backup og meta

ယောဂသည် စိုင်ယာတီကာ အကြောနာကို ဘယ်လိုသက်သာစေသလဲ

ယောဂသည် စိုင်ယာတီကာ အကြောနာကို ဘယ်လိုသက်သာစေသလဲ

စိုင်ယာတီကာ အကြောနာ ဆိုသည်မှာ စိုင်ယာတစ် အာရုံကြောတွင် ထိခိုက်ခြင်း (သို့) ဖိမိခြင်းကြောင့် ဖြစ်သော ရောဂါ အခြေအနေတစ်ရပ်ဖြစ်သည်။ (အရပ်ထဲတွင် ပေါင်တန်းခြင်း၊ အကြောညပ်ခြင်းဟုလည်း ခေါ်ကြသည်)။ သင်သည် စိုင်ယာတစ်အာရုံကြောတစ်လျှောက်တွင် နာကျင်ခြင်း (သို့) အခြား ခံစားချက်များကို ခံစားရမည်။

ဥပမာ။ ။ ခြေထောက်နာကျင်ခြင်း၊ ထုံကျဉ်ခြင်း နှင့် အားနည်းခြင်း။ နာကျင်မှုသည် ညဖက် (သို့) အထိုင်အထ၊ ရယ်မောခြင်း ၊ ချောင်းဆိုးခြင်းတို့တွင် ပိုဆိုးသည်။ ယောဂလေ့ကျင့်ခန်းသည် စိုင်ယာတီကာ အကြောနာခြင်းကို သက်သာစေမည့် နည်းလမ်းတစ်ခုဖြစ်သည်။ သို့သော် အချို့ ယောဂ ကျင့်စဉ် အနေအထားသည် အန္တရာယ်ဖြစ်စေနိုင်သည်။

သို့ဖြစ်ပါ၍ စိုင်ယာတီကာ အကြောနာအတွက် ယောဂကျင့်စဉ်၏ အကျိုးကျေးဇူးများကို အပြည့်အဝဖော်ထုတ်နိုင်ဖို့ မှန်ကန်သော ကိုယ်ခန္ဓါ အနေအထားကို သိရှိကျင့်သုံးခြင်းသည် အရေးကြီးသော သော့ချက်ဖြစ်သည်။

အကြောင်းရင်းကို လေ့လာပါ။

အကြောနာဖြစ်စေသော အကြောင်းရင်းကို လေ့လာရှာဖွေသည့်အပြင် ယောဂကျင့်စဉ်ကိုလည်း နေ့စဉ် ပြုလုပ်သင့်ပါသည်။ ထိုလက္ခဏာသည် ကျောရိုး အဆစ်ကျွံခြင်း ၊ piriformis ကြွက်သားရောဂါစု၊ တင်ပါးဆုံထိခိုက်ဒဏ်ရာရခြင်း (သို့) ကင်ဆာကျိတ် များကြောင့် ဖြစ်နိုင်ပြီး မည်သည့်အကြောင်းရင်းကြောင့် ဖြစ်သလဲဆိုတာကို အရင်ဆုံး ရှာဖွေဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။

ကုသမှုအတွက် ယောဂကျင့်စဉ်ကို လေ့ကျင့်ရန် သင့်ဆရာဝန်နဲ့တိုင်ပင်ပါ။ ထို့နောက် သင်ဖြစ်သော ရောဂါအကြောင်းရင်းကို ဦးတည်သည့် သင့်တော်သော ယောဂအစီအစဉ်အတွက် ယောဂကျင့်စဉ်ဆရာနှင့် လေ့ကျင့်ပါ။

ကိုယ်နေဟန်ထား လေ့ကျင့်ခန်း

အကယ်၍ သင်ခံစားနေရသော စိုင်ယာတီကာ အကြောနာသည် ကျောရိုးအဆစ်ပြား ကျွံခြင်းကြောင့် ဖြစ်သည်ဆိုလျှင် သင့် ကိုယ်နေဟန်ထားကို အဓိက ဦးတည်သော ကျင့်စဉ်ကို လေ့ကျင့်ခြင်းသည် အကူအညီဖြစ်ပါလိမ့်မည်။

သင့် ကိုယ်နေဟန်ထားကို တိုးတက်ကောင်းမွန်စေသော အခြေခံ ကျင့်စဉ်တစ်မျိုးမှာ ‘တောင်ကုန်း ကျင့်စဉ်’ ဟုခေါ်သော အနေအထားဖြစ်သည်။ ထိုအနေအထားတွင် လူသည် မတ်မတ်ရပ်နေပြီး လက်မောင်းနှစ်ဖက်ကို ဘေးနှစ်ဖက်တွင် ဆန့်တန်းနေအောင် ချထားကာ မျက်နှာကို မျက်နာကြက်သို့ မော့ထားရမည်။ ခြေဖဝါးနှစ်ဖက်ကို ကြမ်းပြင်နှင့် ထိကပ်ထားရမည်။ ခန္ဓါကိုယ် ဖြောင့်တန်းမှုကို ဦးတည်ထားပါ။

သင်သည် နံရံကို လက်နှစ်ဖက်နှင့် တွန်းသော ယောဂကိုယ်အနေအထား နှင့် Warrior II အမည်ရှိသော ကိုယ်အနေအထား နှစ်မျိုးကိုလည်း လေ့ကျင့်နိုင်ပါသည်။

အကယ်၍ အကြောင်းရင်းသည် Piriformis ကြွက်သားရောဂါစုဖြစ်လျှင် Piriformis ကြွက်သားလေ့ကျင့်ခန်းကို ပြုလုပ်နိုင်ပါသည်။ ထိုလေ့ကျင့်ခန်းတွင် စားပွဲခုံကို အထောက်အကူ ကိရိယာအနေနှင့် အသုံးပြုနိုင်ပါသည်။ (စားပွဲအစွန်းတွင် မတ်တပ်ရပ်ပါ။ ခြေတစ်ဖက်ကို ဆန့်တန်းပါ။ ကျန်တစ်ဖက်ကို တင်ပလင်ခွေသကဲ့သို့

ဒူး ကွေးပြီး စားပွဲပေါ် တင်လိုက်ပါ။)

ခါးကွေးပါ။

ခါးနောက်ပြန်ကွေးခြင်းသည် ပေါင်ကြွက်သား သွေးလည်ပတ်မှုကို ကောင်းစေပြီး နောက်ကျော သန်မာစေခြင်းအားဖြင့် စိုင်ယာတီကာ အကြောနာခြင်းကို သက်သာစေရန် ကူညီပေးသည်။

ကျိုင်းကောင် ကိုယ်အနေအထား’ ။ ။ ဤနည်းတွင် ကြမ်းပြင်၌ ဝမ်းလျားမှောက်ပါ။ လက်နှစ်ဖက်ကို ဘေးနှစ်ဖက်တွင် ဆန့်တန်းလိုက်ပါ။ လက်မောင်း၊ ရင်ဘတ်၊ ခြေထောက် တို့ကို ကြမ်းပြင် နဲ့ မထိအောင် မြှောက်ထားပါ။ မြှောက်ထားစဉ် အသက်ရှုသွင်းပါ။ အသက်ရှုထုတ်စဉ် ငြိမ်နေပါ။ ထို့နောက် အသက်ရှုသွင်းပြီး ခြေထောက်များကို ကားလိုက်ပါ။ အသက်ရှုထုတ်ပြီး ခြေထောက်များကို ပြန်စုလိုက်ပါ။ ထိုပုံစံအတိုင်း ငါးခေါက်လေ့ကျင့်ပါ။ ထို့နောက် သင့်ခန္ဓါကိုယ်ကို ကြမ်းပြင်ပေါ်ချလိုက်ပါ။

ရှောင်ရမည့် ကိုယ်အနေအထားများ

ယောဂလေ့ကျင့်ခန်းသည် စိုင်ယာတီကာ အကြောနာခြင်းကို သက်သာစေသော်လည်း သင်ရှောင်သင့်သော ကိုယ်ဟန်အနေအထားကျင့်စဉ် အချို့ရှိပါသည်။ ၎င်းတို့တွင် ကိုယ်ကို ရှေ့သို့ကိုင်းသော ကိုယ်အနေအထား ပါဝင်သည်။ သင်သည် စိုင်ယာတီကာ အကြောနာခြင်းကို ပိုဆိုးစေသော ကိုယ်အနေအထားအားလုံးကို ရှောင်ကြဉ်သင့်သည်။

ယေဘုယျအားဖြင့် ယောဂသည် စိုင်ယာတီကာ အကြောနာကို သက်သာစေသော အသုံးဝင်သော နည်းလမ်းတစ်ရပ်ဖြစ်သည်။ သို့သော် သင်သည် နေ့စဉ် ယောဂလေ့ကျင့်ခန်း မစခင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အကြံဉာဏ်တောင်းသင့်သည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Yoga, Stretching May Ease Lower Back Pain. http://www.webmd.com/back-pain/news/20111025/yoga-stretching-may-ease-lower-back-pain. Accessed January 13th, 2017.

 

Yoga More Effective Than Exercise for Low Back Pain. http://www.medscape.com/viewarticle/538451. Accessed January 13th, 2017.

 

Bikram Yoga to Alleviate Sciatica. http://www.livestrong.com/article/300613-how-to-open-a-bikram-yoga-studio/. Accessed January 13th, 2017.

ယခုပုံစံ

07/01/2022

Dr. K Zin Thwe မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်



Dr. K Zin Thwe မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement