brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ရင်သားကင်ဆာနှင့် ကင်ဆာ ဆေးသွင်းကုသမှု

ကင်ဆာ ဆေးသွင်းကုသနည်းဟာ အစောပိုင်းတွေ့ရတဲ့ ရင်သားကင်ဆာတွေမှာ ခွဲစိတ်ကုသအပြီးကျန်ရှိနေနိုင်တဲ့ ကင်ဆာဆဲလ်တွေကို ဖယ်ရှားဖို့အတွက် အသုံးပြုပါတယ်။ ကင်ဆာ ပြန်လည် ဖြစ်ပွားခြင်းကို လျှော့ချပေးပြီး ရောဂါအဆင့်မြင့်တဲ့ ကင်ဆာတွေမှာ ကင်ဆာဆဲလ်တွေကို တတ်နိုင်သလောက် ဖျက်စီးပေးဖို့ အသုံးပြုပါတယ်။ ကင်ဆာဆေးသွင်းကုသခြင်းကို မခွဲစိတ်ခင်မှာ အကျိတ်ကျုံ့သွားဖို့အတွက်လည်း အသုံးပြုပါတယ်။

ရင်သားကင်ဆာနှင့် ကင်ဆာ ဆေးသွင်းကုသမှု

ကင်ဆာဆေးသွင်းကုသခြင်းကို အသုံးပြုရမယ့် အခြေအနေများစွာ ရှိပါတယ်။

ခွဲစိတ်ကုသအပြီး (adjuvant chemotherapy)

ခွဲစိတ်ကုသခြင်းဟာ မြင်နိုင်တဲ့ ကင်ဆာကို ဖယ်ထုတ်ဖို့ အတွက် အသုံးပြုပြီး ခွဲစိတ်ပြီးနောက်ပိုင်းကုသတဲ့ ကုသနည်းတွေကတော့ ကိုယ်ခန္ဓါအတွင်းမှာ ကျန်းနေနိုင်တဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ (သို့) imaging test တွေနဲ့ မတွေ့နိုင်တဲ့ ကင်ဆာ အကြွင်းအကျန်တွေကို ဖယ်ထုတ်ဖို့ အသုံးပြုပါတယ်။ ဒီဆဲလ်တွေဟာ ကိုယ်ခန္ဓါအတွင်းက အခြားနေရာတွေမှာ ကင်ဆာ ဖြစ်ပွားစေနိုင်ပါတယ်။ ရင်သားကင်ဆာပြန်ဖြစ်နှုန်းကို breast-conserving surgery အပြီး ကုသနည်းတွေ (သို့) ရင်သားတစ်ခုလုံး ဖြတ်ထုတ်ခြင်းနဲ့ လျှော့ချနိုင်ပါတယ်။ ဓါတ်ရောင်ခြည်နဲ့ ကုသနည်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ပစ်မှတ်ထားကုသခြင်းနဲ့ ဟော်မုန်းကုသခြင်း တွေကို adjuvant ကုသနည်းတွေအဖြစ် အသုံးပြုနိုင်ပါတယ်။ အစောပိုင်းရင်သားကင်ဆာ လူနာတွေမှာ ကင်ဆာဆေးသွင်းကုသခြင်းကို ခွဲစိတ်ကုသမှု အပြီး ဒါပေမယ့် ဓါတ်ရောင်ခြည်ကုသမှု မခံယူခင်မှာ ပေးလေ့ရှိပါတယ်။

ခွဲစိတ်ကုသမှု မလုပ်ခင် (neoadjuvant chemotherapy)

Neoadjuvant chemotherapy ဟာလည်း adjuvant chemotherapy လိုပါပဲ။ ဒါပေမယ့် ခွဲစိတ်မှု မပြုခင်မှာ ကင်ဆာဆေးသွင်းကုသခြင်းကို ပြုလုပ်ရမှာဖြစ်ပါတယ်။ ရင်သားတစ်ခုလုံး ဖြတ်ထုတ်ဖို့လိုအပ်တဲ့ အကျိတ်ကြီးတဲ့ အမျိုးသမီးတွေမှာ ကင်ဆာဆေးသွင်းကုသခြင်းဟာ အကျိတ်ကို ကျုံ့သွားစေတာကြောင့် ရင်သားတစ်ခုလုံး ဖြတ်ထုတ်ဖို့ မလိုအပ်တော့ပဲ lumpectomy လုပ်နိုင်ပါတယ်။ ကင်ဆာပြန်ဖြစ်ခြင်းနဲ့ အသက်ရှင်နှုန်းတွေနဲ့ ပတ်သက်ပြီး ကင်ဆာဆေးသွင်းကုသခြင်းဟာ ခွဲစိတ်ကုသမှု မပြုလုပ်ခင် (သို့) ပြုလုပ်ပြီးမှာ ကွာခြားမှုတွေ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ခွဲစိတ်မှုမပြုလုပ်ခင် ကင်ဆာဆေးသွင်းကုသခြင်းကတော့ အကျိုးကျေးဇူးနှစ်ခု ရှိပါတယ်။ ပထမဦးစွာ ကင်ဆာဆေးသွင်းကုသခြင်းဟာ အကျိတ်ကို ကျုံ့သွားစေတာကြောင့် ခွဲစိတ်မှုမှာ အများကြီး ဖယ်ထုတ်ဖို့ မလိုအပ်ပါဘူး။ ဒါကြောင့် neoadjuvant chemo ကို ရောဂါအမည်တပ်ချိန်မှာ ခွဲစိတ်ဖို့ ကြီးလွန်းတဲ့ အကျိတ်တွေ အတွက် အသုံးပြုပါတယ်။ ပြီးတော့ အကျိတ်မဖယ်ထုတ်ခင်မှာ ဆေးသွင်းခြင်းအားဖြင့် ကင်ဆာက ဘယ်လို တုန့်ပြန်လဲဆိုတာပါ ဆရာဝန်တွေက တွေ့ရှိနိုင်ပါတယ်။ ဆေးတွေက ကင်ဆာကို မကျုံ့စေနိုင်ဘူးဆိုရင် ဘယ်ဆေးကို လိုအပ်တယ်ဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။

ရောဂါအဆင့်မြင့်တဲ့ ကင်ဆာတွေအတွက်

အချို့လူတွေမှာ ကင်ဆာဟာ ရင်သားနဲ့ လက်မောင်းအောက် နေရာတွေကို ကျော်ပြီးပြန့်သွားခဲ့မယ်ဆိုရင် ဆေးသွင်းကုသခြင်းဟာ ကင်ဆာဆဲလ်တွေ ရင်သားကနေ အခြားကိုယ်ခန္ဓါ အစိတ်အပိုင်းတွေကို ပြန့်သွားစေခြင်းကနေ ကာကွယ်ပေးပါတယ်။ ဆေးပေးရမယ့်ကာလကတော့ ကင်ဆာဘယ်လောက် ကျုံ့သွားသလဲဆိုတာနဲ့ ဆေးဒဏ် ဘယ်လောက်ခံနိုင်သလဲဆိုတာပေါ် မူတည်ပါတယ်။ ဆေးသွင်းကုသခြင်းဟာ ကင်ဆာနဲ့ ပတ်သက်တဲ့ ရောဂါ လက္ခဏာတွေကို လျော့ကျစေပြီး အသက်ပိုရှည်စေနိုင်ပါတယ်။

သင့်အခြေအနေ၊ အကျိတ်အရွယ်အစား၊ ခံနိုင်ရည်နဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပြီး ကင်ဆာဆေးသွင်းကုသခြင်းလိုအပ်ခြင်း ရှိမရှိဆိုတာကို ဆရာဝန်က ဆုံးဖြတ်ပါလိမ့်မယ်။ ဆရာဝန်ရဲ့ ညွန်ကြားချက်တွေကို အမြဲလိုက်နာပြီး စိတ်ပူမှုတွေ ရှိနေခဲ့ရင် ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။