backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဦးနှောက် မှာပါတဲ့ အစိတ်အပိုင်းတွေရဲ့ အလုပ်လုပ်ပုံနဲ့ အဖြစ်များတဲ့ ရောဂါများအကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဦးနှောက် မှာပါတဲ့ အစိတ်အပိုင်းတွေရဲ့ အလုပ်လုပ်ပုံနဲ့ အဖြစ်များတဲ့ ရောဂါများအကြောင်း

ဦးနှောက် ဆိုတာ ကြီးမားပြီး ရှုပ်ထွေးတဲ့ အင်္ဂါရပ်ပါ။ အထဲမှာ ဆဲလ်ပေါင်း ၁၀၀ ဘီလီယံလောက် ရှိပြီး တစ်ခုနဲ့ တစ်ခုကို synapsesနဲ့ ဆက်သွယ်ပေးထားပါတယ်။ ဦးနှောက်ဟာ အရေးကြီး အစိတ်အပိုင်း ဖြစ်တဲ့အတွက် မထိခိုက်အောင် အပြင်ကနေ ဦးခေါင်းခွံနဲ့ ကာရံထားပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေ အားလုံးကို ထိန်းချုပ်ထားတဲ့အတွက် နေ့စဉ် အသက်ရှင်သန်ရေးအတွက် ဦးနှောက် ကျန်းမာနေဖို့ လိုပါတယ်။ ရှုပ်ထွေးလှတဲ့ ဦးနှောက်မှာ ဘာတွေပါပြီး ခန္ဓာကိုယ်ကို ဘယ်လိုများ ထိန်းချုပ်ထားပါလိမ့်။

ဦးနှောက်အစိတ်အပိုင်းနဲ့ လုပ်ငန်းတာဝန်များ

ဦးနှောက်ကြီး (Cerebrum)

နာမည်အတိုင်းပဲ ဦးနောက်အစိတ်အပိုင်းတွေထဲမှာ အကြီးဆုံးပါပဲ။ သူ့ကို ဘယ်ခြမ်းနဲ့ ညာခြမ်းဆိုပြီး ခွဲထားပါတယ်။ အလယ်မှာ မြောင်းလေးရှိပါတယ်။ တစ်ခြမ်းစီမှာ နောက်ထပ် အစိတ်အပိုင်း သေးသေးလေးတွေ ထပ်ခွဲထားပါသေးတယ်။ ဒါကို lobesလို့ ခေါ်ပါတယ်။

Frontal lobes – ဦးနှောက်ရဲ့ ရှေ့ဆုံးမှာရှိပြီး အပြုအမူတွေ၊ လှုပ်ရှားမှုတွေ၊ ပြဿနာဖြေရှင်းပုံတွေ၊ အစီအစဉ်ချမှတ်တာတွေ၊ စိတ်ခံစားမှုတွေကို ထိန်းချုပ်ပါတယ်။

Parietal lobes – Frontal lobesရဲ့ နောက်မှာ ရှိပြီး ခန္ဓာကိုယ်အနှံ့အပြားက လာတဲ့ ထိတွေ့ခံစားမှုတွေကို ပုံဖော်ပေးပါတယ်။

Temporal lobes – နားနဲ့ တစ်တန်းမှာ ရှိပြီး ပုံရိပ်တွေ မှတ်တာ၊ ဘာသာစကားတွေ မှတ်တာ၊ စိတ်ခံစားချက်တွေကို ပုံဖော်ပြီး တုံ့ပြန်တာ စတာတွေ လုပ်ပေးပါတယ်။

Occipital lobes – နောက်စေ့မှာရှိပြီး အမြင်အာရုံကို ပုံဖော်ပေးပါတယ်။ စာတွေဖတ်နိုင်ဖို့၊ စာလုံးတွေကို သိဖို့ ကူညီပေးပါတယ်။

ဦးနှောက်ဆံထုံး (Cerebellum)

ဦးနှောက်ရဲ့ အောက်နား (နောက်တွဲ ဆံထုံးထုံးတဲ့နေရာ) မှာ ရှိပါတယ်။ နောက်စေ့အောက်နားလေးတင်ပါ။ အသေးစိတ်လုပ်ရတဲ့ ကြွက်သားလှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးပါတယ်။ ဒါ့ပြင် ကိုယ်နေဟန်ထား၊ ဟန်ချက်ထိန်းတာ စတာတွေကိုလည်း ထိန်းချုပ်ထားပါတယ်။

 Diencephalon

ဦးနှောက်ရဲ့ အောက်ခြေအတွင်းဘက်မှာရှိပြီး အစိတ်အပိုင်း ၃ခုပါပါတယ်။

သလမတ်စ် (Thalamus) – ဦးနှောက်ကို အချက်ပြလှိုင်းတွေ သယ်ပို့ပေးပါတယ်။ အသိစိတ်၊ အိပ်စက်ခြင်းနဲ့ မှတ်ဉာဏ်ကို ထိန်းချုပ်ထားပါတယ်။

အက်ပီသလမတ်စ် (Epithalamus) – limbic စနစ်နဲ့ ဦးနှောက်နဲ့ကို ဆက်သွယ်ပေးပါတယ်။ limbic စနစ်ဆိုတာ စိတ်ခံစားမှု၊ ရေရှည်မှတ်ဉာဏ်နဲ့ အပြုအမူပိုင်းဆိုင်ရာတွေကို ထိန်းချုပ်ပေးတဲ့  ဦးနှောက်အစိတ်အပိုင်း တစ်ခုပါ။

