backup og meta

အဆုတ်ကင်ဆာလက္ခဏာ ၉ ချက်


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆုတ်ကင်ဆာလက္ခဏာ ၉ ချက်

    အဆုတ်ကင်ဆာဟာ တိတ်ဆိတ်ပြီး သေစေနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ သူဟာ ကင်ဆာများအနက် သေနှုန်းအမြင့်မားဆုံး ကင်ဆာတစ်ခုဖြစ်ပြီး WHO က အဆုတ်ကင်ဆာကြောင့် ၂၀၁၂ မှာ လူပေါင်း ၁.၅၉ သန်း သေခဲ့တယ်လို့ ပြောကြားပါတယ်။

    ဒီလိုသေနှုန်းမြင့်မားရခြင်းရဲ့ အကြောင်းရင်းတစ်ခုကတော့ အဆုတ်ကင်ဆာ အစောပိုင်းအဆင့်တွေမှာ လက္ခဏာ မပြခြင်းကြောင့် ဖြစ်ပါတယ်။ အဆုတ်ကင်ဆာ ရှိသူတွေရဲ့ ၄၀%မှာ ရောဂါဆိုးရွားလာမှ ရောဂါဖြစ်မှန်း သိရှိကြပါတယ်။ သိရှိသူတွေရဲ့ သုံးပုံတစ်ပုံမှာ ကင်ဆာဟာ အဆင့် ၃ ရှိနေပြီး ဖြစ်ပါတယ်။

    အောက်ပါ လက္ခဏာတွေကတော့ အဆုတ်ကင်ဆာရဲ့ အဖြစ်များတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

    ကုသလို့ မပျောက်ကင်းနိုင်တဲ့ ချောင်းဆိုးခြင်း

    ချောင်းဆိုးခြင်းဟာ အဖြစ်များပါတယ်။ အအေးမိခြင်း၊ အစာနင်ခြင်းတို့ကြောင့်လည်း ချောင်းဆိုးနိုင်ပါတယ်။ ဒါပေမယ့် တကယ်လို့ အအေးမိခြင်း ပျောက်သွားပြီး (သို့) ဆေးသောက်ပြီး ချိန်အထိ ချောင်းဆိုးခြင်းက မကောင်းသွားဘူးဆိုရင် သင့်ဆရာဝန်ကို အဆုတ် နားထောင်ခြင်း (သို့) X-ray ရိုက်ခြင်းတွေ ပြုလုပ်နိုင်ဖို့ ပြသသင့်ပါတယ်။

    ချောင်းဆိုးပုံ ပြောင်းလဲခြင်းကို သတိထားမိနိုင်ပါတယ်။

    နာတာရှည်ချောင်းဆိုးခြင်းဟာ အခြားရောဂါတွေဖြစ်တဲ့ GERD၊ ပန်းနာရင်ကျပ်နဲ့ hay fever တို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချောင်းဆိုးပုံ ပြောင်းလဲခြင်း (ဥပမာ ချောင်းခြောက်ဆိုးရာကနေ ချွဲတွေ၊ သွေးတွေ ပါတဲ့ ချောင်းဆိုးခြင်း) ဖြစ်မယ်ဆိုရင်တော့ ဆရာဝန်ကို ပြသသင့်ပါတယ်။

    ပုံမှန်အလုပ်တွေလုပ်ပြီးရင် မောနေခြင်း

    တကယ်လို့ မကြာခဏ မောနေခြင်း (သို့) အသက်ရှူစဉ် အသံမြည်ခြင်း ဖြစ်မယ်ဆိုရင် ဒါဟာ အဆုတ်ရောဂါ လက္ခဏာ တစ်ခု ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ အသက်ရှူလမ်းကြောင်းကို အကျိတ်နဲ့ ပိတ်ဆို့ခြင်း (သို့) အဆုတ်ပတ်ပတ်လည်က အရည်တွေများလာခြင်းကြောင့် အဆုတ်မှာ ဖိအားများနိုင်ပါတယ်။

    မောခြင်းဟာ ပုံမှန်လူတွေမှာလည်း ဖြစ်နိုင်တာကြောင့် ဒါကို သတိမမူမိတတ်ပါဘူး။ ဒါပေမယ့် ပုံမှန်အလုပ်တွေဖြစ်တဲ့ လှေကားတက်ခြင်း၊ အရင်တုံးက လုပ်ဖူးတဲ့ အလုပ်တွေ လုပ်ချိန်မှာ အသက်ရှူဖို့ ခက်ခဲလောက်အောင် မောတယ်ဆိုရင် ဆရာဝန်ကို ပြသသင့်ပါတယ်။

    ရင်ဘတ်အောင့်ခြင်း

    အဆုတ်ကင်ဆာဟာ အဆုတ်ရဲ့ အလယ်ပိုင်းမှာ ဖြစ်ရင် နာကျင်မှု မဖြစ်စေပဲ အထူးသဖြင့် အဆုတ် အပြင်ပိုင်း မှာ ဖြစ်တဲ့ အဆုတ်ကင်ဆာတွေက ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဆုတ်ကင်ဆာဟာ ရင်ဘတ်အောင့်ခြင်း၊ ပုခုံးအောင့်ခြင်း၊ ကျောအောင့်ခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

    အဆုတ်ကင်ဆာဟာ ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေနိုင်သလို ပြန်ရည်ကျိတ်ကြီးမားခြင်း၊ ရင်ဘတ်နံရံ၊ အဆုတ်မြှေးနဲ့ နံရိုးတွေကို ကင်ဆာ ပြန့်သွားခြင်းကြောင့် နေလို့မကောင်းခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။

    အသံပြောင်းလဲခြင်း

    သင့်အသံဟာ အအေးမိခြင်း၊ အိပ်ရာ ထထချင်းတွေမှာ ပြောင်းလဲမှု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင့်အသံပြောင်းလဲခြင်း၊ အခြားသူတွေက သင့်အသံပြောင်းတယ် ပြောခြင်းတွေ ဖြစ်ပြီး အသံက ပိုမို အက်ကွဲစူးရှလာရင် ဆရာဝန်ကို ပြသသင့်ပါတယ်။

    တကယ်လို့ အသံအက်ကွဲခြင်းက နှစ်ပတ်အတွင်း ဆေးနဲ့ မသက်သာရင်လည်း ဆရာဝန်ကို ပြသသင့်ပါတယ်။ အဆုတ်ကင်ဆာဟာ အသံအိုးကို ထိပြီး အသံပြောင်းတာမျိုး ဖြစ်နိုင်ပါတယ်။

    ကိုယ်အလေးချိန်ကျဆင်းခြင်း

    ကိုယ်အလေးချိန် အလျင်အမြန်ကျဆင်းခြင်းဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ အဆုတ်ကင်ဆာ ရှိသူတွေဟာ အချိန်အနည်းငယ်အတွင်းမှာ ကိုယ်အလေးချိန်ကျဆင်းနိုင်ပါတယ်။

    ဒါဟာ ကင်ဆာဆဲလ်တွေက အားအင်တွေ၊ အာဟာရတွေကို အသုံးပြုနေတာကြောင့် ဖြစ်ပါတယ်။ သင်ကိုယ်အလေးချိန် လျှော့ချမှု မရှိပဲ ကိုယ်အလေးချိန်ပြောင်းလဲမှုဖြစ်လာရင် လျစ်လျူမရှုသင့်ပါဘူး။ ဒါဟာ သင့်ကျန်းမာရေး ပြောင်းလဲမှုရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

    နာကျင်မှု

    အဆုတ်ကင်ဆာ ဆိုးရွားတဲ့အဆင့်ဟာ အရိုးနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ အရိုးကင်ဆာ ရှိသူ အများစုဟာ အသက်ကြီးလာတဲ့အခါ အရိုးပျက်စီးခြင်း ဖြစ်နိုင်ပါတယ်။ အဆုတ်ကင်ဆာကြောင့် ဖြစ်တဲ့ အရိုးနာကျင်မှုဟာ အဓိကအားဖြင့် နောက်ကျော၊ ပုခုံး၊ လက်မောင်း၊ လည်ပင်း အစရှိတဲ့နေရာတွေမှာ ဖြစ်နိုင်ပါတယ်။

    အဆုတ်ကင်ဆာ လူနာတွေမှာ ဖြစ်တဲ့ နာကျင်မှုဟာ အနားယူစဉ်နဲ့ ညအချိန်မှာ ပိုဆိုးနိုင်ပါတယ်။ နာကျင်မှုဟာလည်း ဘယ်တော့မှ ကောင်းသော လက္ခဏာ မဖြစ်နိုင်တာကြောင့် လျစ်လျူမရှုသင့်ပဲ တတ်နိုင်သမျှ စောစော စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။

    အဆုတ်ကင်ဆာကြောင့် ဖြစ်တဲ့ အဆိုးဆုံးနာကျင်မှုကတော့ ခေါင်းကိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကတော့ ကင်ဆာ ဦးနှောက်ကို ပြန့်သွားတာကြောင့် ဖြစ်နိုင်ပါတယ်။ အချို့အခြေအနေတွေမှာ အကျိတ်ဟာ ရင်ဘတ်ကို ဖြတ်သွားတဲ့ အာရုံကြောတွေကို ဖိမိခြင်းကြောင့် ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဖိအားဟာလည်း ခေါင်းကိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

    အခြားလက္ခဏာတွေကတော့ အဖျားတက်ခြင်း၊ အလွန်ပင်ပန်းခြင်း၊ အစားစားရ ခက်ခဲခြင်း၊ မျိုချရခက်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်ခန္ဓါမှာ အကျိတ်တွေ့ခြင်း တွေပဲ ဖြစ်ပါတယ်။

    အထူးသဖြင့် သင်ဟာ ဆေးလိပ်သောက်သူ ဖြစ်ပြီး အသက် ၅၅ ကနေ ၇၉ နှစ်အတွင်း ရှိသူဆိုရင် ကိုယ်ခန္ဓါ မူမမှန်မှုတွေကို သိရှိဖို့ စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။ စောစီးစွာ သိရှိခြင်းဟာ အဆုတ်ရောဂါကုသမှုမှာ တိုးတက်မှုတွေကို ဆောင်ယူလာနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement