backup og meta

ရင်သားကင်ဆာအဆင့်ပေါ်မူတည်၍ ကုသမှုနည်းလမ်းများ

ရင်သားကင်ဆာ အဆင့်ဟာ ကုသမှုကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ရင်သားကင်ဆာ အဆင့်များလေလေ ကုသမှုပိုမို လိုအပ်လေလေပဲဖြစ်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ ရင်သားကင်ဆာ အဆင့်တွေနဲ့ သူတို့ရဲ့ ကုသမှုတွေပဲဖြစ်ပါတယ်။

ရင်သားကင်ဆာအဆင့်ပေါ်မူတည်၍ ကုသမှုနည်းလမ်းများ

အဆင့် ၁ – ရင်သားကင်ဆာ စစဖြစ်ချင်းအဆင့်

အကျိတ်ဟာ သေးငယ်ပြီး အခြားပြန်ရည်ကျိတ်လိုနေရာမျိုးကို ပြန့်သွားခြင်းမရှိသေးပါဘူး။ ရင်သားတစ်ခုလုံးဖြတ်ထုတ်ခြင်းဖြစ်စေ၊ ရင်သားပြန်လည် တည်ဆောက်တဲ့ ခွဲစိတ်မှုဖြစ်စေ လုပ်နိုင်ပါတယ်။ ရင်သားပြန်လည် တည်ဆောက်တဲ့ ခွဲစိတ်မှု ဆိုရင် ခွဲစိတ်ပြီးရင်တော့ ကင်ဆာပြန်ဖြစ်ခြင်းကနေ ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည်နဲ့ ကုသမှုကို လိုအပ်နိုင်ပါတယ်။ ရင်သားဖြတ်ထုတ်ခွဲစိတ်ခြင်းကတော့ ဓါတ်ရောင်ခြည် မလိုအပ်ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ ဓါတ်ရောင်ခြည် လိုအပ်မှုရှိမရှိဆိုတာဟာ ကင်ဆာအမျိုးအစားပေါ် မူတည်ပါတယ်။ ဆေးသွင်းကုသခြင်း (သို့) ဟော်မုန်းကုသခြင်းတွေကိုလည်း ထပ်မံထည့်သွင်းနိုင်ပါတယ်။ ဒါဟာ ကင်ဆာမှာ ဟော်မုန်း လက်ခံဆဲလ် receptor ရှိခြင်း နဲ့ အကျိတ်ရဲ့ အရွယ်အစားပေါ် မူတည်ပါတယ်။

အဆင့် ၂ – ဒီအဆင့်မှာတော့ ကင်ဆာဟာ ပထမအဆင့်ထက် ပိုမိုကြီးမားလာပြီး ပြန်ရည်ကျိတ်တွေကို ပျံ့ကောင်း ပျံ့နှံ့နေနိုင်ပါတယ်။

ခွဲစိတ်ကုသခြင်းနဲ့ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း – နှစ်ခုပေါင်းပြီး ကုသခြင်းကို local therapy လို့ ခေါ်ပါတယ်။ ရင်သားတစ်ခုလုံးဖြတ်ထုတ်ခြင်းဖြစ်စေ၊ ရင်သားပြန်လည် တည်ဆောက်တဲ့ ခွဲစိတ်မှုဖြစ်စေ လုပ်နိုင်ပါတယ်။ ရင်သားပြန်လည် တည်ဆောက်တဲ့ ခွဲစိတ်မှု ဆိုရင် (သို့) ရင်သားတစ်ခုလုံးဖြတ်ထုတ်ပြီး ကင်ဆာဟာ ပြန်ရည်ကျိတ်ထဲမှာ ကျန်နေတယ်ဆိုရင် ခွဲစိတ်ပြီးရင်တော့ ကင်ဆာပြန်ဖြစ်ခြင်းကနေ ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည်နဲ့ ကုသမှုကို လိုအပ်နိုင်ပါတယ်။ သင့်ကို ရောဂါစတင်အမည်တပ်စဉ်က အဆင့် ၂ ဖြစ်ခဲ့ရင် ဆေးသွင်းကုသမှု နဲ့ ဟော်မုန်းကုသမှုတို့ကို မခွဲစိတ်ခင် (သို့) ခွဲစိတ်မှု အပြီးမှာ လိုအပ်နိုင်ပါတယ်။ မခွဲစိတ်ခင် ပေးတဲ့ ကုသမှုတွေကတော့ အကျိတ်ကို သေးသွားစေပြီး ရင်သားပြန်လည်တည်ဆောက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ရင်သားတစ်ခုလုံးဖြတ်ထုတ်မယ်လို့ ဆုံးဖြတ်ပြီးရင်တောင်

ခွဲစိတ်နေစဉ်မှာ ရင်သားကို ပြန်လည်တည်ဆောက်နိုင်ပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဓါတ်ရောင်ခြည် ကုသမှုလိုအပ်နိုင်တာကြောင့် စောင့်ကြည့်သင့်ပါတယ်။

အဆင့် ၃ – ဒီအဆင့်မှာတော့ ကင်ဆာဟာ 5cm ထက် ကြီးလာပြီး နီးစပ်ရာ ပြန်ရည်ကျိတ်တွေကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီအဆင့်ကို ပုံစံနှစ်မျိုးနဲ့ ကုသနိုင်ပါတယ်။

ခွဲစိတ်မှု မပြုခင် အခြားနည်းတွေနဲ့ အရင်ကုသခြင်း (သို့) ခွဲစိတ်ကုသမှုနဲ့ စတင်နိုင်ပါတယ်။

ခွဲစိတ်မှု မပြုခင် အခြားနည်းလမ်းတွေနဲ့ အရင်ကုသခြင်းဟာ ကင်ဆာကို ကျုံ့သွားစေတာကြောင့် ရင်သားပြန်လည်တည်ဆောက်မှုကို ဖြစ်နိုင်စေပါတယ်။ မအောင်မြင်ခဲ့ရင် ရင်သားတစ်ခုလုံးဖြတ်ထုတ်နိုင်ပါတယ်။ ခွဲစိတ်ပြီးရင်တော့ ဓါတ်ရောင်ခြည်ကုသမှု လိုအပ်နိုင်ပါတယ်။

ခွဲစိတ်ကုသမှုအတွက်ကတော့ ကင်ဆာက ကြီးပြီး အခြားနီးစပ်ရာ တစ်ရှူးတွေကို ပြန့်နေပြီဆိုရင် ရင်သားတစ်ခုလုံးဖြတ်ထုတ်ခြင်းကို ပြုလုပ်သင့်ပါတယ်။ ခွဲစိတ်ပြီးရင် ဓါတ်ရောင်ခြည်ကုသမှု၊ ဆေးသွင်းကုသမှု၊ ဟော်မုန်းကုသမှုတို့ကို လိုအပ်ပါသေးတယ်။

ဘယ်ရောဂါ အဆင့်မှာပဲဖြစ်ပါစေ ကုသမှုရဲ့ ရည်ရွယ်ချက်ကတော့ ကင်ဆာဆဲလ်တွေကို တတ်နိုင်သမျှ ဖယ်ရှားပေးပြီး ပြန်ဖြစ်လာခြင်းကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ တခါတလေမှာ ရင်သားပြန်လည်တည်ဆောက်တဲ့ ခွဲစိတ်မှုဟာ ဓါတ်ရောင်ခြည်နဲ့ ကုသပြီးတဲ့ အမျိုးသမီးတွေမှာလည်း ပြုလုပ်နိုင်ပါတယ်။ ကုသနည်းတွေကို အကုန်သိရှိပြီး ဖြစ်ပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အရေးကြီးပါတယ်။ အချိန်ယူစဉ်းစားပြီး ဆုံးဖြတ်ချက်ချသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.cancer.org/cancer/breastcancer/detailedguide/breast-cancer- treating-general- info

Accessed September 15, 2016

“Breast Cancer Treatment”

http://www.webmd.com/breast-cancer/guide/breast- cancer-treatment

Accessed September 22, 2016

“Breast Cancer”

http://www.cancer.org/cancer/breastcancer/detailedguide/breast-cancer- treating-by- stage

Accessed
September 18, 2016

ယခုပုံစံ

16/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရင်သားကင်ဆာခွဲစိတ်မှု ရွေးချယ်စရာနည်းလမ်းများ

ရင်သားကင်ဆာ လက္ခဏာများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/02/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