brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သုက်ရည်နှင့် ဓာတ်မတည့်ခြင်း

သုက်ရည်ဟာ မျိုးပွားမှုမှာ အဓိကကျတဲ့ ပါဝင်ပစ္စည်းဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ ဓာတ်မတည့်မှုဝေဒနာမျိုးဖြစ်စေနိုင်ပါတယ်။ ပုံမှန်ဖြစ်နေကျ ရောဂါအမျိုးအစားမဟုတ်ပဲ ရှားပါးတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

သုက်ရည်နှင့် ဓာတ်မတည့်ခြင်း

သုက်ရည်နဲ့ ဓာတ်မတည့်မှုကို Semen Allergy လို့ အလွယ်တကူခေါ်ဆိုကြပြီး ဆေးပညာမှာတော့ Human Seminal Plasma Hypersensitivity (HSP) လို့ ခေါ်ပါတယ်။ သုက်ရည်ဓာတ်မတည့်မှုလို့ အလွယ်တကူပြောဆိုကြပေမယ့် တကယ်တမ်းအားဖြင့် သုက်ရည်နဲ့ သုက်ပိုးတွေမှာ အဓိကပါဝင်ပစ္စည်းအဖြစ်ပါဝင်နေတဲ့ ပရိုတိန်းနဲ့ ဓာတ်မတည့်မှုဖြစ်ပါတယ်။

အဆိုပါဓာတ်မတည့်မှုဟာ အမျိုးသမီးတွေမှာ အများဆုံးဖြစ်ပွားလေ့ရှိပြီးတော့ အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံတည်းမှာတင် Semen Allergy ဝေဒနာခံစားနေရသူ အမျိုးသမီး ၄၀၀၀၀ ကျော်ရှိပါတယ်။

ဒီရောဂါရဲ့အကြောင်းကို သိရှိလာကြတာက မကြာသေးပါဘူး။ ဒါကြောင့် တချို့အချက်အလက်တွေကို တိတိကျကျ မသိရှိသေးတာတွေရှိနေပါသေးတယ်။ အမျိုးသားတွေအနေနဲ့ သူများကိုယ်ကထွက်တဲ့ သုက်ရည်နဲ့သာမက ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲက ထွက်ရှိတဲ့ သုက်ရည်ကြောင့်ပါ ဓာတ်မတည့်မှုဖြစ်နိုင်တယ်ဆိုတာပါပဲ။

သုက်ရည်နဲ့ဓာတ်မတည့်မှု လက္ခဏာများ

Semen Allergy ဝေဒနာရှိသူတစ်ယောက်ဟာ သာမန်ဓာတ်မတည့်တဲ့အခြေအနေမျိုးမှာ အောက်ပါ လက္ခဏာတွေ ပြသနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ဓာတ်မတည့်သူတစ်ယောက်ဟာ (သုက်ရည်ထိမိတဲ့) ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ

အမျိုးသမီးတွေအနေနဲ့ သတိထားသင့်တဲ့အချက်ကတော့ သုက်ရည် မိန်းမကိုယ်ထဲမှာကျန်ခဲ့ရင် မိန်းမကိုယ်အတွင်းထဲအထိ အဆိုပါဝေဒနာတွေ ခံစားရနိုင်တာပါပဲ။ အမျိုးသားတွေအနေနဲ့လည်း ကိုယ့်မှာ အဆိုပါဝေဒနာရှိနေရင် လိင်အင်္ဂါမှာ အထက်ပါ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ရှားပါးတဲ့ လက္ခဏာတွေဖြစ်ပေမယ့် ပြင်းထန်စွာ ပင်ပန်းနွမ်းနယ်တာ၊ ဖျားနာတာနဲ့ ကိုယ်ပူတာတွေလည်း ဖြစ်တတ်ပါတယ်။

လိင်ဆက်ဆံမှုအနေအထားပေါ်မူတည်ပြီး အောက်ပါ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ Semen Allergy ရဲ့ လက္ခဏာတွေပြသလာနိုင်ပါတယ်။ ဒါတွေကတော့

  • လက်၊
  • ပါးစပ်၊
  • ရင်ဘတ်၊
  • စအိုနဲ့
  • လိင်အင်္ဂါတွေမှာဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေအားလုံးဟာ ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး မိနစ် ၂၀ နဲ့ ၃၀ ပတ်ဝန်းကျင်လောက်ကနေပြီး ရက်ပေါင်းများစွာအထိ ခံစားနိုင်ပါတယ်။

ပိုမိုဆိုးရွားပြင်းထန်တဲ့ အခြေအနေတွေလည်းရှိပြီးတော့ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ပြင်းထန်တဲ့ဓာတ်မတည့်မှုအခြေအနေမျိုးကိုတော့ Anaphylaxis symptoms လို့ခေါ်ပါတယ်။ Anaphylaxis အခြေအနေမှာဆိုရင်တော့ အောက်ပါလက္ခဏာတွေ ပြသနိုင်ပါတယ်။

ဒီလက္ခဏာတွေကတော့ အလွန်ပြင်းထန်ဆိုးရွားပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အခြေအနေမျိုးကို ဖော်ပြနေတဲ့ လက္ခဏာတွေဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Semen Allergy ဟာ အပျိုလူပျိုဖော်ဝင်ပြီးနောက်ပိုင်း အသက်အရွယ်မရွေးမှာ ဖြစ်နိုင်ပေမယ့် လေ့လာချက်တွေအရဆိုရင်တော့ အသက် ၃၀ ဝန်းကျင်မှာမှ သတိထားမိကြတာများတယ်လို့ ဆိုထားပါတယ်။

ရောဂါရှိမရှိ ဘယ်လိုသိနိုင်မလဲ

ပုံမှန်အားဖြင့်တော့ သုက်ရည်နဲ့ထိမိချိန်မှာ ဓာတ်မတည့်မှုလက္ခဏာတွေ ပြသလာရင် ဒီရောဂါရှိနေတယ်လို့ ယူဆနိုင်ပါတယ်။ ဒီလိုဆိုရင်ဖြင့် သက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ ပြသပြီး ကုသဖို့လိုအပ်ပါတယ်။

ဒါပေမယ့် ရောဂါလက္ခဏာတွေဟာ တခြားသော လိင်အင်္ဂါဆိုင်ရာရောဂါတွေနဲ့ဆင်တူနေတာမို့ လူနာရော၊ ဆရာဝန်ပါ မှားယွင်းကောက်ချက်ချတာမျိုးတွေ ရှိနိုင်တာမို့ ရောဂါလက္ခဏာတွေကို တိတိကျကျပြောဆိုနိုင်ဖို့ အထူးအရေးကြီးပါတယ်။ Semen Allergy နဲ့ လက္ခဏာခြင်းဆင်တူတဲ့ ရောဂါတွေကတော့

  • Chlamydia or Herpes
  • Chronic vaginitis
  • Yeast infection
  • Bacterial vaginosis တို့ပါပဲ။

ဘယ်လိုကုစားနိုင်သလဲ

လက်ရှိမှာ Semen Allergy ဝေဒနာရှိသူတွေကို ဝေဒနာခံစားရမှုကို လျှော့ချတဲ့နည်းလမ်းနဲ့ ကြိုတင်ကာကွယ်တဲ့နည်းလမ်းတွေကို အသုံးပြုပြီး ကုစားပေးနေကြပါတယ်။

အကောင်းဆုံးနည်းလမ်းအဖြစ် လက်ခံထားတာကတော့ လိင်ဆက်ဆံတိုင်းမှာ ကွန်ဒုံးအသုံးပြုတဲ့နည်းလမ်းဖြစ်ပါတယ်။ ကိုယ့်မှာ ဒီရောဂါရှိနေတယ်ဆိုရင် ပါးစပ်နဲ့ လိင်ဆက်ဆံချိန်မှာပါ အကာအကွယ်အသုံးပြုဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အသုံးပြုပြီး လိင်ဆန္ဒပြီးမြောက်စေတာမျိုးတွေကိုလည်း သတိထားရှောင်ကျဉ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီအချက်ဟာ အလွန်အရေးကြီးတဲ့အချက်ဖြစ်တယ်လို့ ဆရာဝန်တွေကဆိုပါတယ်။

ခြုံငုံပြောရမယ်ဆိုရင် Semen Allergy ဟာ ရှားပါးပေမယ့် အန္တရာယ်များတဲ့ ရောဂါတစ်ခုဖြစ်တာမို့ သတိထားသင့်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး လျှင်မြန်စွာ ကုစားသင့်တဲ့ရောဂါအမျိုးအစားတစ်မျိုးလည်းဖြစ်တယ်ဆိုတာပါပဲ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/09/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။