backup og meta

ငရုတ်သီးမှုန့် နဲ့ အသည်းကင်ဆာအန္တရာယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ငရုတ်သီးမှုန့် နဲ့ အသည်းကင်ဆာအန္တရာယ်

    ငရုတ်သီးမှုန့် မှာ ပါတဲ့ Aflatoxin အဖလာတောက်စင်ဆိုတဲ့ မှိုက အသည်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ငရုတ်သီးမှုန့်ကို ပုံစံမျိုးစုံနဲ့ နှစ်နှစ်ခြိုက်ခြိုက် စားတတ်ကြတဲ့  မြန်မာနိုင်ငံက လူတွေအနေနဲ့ ပိုပြီး သတိထားသင့်ပါတယ်။

    ငရုတ်သီးမှုန့် မှာပါတဲ့ အဖလာတောက်စင်ဆိုတာ

    အဖလာတောက်စင်ဆိုတာ မှိုတစ်မျိုးဖြစ်ပြီး A. flavus  နဲ့  A.parasiticus ဆိုတဲ့ မှိုမျိုးကွဲနှစ်မျိုးမှာ အဓိက တွေ့ရပါတယ်။ သဘာဝအတိုင်း တွေ့ရတဲ့ အဖလာတောက်စင် ၁၄မျိုးရှိပြီး B1, B2, G1, G2 ကတော့ အတွေ့ရအများဆုံးပါ။ B1ကတော့ ၄မျိုးထဲမှာ အဆိုးဆုံးပါပဲ။

    တစ်ထိုင်တည်း အများကြီးကိုယ်ထဲဝင်သွားရင် မှိုဆိပ်သင့်ပြီး အသက်သေနိုင်လောက်တဲ့အထိ ဖြစ်သွားနိုင်သလို နည်းနည်းနဲ့ ခဏခဏ စားမိနေမယ်ဆိုရင်လည်း

  • အသည်းကင်ဆာ
  • ကလေးတွေမှာ မွေးရာပါ ချို့ယွင်းချက်ပါတာ
  • ကလေး ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးတာ
  • ခုခံအားကျတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။
  • အဖလာတောက်စင်ကို ဘယ်ကနေ စားမိတာလဲ။

    အများဆုံးတွေ့ရတာကတော့ ငရုတ်သီး၊ ပဲ၊ ပြောင်း၊ ဝါ၊ ဆန် စတာတွေမှာ တွေ့ရတတ်ပါတယ်။ အဖလာတောက်စင်အတွေ့ရများတဲ့ နိုင်ငံတွေမှာဆိုရင် B1ကနေ ပြိုကွဲပြီး ထွက်လာတဲ့ M1ကို နို့ထဲမှာတောင် တွေ့ရတယ်လို့ ဆိုပါတယ်။

    မှိုဖြစ်တဲ့အတွက် ပူနွေးစိုစွတ်တဲ့ နေရာမှာ ပေါက်လွယ်ပါတယ်။ ဒါကြောင့် အဖလာတောက်စင်ကို အာရှနဲ့ အာဖရိကမှာ ပိုတွေ့ရတတ်ပါတယ်။ အသီးအနှံတွေကို မရိတ်သိမ်းမီနဲ့ ရိတ်သိမ်းပြီး အချိန်မှာ သိမ်းဆည်းသိုလှောင်ပုံ မတတ်ရင် မှိုစွဲနိုင်ပါတယ်။ ဒါကို လျစ်လျူရှုပြီး ဆက်ရောင်းနေမယ်ဆိုရင်တော့ မှိုစွဲတဲ့ အစားအစာတွေကို စားသုံးသူတွေက မသိဘဲ စားနေမိမှာပါ။ WHOထုတ်ပြန်ချက်အရ အဖလာတောက်စင်ကြောင့် နှစ်စဉ် ၂၅ရာခိုင်နှုန်းသော သီးနှံတွေကို အလဟဿ ဖျက်စီးပစ်ရပါတယ်တဲ့။

    မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ ငရုတ်သီးမှုန့်ကို သတိထားစေချင်ပါတယ်။ တခြားအာရှနိုင်ငံတွေလိုပဲ ပူနွေးစိုစွတ်တဲ့ ရာသီဥတုရှိတဲ့အပြင် နေ့စဉ် ဟင်းချက်တဲ့နေရာမှာ ငရုတ်သီးမှုန့်က မပါမဖြစ် ထည့်ချက်နေတဲ့ အတွက်ကြောင့်ပါ။ ဒါ့ပြင် ငရုတ်သီးခြောက်ကို ပုံစံမျိုးစုံနဲ့ (ခွဲကြမ်း၊ လှော်တောင့်၊ အကျက်မှုန့်၊ အစိမ်းမှုန့်) သုံးတတ်ကြတော့ ထိတွေ့မှု ပိုများနိုင်ပါတယ်။

    ငရုတ်သီးမှုန့်နဲ့ အသည်းကင်ဆာ

    ခုနောက်ပိုင်း အမျိုးသမီးတွေပါ အသည်းကင်ဆာဖြစ်လာကြတဲ့အခါ အဖလာတောက်စင်ကြောင့်များလားလို့ စဉ်းစားစရာပါ။ တချို့အမျိုးသမီးတွေက အရက်လည်းမသောက်သလို၊ အသည်းရောင် အသားဝါပိုးလည်း မရှိပါဘူး။ ဖြစ်နိုင်ခြေကို စဉ်းစားကြည့်တဲ့အခါ ဒီငရုတ်သီးမှိုတွေကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။

    အဖလာတောက်စင်ကို  International Agency for Research on Cancerက  Group 1 liver carcinogen (အသည်းကင်ဆာဖြစ်စေနိုင်တဲ့ ထိပ်တန်းဓာတ်ပစ္စည်း)ထဲမှာ ထည့်ထားပါတယ်။ အဖလာတောက်စင်  genotoxic နည်းနဲ့ ကင်ဆာဖြစ်စေတာပါ။ ဆိုလိုတာက မျိုးဗီဇကို ပြောင်းစေနိုင်ပါတယ်။ p53 မှာ မျိုးဗီဇပြောင်းလဲမှုကို ဖြစ်စေလို့ပါ။ ဒါပေမယ့် ဘာလို့ အသည်းကင်ဆာကို ဖြစ်စေတာလဲ။ အဖလာတောက်စင်ကို အသည်းမှာ ဖျက်ဆီးပစ်တဲ့အတွက်ကြောင့်ပါ။

    ငရုတ်သီးမှုန့် မှာ မှိုပါမပါ ဘယ်လိုသိနိုင်မလဲ။

    ငရုတ်သီးမှုန့် အပါအဝင် ကျန်တဲ့ ပြောင်း၊ ပဲ စတာတွေမှာ မှိုပါမပါဆိုတာကို FDAက စစ်ဆေးပြီး မပါမှ ခွင့်ပြုချက်ထုတ်ပေးရမှာပါ။ သာမန်လူတွေကတော့ မှိုပါမပါကို သာမန်မျက်လုံးနဲ့ ကြည့်ဖို့ ခက်ပါတယ်။ အထူးသဖြင့် ကြိတ်ထားပြီးတဲ့ ငရုတ်သီးမှုန့်တွေမှာပေါ့။

    ငရုတ်သီးမှုန့်မှာ မှိုမပါအောင် ဘယ်လိုလုပ်ကြမလဲ။

    တကယ်တော့ ဒါက စားသုံးသူနဲ့ပဲ ဆိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ စိုက်တဲ့သူ၊ ရောင်းတဲ့သူ၊ စစ်တဲ့သူ၊ စားတဲ့သူ အကုန်လုံးမှာ တာဝန်ရှိပါတယ်။

    စိုက်တဲ့သူအနေနဲ့ ငရုတ်သီးအပါအဝင် ပြောင်းတွေ၊ ပဲတွေကို မှိုမတက်အောင် ဘယ်လိုသိမ်းဆည်းထားသိုမလဲ။ မရိတ်ခင်နဲ့ ရိတ်အပြီးမှာ ဘယ်လိုသိုလှောင်မလဲဆိုတာကို သိထားဖို့လိုပါတယ်။ မြန်မာနိုင်ငံလို ပူနွေးစိုစွတ်ပြီး မှိုတက်လွယ်တဲ့ ရာသီဥတုပိုင်ဆိုင်ထားတဲ့နိုင်ငံဆိုရင် နည်းပညာအကူအညီလိုမှာပါ။

    ရောင်းတဲ့သူကလည်း မှိုတက်နေတဲ့ ပစ္စည်းတွေကို မရောင်းဖို့ လိုပါတယ်။ စစ်တဲ့သူကလည်း မှန်မှန်ကန်ကန်စစ်ပေးဖို့ လိုပါတယ်။ မှိုပါနေရင် စျေးကွက်ထဲကနေ ဖယ်ထုတ်ရမှာပါ။

    ဒီအထိက လုပ်ယူဖို့ ခက်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှု၊ ကိုယ်ချင်းစာမှုတွေ မရှိရင် မှိုတက်တာတွေကို စားနေရဦးမှာပါပဲ။ ဒီတော့ နောက်ဆုံးတာဝန်က စားသုံးသူတွေဆီမှာ ရှိလာပါတယ်။

    • စားသုံးသူတွေအနေနဲ့ ငရုတ်သီးခြောက်၊ ပဲ စတာတွေကို မဝယ်ခင်မှာ မှိုတက်နေတာ၊ အရောာင်တွေ ပြောင်းနေလား၊ စိုထိုင်းနေလား စတာတွေကို စစ်ဆေးပါ။
    • တစ်နယ်တည်းမှာ စိုက်တဲ့ ဒါမှမဟုတ် သိပ်မဝေးတဲ့ နေရာက ငရုတ်သီးခြောက်ကို အားပေးပါ။ ဆိုလိုတာက ဝေးလေလေ ကိုယ့်ဆီကို သယ်လာဖို့ လမ်းမှာ ကြာလေလေ မှိုတက်နိုင်ခြေ များလေလေမို့ပါ။ နီးတော့ လတ်လတ်ဆတ်ဆတ် ရပါတယ်။
    • အာမခံနဲ့ ရောင်းတဲ့ ပစ္စည်းတွေကိုပဲ အားပေးပါ။ ခုဆိုရင် ‘ငရုတ်သီးမှို မပါပါ’ ဆိုပြီး တံဆိပ်ကပ် FDAထောက်ခံချက်နဲ့ ရောင်းတာတွေ ရှိလာပါပြီ။ ဒါတွေကို အားပေးပါ။
    • အိမ်ကို ငရုတ်သီးခြောက် ဝယ်လာတဲ့အခါ သေချာ သိမ်းဆည်းပါ။ တချို့က မှိုကြောက်လို့ အခြောက်တောင့်ဝယ်ပြီး ကိုယ်တိုင်အိမ်မှာ ကြိတ်တာမျိုး ရှိပါတယ်။ ဝယ်လာတဲ့ အခြောက်တောင့်ကို မှိုပါမပါ စစ်ပါ။ ပါလာသမျှကို အကုန်ကြိတ်ပါ။ ပိုလို့ သိမ်းတဲ့အခါ အသိမ်းမတတ်ရင် မှိုစွဲနိုင်ပါတယ်။
    • ငရုတ်သီးလျှော့စားပါ။ နေ့စဉ်ငရုတ်သီးဆီသတ်ပြီး ချက်စားမယ့်အစား ရက်ခြားလောက် ငရုတ်သီးမှုန့်မပါဘဲ စားနိုင်အောင် အကျင့်လုပ်ထားပါ။
    • အဖလာတောက်စင်က တော်ရုံ အပူချိန်ကို ခံနိုင်ပါတယ်။ အပူချိန် ၁၆၀လောက်ပေးမှ ပျက်စီးတာပါ။ ဒါတောင် အကုန်မဟုတ်ပါဘူး။ ဒါကြောင့် စကတည်းက မစားမိအောင် ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။

    ကင်ဆာတွေမှာ ၅-၁၀ ရာခိုင်နှုန်းက မျိုးဗီဇကြောင့်ဖြစ်ပြီး ကျန်တဲ့ ၉၀-၉၅ ရာခိုင်နှုန်းက ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံနဲ့ ပတ်ဝန်းကျင်ကြောင့်ပါ။ ငရုတ်သီးမှိုကြောင့် အသည်းကင်ဆာဖြစ်တာကို သင်ကိုယ်တိုင် ကာကွယ်နိုင်ပါတယ်။ မြန်မာနိုင်ငံလို ငရုတ်သီးအစားများတဲ့ နိုင်ငံမှာ လုံးဝမစားဘဲနေဖို့ မဖြစ်နိုင်ပါဘူး။ သေချာစစ်ဆေးပြီး စားမယ်ဆိုရင် အသည်းကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement