လက်ပ်တော့ကို တစ်ချိန်လုံး အသုံးပြုရလို့ပဲဖြစ်ဖြစ်၊ တစ်ချိန်လုံး ဖုန်းသုံးလို့ဖြစ်ဖြစ်၊ ဂိမ်း တစ်ချိန်လုံး ဆော့လို့ဖြစ်ဖြစ် မျက်ရိုးကိုက်လာပါတယ်။ မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ရှင်းပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။
မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။
ခေါင်းကိုက်ခြင်းက အမျိုးအစားတွေ တော်တော်များများ ရှိပါတယ်။ ဒီလို ခေါင်းကိုက်မှုထဲမှာ မျက်ရိုးကိုက်တာကလည်း ခေါင်းကိုက်ခြင်း တစ်မျိုးပါပဲ။ စာတွေ အကြာကြီး ဖတ်ပြီးချိန် ဒါမှမဟုတ် ကွန်ပျူတာ စခရင်မ်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်ပြီးတဲ့နောက်မှာ မျက်ရိုးနဲ့အတူ ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။
ဒီလို မျက်ရိုးကိုက်တာကြောင့် ဖြစ်တဲ့ ခေါင်းကိုက်တာကို ခံစားရတဲ့အခါ မျက်ရိုးကိုက်တာနဲ့အတူ အမြင်အာရုံတွေ ဝေဝါးတာ၊ မျက်သားခြောက်တာ၊ ဇက်ကြောနာတာ၊ ပခုံးတောင့်တင်းတာ၊ မျက်လုံးနောက်ဘက်နားက ကိုက်သလို ဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။
မျက်ရိုးကိုက်တာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာက မျက်လုံးတွေကို အချိန်ကြာမြင့်စွာ မနားမနေ အသုံးပြုပြီးချိန်မှာ ခံစားရနိုင်ပါတယ်။ ခရီးတာဝေးဝေးကို ကားတောက်လျောက် မောင်းပြီးချိန်နဲ့ ကွန်ပျူတာ အပါအဝင် ဒစ်ဂျစ်တယ်ပစ္စည်းတွေကို အချိန်အကြာကြီး စိုက်ကြည့်ပြီးချိန်မှာ ခံစားရနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောကြရင် မျက်လုံးကို အားစိုက်ပြီး လုပ်ရတဲ့ ဘယ်အလုပ်တွေကြောင့်မဆဆို ဖြစ်တတ်ပါတယ်။
မျက်ရိုးကိုက်တာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာက တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပါတယ်။ ဒါပေမယ့် အရမ်းပြင်းထန်တယ်တော့ မဟုတ်ပါဘူး။ မျက်လုံးကို ပြည့်ပြည့်ဝဝ အနားယူပြီးချိန်မှာ မျက်လုံးက နေလို့ထိုင်လို့ ကောင်းသွားပြီး မျက်ရိုးကိုက်တာကနေစတဲ့ ခေါင်းကိုက်တာကို သက်သာစေနိုင်မှာပါ။