ဟိုက်ပိုသလမတ်စ် (Hypothalamus) – ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေကို မျှတအောင် ထိန်းပေးတဲ့ နေရာပါ။ ဥပမာ အိပ်စက်ခြင်း၊ နိုးထခြင်း၊ ဆာလောင်ခြင်း၊ ပြည့်အင့်ခြင်း၊ ကိုယ်အပူချိန်၊ ဟော်မုန်းထုတ်လုပ်ခြင်း စတာတွေကို ထိန်းချုပ်ပေးထားပါတယ်။

ဦးနှောက်မြီး (Brain stem)

ဦးနှောက်ဆံထုံးရဲ့ ရှေ့မှာရှိပြီး ကျောရိုးအာရုံကြောမကြီးနဲ့ ဆက်သွယ်ထားပါတယ်။ ၃ပိုင်း ရှိပါတယ်။

ဦးနှောက်အလယ် (Midbrain) – မျက်လုံး လှုပ်ရှားမှုကို ထိန်းချုပ်ထားပြီး အမြင်အာရုံနဲ့ အကြားအာရုံကို ပုံဖော်ပေးပါတယ်။

Pons – ဦးနှောက်မြီးရဲ့ အကြီးဆုံး အစိတ်အပိုင်း ဖြစ်ပြီး ဦးနှောက်အလယ်ရဲ့ အောက်မှာ ရှိပါတယ်။ သူ့မှာ ဦးနှောက်နေရာအနှံ့အပြားကို ဆက်သွယ်ပေးတဲ့ အာရုံကြောတွေ အများကြီး ရှီပါတယ်။

Medulla oblongata – ဦးနှောက်ရဲ့ အောက်ဆုံးအပိုင်းပါ။ နှလုံးနဲ့ အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ပေးပါတယ်။ ဥပမာ အသက်ရှူတာ၊ နှာချေတာ၊ မျိုချတာ စတဲ့အလုပ်တွေပါ။

ဦးနှောက်မှာ အဖြစ်များတဲ့ ရောဂါများ

ဦးနှောက်မှာ အဖြစ်များတဲ့ ရောဂါတွေကို အုပ်စုခွဲကြည့်မယ်ဆိုရင်

  • ထိခိုက်ဒဏ်ရာ – မတော်တဆဖြစ်တာ၊ အရိုက်ခံရတာကြောင့် ခေါင်းကွဲတာ
  • ပိုးဝင်ကူးစက်တာ –  ဦးနှောက်အမြှေးပါးရောင်တာ၊ ဦးနှောက်ရောင်တာ၊ ပိုလီယို၊ ဦးနှောက်ပြည်တည်နာ
  • အသက်ကြီးလို့ ဦးနှောက်ပျက်စီးတာ – ပါကင်ဆန်ရောဂါ၊ အယ်ဇိုင်းမားရောဂါ
  • ဦးနှောက်ပုံစံမမှန်တာ – မျက်နှာတစ်ခြမ်းရွဲ့တဲ့ Bell’s palsy၊ ကျီးပေါင်း၊ အစွန်အဖျား အာရုံကြောရောဂါ
  • ဦးနှောက်အကျိတ် – ကင်ဆာအကျိတ်တွေ၊ ရိုးရိုးအကျိတ်တွေ
  • သွေးကြောရောဂါ – လေဖြတ်တာ၊ လေဖြန်းတာ၊ ဦးနှောက်တွင်း သွေးယိုတာ
  • ဦးနှောက်ကောင်းကောင်း အလုပ်မလုပ်နိုင်တာ – အတက်ရောဂါ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ
  • ခုခံအားကမောက်ကမဖြစ်တဲ့ ရောဂါ (Autoimmune disorders)

ဦးနှောက်နဲ့ အာရုံကြောရောဂါတွေရဲ့ လက္ခဏာများ

ဦးနှောက်နဲ့ အာရုံကြောမှာ ရောဂါတစ်ခုခုရှိနေပြီဆိုရင် အောက်ကလက္ခဏာတွေ ခံစားရတတ်ပါတယ်။

  • နာတာရှည် ခေါင်းကိုက်တာ၊ ရုတ်တရက် ပြင်းပြင်းထန်ထန်ကိုက်တာ
  • သာမန်ကိုက်နေကြ ပုံစံနဲ့ မတူတာ
  • ထုံတာ၊ ကျဉ်တာ
  • ကြွက်သားတွေ အားပျော့လာတာ
  • အမြင်အာရုံ ချို့ယွင်းတာ၊ နှစ်ထပ်မြင်တာ
  • မှတ်ဉာဏ်ချို့ယွင်းတာ
  • အာရုံစူးစိုက်မရတာ
  • ကြွက်သားတွေ တောင့်လာတာ၊ ကြုံလှီလာတာ
  • ခြေတုန်၊ လက်တုန်
  • အတက်ရောဂါ
  • ခါးနာရာကနေ ခြေထောက်ထိ ဆင်းသွားတာ
  • စကားတွေ မပီတာ
  • ပြောနေကြ စကားလုံးတွေ မေ့သွားတာ စတာတွေပဲ ဖြစ်ပါတယ်။

ဒီလက္ခဏာတွေက တခြားရောဂါတွေမှာလည်း တွေ့နိုင်တယ်ဆိုပေမယ့် ရုတ်တရက် ပြင်းပြင်းထန်ထန် ခံစားရရင်၊ ကြာလာလေလေ ပိုဆိုးလေလေဆိုရင် ဆရာဝန်နဲ့ ပြသပြီး ရောဂါအဖြေရှာသင့်ပါတယ်။

Takeaways

ဦးနှောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ အရေးကြီးတဲ့ အင်္ဂါရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဦးနှောက်နဲ့ အာရုံကြောရောဂါတွေရဲ့ လက္ခဏာတွေကို မှတ်ထားပြီး တစ်ခုခုမူမမှန်တာရှိရင် ဆရာဝန်နဲ့ ပြသဖို့ အကြံပြုလိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement