောသန့်စင်ပါ။
    • ဖြစ်နိုင်ရင် တစ်စုံတစ်ခုကို ကိုင်တွယ်မယ်ဆိုရင် တစ်ခါသုံးလက်အိတ် သုံးပါ။
    • ဖုန်း၊ တံခါးလက်ကိုင်ဘု၊ ဓာတ်လှေကား ခလုတ်အပါအဝင် ဘယ်လိုမျက်နှာပြင်မျိုးကိုမဆို သန့်စင်အောင် မကြာခန သန့်ရှင်းပေးပါ။

    ဒီအချက်တွေကို သေချာရုစိုက်မယ်ဆိုရင် Covid-19 ဝေဒနာ မကူးစက်အောင် ကောင်းမွန်စွာ ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်မှာချင်တာက တကယ်လို့ ကိုယ့်မှာ သွေးတိုးဝေဒနာရှိနေတယ်ဆိုရင် အကြောက်လွန်တာမျိုး မဖြစ်နေဖို့နဲ့ လိုအပ်တဲ့ ဂရုစိုက်မှုတွေ၊ ရောဂါကာကွယ်ရေး အစီအမံတွေကိုလိုက်နာဖို့ပါပဲ။

    ဒီလိုသာ လိုက်နာမယ်ဆိုရင် ရောဂါပိုးကို ကြောက်နေစရာမလိုပဲ စိတ်အေးချမ်းသာစွာနဲ့ နေထိုင်လို့ရတယ်ဆိုတာကိုလည်း နားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

    [covid_19]

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement