backup og meta

သိထားသင့်သည့် ဆီးကျိတ်ကင်ဆာ ၏ အစောပိုင်းလက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 23/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သိထားသင့်သည့် ဆီးကျိတ်ကင်ဆာ ၏ အစောပိုင်းလက္ခဏာများ

    ဆီးကျိတ်ကင်ဆာ (Prostate Cancer) ဆိုတာဟာ အမျိုးသားတွေမှာ အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပြီးတော့ စောလျှင်စွာ သိရှိနိုင်မယ်ဆိုရင် သက်သာပျောက်ကင်းအောင် ကုသလို့ရတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ရောဂါရဲ့ အစောပိုင်းလက္ခဏာတွေကို သိရှိမယ်ဆိုရင် ရောဂါကို ကောင်းကောင်းကုစားနိုင်မှာပေါ့။

    ဆီးကျိတ်ကင်ဆာဟာ ခုနောက်ပိုင်းကာလတွေမှာ အဖြစ်များလာတဲ့ ကင်ဆာရောဂါတစ်မျိုးဖြစ်ပြီး အသက် ၆၀ အထက်လူကြီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက် ၆၀ အထက်အမျိုးသားတွေမှာဖြစ်နိုင်ခြေ ၆၀% ရှိပြီးတော့ အသက် ၄၀ အောက်အရွယ် အမျိုးသားတွေမှာတော့ ဖြစ်နိုင်ခြေ အလွန်နည်းပါးပါတယ်။

    စစ်ဆေးစမ်းသပ်မှုတွေကို ပုံမှန်ပြုလုပ်သွားမယ်ဆိုရင် (မဆိုးရွားတဲ့) ဆီးကျိတ်ကင်ဆာဝေဒနာရှင်တွေအနေနဲ့ နှစ်ပေါင်းအတော်ကြာပြီးမှ ကုသမှုတွေကို စတင်ခံယူလို့လည်း ရနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဒီရောဂါကြောင့် တစ်နှစ်ကို လူ ၁၁၀၀၀ လောက် အသက်ဆုံးပါးနေတာကို မေ့ထားလို့မဖြစ်ပြန်ပါဘူး။ ဒါကြောင့်လည်း အဓိကအကျဆုံးက ကိုယ့်မှာ ဒီရောဂါရှိနေမနေ ကြိုတင်သိရှိနိုင်ဖို့နဲ့ စောလျှင်စွာကုသနိုင်ဖို့လို့ ဆိုရတာပါ။

    ဒါကြောင့် ဆီးကျိတ်ကင်ဆာရဲ့ ကနဦး လက္ခဏာတချို့အကြောင်းကို ပြောချင်ပါတယ်။ ဒီလက္ခဏာတွေကို သိထားမယ်ဆိုရင် ကြိုတင်ကာကွယ်ကုသမှုတွေ ပြုလုပ်ဖို့ အထောက်အကူဖြစ်စေမှာမို့ပါပဲ။

    ဆီးကျိတ်ကင်ဆာ လက္ခဏာများ

    ဆီးကျိတ်ကင်ဆာဟာ ကုသလို့ရနိုင်တဲ့ကင်ဆာအမျိုးအစားဖြစ်သလို အသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါလည်းဖြစ်ပါတယ်။ ဒီဝေဒနာကိုခံစားရတဲ့ အမျိုးသား အများစုဟာ ၅ နှစ် ဝန်းကျင်ကြာ ဒါမှမဟုတ် ၅ နှစ်နဲ့အထက်အထိ အသက်ရှင်သန်နိုင်ချေရှိပါတယ်။ ဆိုလိုတာက 5 -year survival rate ကောင်းတဲ့ထဲမှာ ပါပါတယ်။ ရှင်နှုန်းများတဲ့ ကင်ဆာပေါ့။ ဒီထဲကမှ ၃ ပုံ ၁ ပုံ လောက်ကတော့ ပိုပြီးဆိုးရွားတဲ့ ပြင်းထန်ဆီးကျိတ်ကင်ဆာရောဂါကို ခံစားရတတ်ပါတယ်။

    ဆီးကျိတ်ကင်ဆာဝေဒနာ ခံစားနေရသူတွေဟာ ကနဦးလက္ခဏာတွေအဖြစ် အောက်ပါ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။

    ၁။ ဆီးသွားရာတွင် ပုံမှန်မဟုတ်ခြင်း

    များအားဖြင့် ဆီးကျိတ်ကင်ဆာဝေဒနာသည်အများစုမှာ ကနဦးလက္ခဏာတွေမပြသတတ်ပါဘူး။ ဒါပေမယ့် လေ့လာချက်အသစ်တွေအရဆိုရင်တော့ လူအတော်များများက ကနဦးလက္ခဏာတွေကို သေချာသတိမထားမိကြလို့ မသိတာလို့ဆိုပါတယ်။

  • ဆီးသွားတဲ့အခါ ပူတာ၊ နာကျင်တာ၊
  • ဆီးသွားဖို့ခက်တာ၊ ဆီးစသွားချိန်နဲ့ ဆီးသွားပြီးချိန်တွေမှာ အခက်ကြုံတတ်တာ၊
  • ညဘက်တွေမှာ ဆီးမကြာခဏသွားတာ
  • ဆီးအိမ်ကို ထိန်းချုပ်ရခက်ခဲလာတာ
  • ဆီးကျန်တာ
  • ဆီးရည် ပမာဏ ဒါမှမဟုတ် ထွက်တဲ့နှုန်း လျော့နည်းလာတာတွေကလည်း ဒီရောဂါရဲ့ လက္ခဏာတွေဖြစ်ပါတယ်။
  • ၂။ သုက်လွှတ်ရာတွင် နာကျင်ခြင်း

    လိင်ဆက်ဆံပြီးချိန် သုက်လွှတ်ရာမှာ နာကျင်နေတာ၊ သုက်ထဲမှာ သွေးပါနေတာတွေကလည်း ဆီးကျိတ်ကင်ဆာရဲ့ ကနဦးလက္ခဏာတစ်မျိုးပါပဲ။ ၂၄ နာရီလောက်ကြာတဲ့အထိ နာကျင်နေမယ်ဆိုရင်တော့ ဆီးကျိတ်ကင်ဆာများလားဆိုတာ စစ်ဆေးသင့်ပါပြီ။

    ၃။ ပုံမှန်မဟုတ်ပဲ ဝိတ်အလွန်ကျသွားခြင်း

    ဆီးကျိတ်ကင်ဆာကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အဝလွန်ခြင်းက အချက်တစ်ချက်အဖြစ်ပါဝင်နေပါတယ်။ ဒါပေမယ့် ရောဂါစဖြစ်လို့ လက္ခဏာစပြချိန်မှာတော့ မူမမှန်စွာကျဆင်းသွားတတ်ပါတယ်။ ဒီအချက်ဟာ ကင်ဆာရောဂါ အများအပြားရဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်ပါတယ်။

    ၃။ ဆီးထဲမှာ သွေးပါခြင်း

    ပုံမှန်ဆီးသွားချိန်မှာ နာကျင်ရုံသာမက သွေးစတွေပါဝင်နေတယ်ဆိုရင်လည်း ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာဖြစ်ဖို့ ဖြစ်နိုင်ခြေအလွန်များပါတယ်။ ဒီလက္ခဏာကိုပြသပြီဆိုရင် ကနဦးအခြေအနေသာမက အရေးပါတဲ့အဆင့်ကိုရောက်နေပြီလို့ သတိပေးတာလည်း ဖြစ်နိုင်ပါတယ်ဆိုတာ မမေ့ပါနဲ့။

    ၅။ နောက်ကျော၊ တင်ပါးနဲ့ တင်းပါးဆုံနာကျင်ခြင်း

    ဆီးကျိတ်ကင်ဆာဟာ အရိုးအထိပျံ့နှံ့နိုင်ပါတယ်။ ဒါကြောင့် တချို့သောအခြေအနေတွေမှာ နောက်ကျော၊ တင်ပါးနဲ့ တင်ပါးဆုံရိုးအထိ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုနာကျင်မှုမျိုးတွေက တခြားသော အရိုးအဆစ်ဝေဒနာတွေကြောင့်လည်းဖြစ်နိုင်တာမို့ သေချာအောင် ဆန်းစစ် စစ်ဆေးသင့်ပါတယ်။

    ဆီးကျိတ်ကင်ဆာဟာ ပြင်းထန်သလို ထူးခြားတဲ့ ရောဂါတစ်ခုဖြစ်ပြီးတော့ ကိုယ်အလေးချိန်မြင့်မားမှုကြောင့်ကလွဲပြီး ဒီဝေဒနာ စွဲကပ်စေရတဲ့ တခြား သိသာထင်ရှားတဲ့ အကြောင်းအရင်းတွေကို ရှာဖွေမတွေ့ရှိသေးပါဘူး။ ဆီးကျိတ်မှာရှိတဲ့ ဆဲလ်တွေ ပုံမှန်မဟုတ်ပဲ လုပ်ဆောင်ချက် လွဲချော်တာကြောင့် ဒီကင်ဆာဝေဒနာဖြစ်ပေါ်လာတာလို့သာ လတ်တလောမှာ သိရှိထားကြပါသေးတယ်။

    ရောဂါကို ရှောင်ရှားနိုင်ဖို့ ဆိုရင်

    ဆီးကျိတ်ကင်ဆာ ရောဂါကို ရှောင်ရှားနိုင်ဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။ နေ့စဉ် အဆီပမာဏများပြားစွာ မှီဝဲသူတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ ပိုမိုမြင့်မားပါတယ်။

    • အစားအသောက်စားသုံးရာမှာ Diet ဆန်စွာ မှီဝဲစွားသုံးတာ၊
    • Low-fat အစားအစာတွေကို ဦးစားပေးရွေးချယ်မှီဝဲတာ၊
    • နေ့စဉ် ဟင်းသီးဟင်းရွက်တွေကို ဦးစားပေးစားသောက်တာ၊
    • နို့ထွက်ပစ္စည်း စားသောက်မှု ပမာဏကို လျှော့ချတာ၊
    • ကိုယ်အလေးချိန်ကို မပြတ်အကဲခတ်တာ၊
    • BMI ၃၀ ဒါမှမဟုတ် ၃၀ နဲ့အထက်အထိ မရောက်ရှိအောင် သတိထားနေထိုင်တာ၊
    • တစ်နေ့ကို မိနစ် ၃၀ ဝန်းကျင်လောက် နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းပြုတာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။

    ဒီလိုအလေ့အထတွေကို ပုံမှန်ထားရှိကျင့်သုံးသွားမယ်ဆိုရင် ဆီးကျိတ်ကင်ဆာဝေဒနာ စွဲကပ်နိုင်ချေကို သိသိသာသာလျှော့ချပေးနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 23/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement